သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဖော်ထုတ်ရဲတဲ့ အမှန်တရား (သို့မဟုတ်) တရားခံကို ကာကွယ်တဲ့ ရှင်းလင်းပွဲ


တိုက်ရိုက် လင့်ခ်


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ NLD ဥပဒေအကြံပေးအဖွဲ့ဝင် ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်လို့ အာဏာပိုင်တွေ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲဟာ အမှန်တရားကို ရှင်းလင်းတာထက် ဖြစ်မှုကျူ းလွန်သူတွေကို ကာကွယ်ပြောကြားနေသလိုသာ ပိုဖြစ်နေတယ်လို့ တချို့ကသုံးသပ်ကြပါတယ်။ ယခင်မြန်မာသတင်း သမဂ္ဂဥက္ကဋ္ဌ ဦးမောင်မောင်မြင့်၊ အာရှလူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေဦးမင်းလွင်ဦးတို့ နဲ့ ဦးကျော်ဇံသာတို့က ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးမောင်မောင်မြင့် ။ ။ ဒီမှုခင်းရဲ့ ဖြစ်စဉ်ကို ပြောပြထားတာတွေကတော့ သတင်းသမားတွေအတွက် အတော်အတန် အသုံးဝင်ပါလိမ့်မယ်။ သို့သော်လဲပဲ တချို့တချို့သောအချက်တွေက သတင်းသမားတွေ ကိုယ်တိုင်က စုံစမ်းထောက်လှမ်းပြီးသာ အချက်တွေလည်းဖြစ်တယ်။ နောက်ပြီးတော့ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေထဲမှာ တချို့အရာတွေဟာ သတင်းသမားတွေရဲ့ သတင်းကို မှီပြီးတော့ လိုက်တဲ့သဘောမျိုးတွေလည်း ရှိသလို၊ Social Media ပေါ်က သတင်းတွေကို လိုက်ပြီးတော့ လုပ်ထားတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့လို့ ရဲတပ်ဖွဲ့အနေနဲ့ ဒါတွေကို တင်ပြတဲ့နေရာမှာ မှုခင်းရဲ့ ဖြစ်စဉ်ကို တင်ပြတဲ့သဘောမျိုးထက် ကျော်လွန်ပြီးတော့ တရားခံရဲ့ ရှေ့နေသဘောမျိုးနဲ့ လောလောဆယ်ရှိနေတဲ့ တရားခံတွေဘက်ကနေ ကာကွယ်ပြီး ပြောသွားတာတွေလည်း တွေ့ရပါတယ်။ Social Media ပေါ်မှာကို သတင်းစာရှင်းလင်းပွဲရဲ့ အနှစ်သာရကို လူတွေက တော်တော်လေး မကျေနပ်ကြဘူး။ ပြီးတော့ သံသယလည်း ရှိကြတယ်။ တစုံတရာကို ဖုံးကွယ်ဖို့ ကြိုးစားနေတယ်လို့လည်း လူတော်တော်များများက ထင်မြင်ချက်ပေးနေတာကို ကျနော်တို့ သတိထားမိပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးမင်းလွင်ဦး ခင်များ … ရှေ့နေတယောက်အနေနဲ့ ဦးမောင်မောင်မြင့် ပြောတဲ့အထဲမှာ သတင်းစာရှင်းလင်းပွဲလုပ်တဲ့ ပုဂ္ဂိုလ်တွေဟာ အမှုအကြောင်း ပြည်သူကို အသိပေးနေတာထက် တရားခံရှေ့နေလို ဟိုဘက်က ကာကွယ်ပြီးတော့ ပြောနေတဲ့သဘော တွေ့ရတယ်လို့ ဆိုပါတယ်။ အဲဒီအချက် အပါအဝင် ဒီသတင်းစာရှင်းလင်းပွဲကို ဘယ်လောက် ထိရောက်တန်းဖိုးရှိတဲ့ သတင်းစာ ရှင်းလင်းပွဲလို့ သုံးသပ်ပါသလဲ။

ဦးမင်းလွင်ဦး ။ ။ ဘာမှ ထူးခြားတဲ့ သတင်းအချက်အလက်တွေ ပြည်သူကို ချမပြနိုင်တဲ့အပြင် ပြည်သူတွေကို မလေးမစား ပြုလုပ်ရာရောက်တယ်လို့တောင် ပြောလို့ရပါတယ်။ ဘာကြောင့် သတင်းစာရှင်းလင်းပွဲ လုပ်သလဲဆိုတာကို ကျနော်တို့ ပြန်စဉ်းစားမယ်ဆိုရင် ပြစ်မှုဆိုင်ရာ ကျင့်သုံးဥပဒေအရ ရမန်ကြီးနှစ်ပတ် ပြည့်သွားတဲ့အခါမှာ တရားရုံးကို တရားစွဲဆိုတင်ပို့ရတော့မယ်။ တရားစွဲဆို တင်ပို့တဲ့အခါမှာ ဘယ်အချက်တွေကို အခြေခံပြီး တင်ပို့ရမလဲဆိုတာတွေကို ဖော်ပြရတော့မှာဖြစ်တယ်။ အဲဒီလို ဖော်ပြရမယ့် အချက်အလက်တွေ အခြေခံပြီးတော့ လုပ်တဲ့သတင်းစာ ရှင်းလင်းပွဲတောင်မှ မဟုတ်ဘဲနဲ့ အစောက ဆရာဦးမောင်မောင်မြင့် ပြောသလိုမျိုး တရားခံတွေဘက်က ခုခံကာကွယ်ပြီးတော့ ပြောတဲ့ပုံစံမျိုးတွေကိုလည်း ကျနော်တို့ မြင်ရတယ်။ အဲဒီတော့ တကယ်တမ်း သတင်းစာ ရှင်းလင်းပွဲ လုပ်မယ်ဆိုရင် ပြည်ထဲရေးရဲ့ လက်အောက်မှာရှိတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က တာဝန်ရှိတဲ့သူက ရဲလုပ်ထုံးလုပ်နည်းအရ ဘယ်လိုစစ်ဆေးဆောင်ရွက် စီမံနေပါတယ်ဆိုတဲ့ ကိစ္စကို ပြောရမှာဖြစ်တယ်။ အဲဒီတော့ မြန်မာနိုင်ငံရဲချုပ်က ဘာမှမပြောဘဲနဲ့ တပ်မတော်အရာရှိကနေ ဒီကိစ္စကို ဝင်ပြီးတော့ ပြောနေတယ်ဆိုကတည်းကိုက ရဲလုပ်ငန်းတွေ တော်တော်များများမှာ တပ်မတော်က အထက်ကနေ စီမံအုပ်ချုပ်နေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်သာတဲ့ အချက်အလက်တခု ဖြစ်တယ်။ ပြည်သူတွေအနေနဲ့ ပိုပြီးသံသယကြီးထွားစေမယ့် အချက်အလက်ဖြစ်တယ်ဆိုတာကို တွေ့ရတယ်။ နောက်ပြီးတော့တခါ ပြည်သူတွေက ဖမ်းပေးတယ်။ ပြည်သူတွေက သတင်းပေးတယ်။ ရဲက သွားဖမ်းရုံပဲ။ အဲဒီလိုမျိုး အခြေအနေမှာ အခုဖမ်းမိပြီးတဲ့ဥစ္စာတောင်မှ ဒီအမှုကို ဘယ်လောက်အဆင့်ထိရောက်အောင် ကျနော်တို့ စစ်ဆေးနေပြီဆိုတာကို ပြည်သူတွေကို မတင်ပြနိုင်တာကတော့ တော်တော်ဝမ်းနည်းဖို့ကောင်းတဲ့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ လုပ်ထုံးလုပ်နည်းလို့ပဲ ကျနော်က မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တကယ် Motive က ဘာလဲ။ ဘယ်လို ရည်ရွယ်ချက်နဲ့ ဒီပြစ်မှုကို ကျူးလွန်ရသလဲ။ နောက်မှာ ဘယ်သူတွေ အဆက်အသွယ်ရှိသလဲ။ ဒီဟာတွေက အရေးကြီးတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ သူတို့ သုံးလေးငါးယောက် သဘောနဲ့ လူငယ်ဘာဝ မုန်းတီးခံပြင်းပြီးတော့ လုပ်တယ်ဆိုတာတွေ တယောက်တပေါက် ဝန်ကြီးလုပ်တဲ့လူ ပြောတာကြတော့ အမျိုးသားစိတ်ဓါတ် အလွန်အကျွံ စိတ်ပေါက်လာတဲ့ ပုံစံမျိုးလည်းပါတယ်လို့ ထင်ပါတယ်။ ဒီကိစ္စတွေကို ဦးမောင်မောင်မြင့် ဘယ်လို သဘောရပါလဲ။

ဦးမောင်မောင်မြင့် ။ ။ ပထမဆုံးအချက်ကတော့ ကျနော်တို့ မီဒီယာသမားတွေအနေနဲ့ မေးပိုင်ခွင့်ရှိတယ်ဆိုတာကို တိတိပပသိပြီးတော့၊ တိတိပပကျင့်သုံးနိုင်ဖို့ လိုပါတယ်။ အဲဒီလို ရှိဖို့အတွက်လည်း အစိုးရက ဥပဒေတွေ ထုတ်ပြန်ထားဖို့ လိုပါတယ်။ ကျနော်တို့ Rights to Information Law or Act အဲဒါတွေက သတင်းလွတ်လပ်ခွင့် ရှိစေရမည်ထက် အမျိုးသားလုံခြုံရေးနဲ့ ပတ်သက်တဲ့ သတင်းတွေကိုကြတော့ သူတို့က ထိန်ချန်လို့ရတယ်ဆိုတဲ့သဘောမျိုး ခြွင်းချက်ပေးထားပါတယ်။ နောက်တခုကတော့ ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုလည်း သတင်းမထုတ်ပြန်ဘဲ ထားနိုင်တယ်ဆိုတဲ့ သဘောမျိုး ပြောထားတာရှိပါတယ်။ အဲဒီတော့ ပြဿနာက ဘာလဲဆိုတော့ အမျိုးသားလုံခြုံရေးဆိုတဲ့ဟာကိုလည်း အသေအချာ အဓိပ္ပါယ်မဖွင့်ဆိုထားဘူး။ ထင်ရှားတဲ့ ပုဂ္ဂိုလ်များဆိုတဲ့ အချက်ကိုလည်း အသေအချာ အဓိပ္ပါယ်မဖွင့်ထားဘူး။ မဖွင့်ထားတဲ့အတွက်ကြောင့် ကျနော်တို့ သတင်းသမားတွေအနေနဲ့က သတင်းကို မေးတဲ့အခါမှာ ဥပမာဆိုကြပါစို့ အခုဖြစ်တဲ့ ဦးကိုနီမှုခင်းရဲ့ နောက်ကွယ်မှာ အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေ ပါမယ်ဆိုရင် သတင်းသမားတွေက မေးရတာ အခက်အခဲ ဖြစ်ပါတယ်။ နောက်တခုကတော့ အရင်တုန်းက ဥပဒေတွေကို ဆိုကြပါစို့ တာဝန်ဝတ္တရားကို အနှောင့်အယှက်ပြုတယ်ဆိုတဲ့ စွဲချက်နဲ့ တင်တဲ့ဥပဒေမျိုး။ ဒါမျိုးတွေကလည်း သတင်းသမားတွေရဲ့ ခြေကိုချုပ်ထားသလို၊ နှုတ်ကိုချုပ်ထားသလို ဖြစ်ပါတယ်။ ဆိုတော့ ကျနော် မြင်တာကတော့ ဒီသတင်းစာ ရှင်းလင်းပွဲမှာ သွားပြီးတော့ သတင်းမေးနေတဲ့ သတင်းသမားတွေက အကန့်အသတ်တွေ၊ အချုပ်အချယ်တွေကြားထဲကနေ မေးရသလို ဖြစ်တယ်လို့ ကျနော် ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးမင်းလွင်ဦး ခင်များ … အခုနက ဦးမောင်မောင်မြင့်ပြောတဲ့ Rights to Information ဥပဒေနဲ့ ပတ်သက်ပြီးတော့ ဥပဒေသမားတယောက်ကို မေးချင်ပါတယ်။ တချို့နိုင်ငံတကာ ဥပဒေတွေကို ကြည့်မယ်ဆိုရင်လဲ Rights to Information ဟာ ပြည်သူမှာ သတင်းအချက်အလက်တွေကို သိပိုင်ခွင့်ရှိတယ်။ သတင်းအချက်အလက်တွေဆိုတာ ပြည်သူသိဖို့ထားတာ ဆိုပြီးတော့ ပြောကြပါတယ်။ သို့သော်လဲပဲ အမျိုးသားရေး အကျိုးစီးပွားနဲ့ ပတ်သက်တဲ့ဟာတွေ၊ အများပြည်သူ လုံခြုံရေးကို ထိခိုက်နိုင်တယ့်ကိစ္စတွေဆိုလိုရှိရင် ဒါကိုတော့ အကန့်အသတ်နဲ့ ထိန်ချန်ထားနိုင်တယ်လို့ ဆိုပါတယ်။ ဆိုတော့ အခုမြန်မာနိုင်ငံမှာကြတော့ အတိအကျ မပြောကြဘဲနဲ့ ဝေ့လည်ကြောင်ပတ် လုပ်နေတယ်ဆိုတာ ဒီလို ထိခိုက်နိုင်တဲ့ အခြေအနေမျိုးရှိလို့ လုပ်တယ်လို့ အကောင်းမြင်လို့ ရမလား။

ဦးမင်းလွင်ဦး ။ ။ အဲဒီလို သုံးချင်လို့ ရပုံတော့မရဘူးဗျ။ တာဝန်ခံပြီးတော့ သတင်းစာရှင်းလင်းပွဲ လုပ်နေတဲ့လူတွေ ကိုယ်တိုင်ကိုယ်က သတင်းအချက်အလက်မှန်ကို ပြည်သူတွေကို ပေးရမယ်ဆိုတာကိုတောင် နားလည်ပုံ မရဘူးလို့ ကျနော် မြင်တယ်။ နောက်ပြီးတော့ လူမှုကွန်ရက်တွေ ဖွင့်ပေးရုံလောက်နဲ့ သူတို့က ဒါ သတင်းလွတ်လပ်ခွင့် ပေးလိုက်ပြီ။ လုံလောက်ပြီလို့ ထင်ပုံရတယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် အဓိက တာဝန်ယူတဲ့သူတွေက စစ်တပ်နဲ့ ပြည်ထဲရေးဌာနရဲ့ သတင်းထုတ်ပြန်ဖို့ ပေးတဲ့အခြေခံပေါ်မှာပဲ ထုတ်ပေးရတဲ့ အခြေအနေမျိုး ဖြစ်တယ်ဆိုတာကို တွေ့ရတယ်။ နိုင်ငံတော်အကျိုးစီးပွားနဲ့ဆိုင်တဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေ၊ တိုင်းတပါးနဲ့ စစ်မက်ဖြစ်ပွားနိုင်တဲ့ ကိစ္စရပ်မျိုးတွေ၊ နောက်ပြီးတော့ ပြည်တွင်းမငြိမ်မသက် ဖြစ်စေနိုင်တဲ့ ကိစ္စရပ်မျိုးတွေကို အကန့်အသတ်နဲ့ သတင်းမထုတ်ပြန်ဘဲ ထားတာကို ကျနော်တို့ လက်ခံလို့ရတယ်။ ဒါတောင်မှ တချို့နိုင်ငံတွေမှာဆိုရင် နှစ်အကန့်အသတ်နဲ့ (၅) နှစ်၊ (၁၀) နှစ်၊ (၁၅) နှစ်၊ အနှစ် (၂၀) စတဲ့ ကန့်သတ်ချက်တွေနဲ့ သူတို့ အဲဒီသတင်းတွေကို ထုတ်ပြန်ပေးရတာ ဖြစ်တယ်။ အခု ကျနော်တို့ မြန်မာနိုင်ငံမှာ အစောက ဦးမောင်မောင်မြင့် ပြောသလိုပဲ သတင်းထုတ်ပြန်ခွင့်နဲ့ ပတ်သက်လို့ တိကျတဲ့ ဥပဒေ ပြဌာန်းထားတာ မရှိသေးဘူး။ နောက်ပြီးတော့ ပြည်သူတွေအပေါ်မှာ သတင်းစီးဆင်းမှုနဲ့ ပြည်သူတွေ သတင်းရယူပိုင်ခွင့်ပေါ်မှာလည်း သတ်မှတ်ပြီးတော့ ပြဌာန်းထားတာ မရှိတဲ့ဥစ္စာက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ လွတ်လပ်စွာ ရေးသားနိုင်ခွင့်ကို တဘက်က ဖွင့်ထားသလိုနဲ့ ကန့်သတ်ထားသလို ဖြစ်နေတယ်လို့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု သူတို့ သတင်းကို ထိန်ချန်ပြီးတော့ လုပ်ရတဲ့ကိစ္စမှာ လူတွေက သံသယ ရှိနေကြတယ်။ သူတို့ရဲ့နောက်မှာ ဒီထက်အရေးကြီးတဲ့ လူတွေ ပါနိုင်အုံးမယ်။ ဒါထက် အဓိကကျတဲ့လူတွေပါနေအုံးမယ်လို့ လူတွေက ထင်ကြေးပေးပြီး ပြောနေကြ၊ ရေးနေကြပါတယ်။ အခု ထိန်ချန်ပြီးတော့ ပွင့်ပွင့်လင်းလင်း မပြောတဲ့အခါကြတော့ ပြည်သူတွေ ထင်ယောင်ထင်မှား ဖြစ်နေတာ ပိုမှန်သွားပြီလို့ သက်သေပြသလို မကျသွားဘူးလား။

ဦးမင်းလွင်ဦး ။ ။ ဟုတ်တာပေါ့။ အဲဒါက အဓိကပေါ့။ သူတို့ပြောနေတဲ့ တပ်မတော်နဲ့ အစိုးရကြားမှာ မယုံမကြည်ဖြစ်အောင်။ တပ်မတော်နဲ့ ပြည်သူတွေကြားမှာ သံသယတွေဝင်အောင် အဲဒီလိုမျိုး မဖြစ်စေချင်ဘူးဆိုရင် သတင်းအချက်အလက်တွေကို မှန်ကန်စွာ ထုတ်ပြန်ပေးလိုက်ရင် ပြည်သူတွေက ဒီတပ်မတော်က ဒါတွေကို ဆောင်ရွက်ပေးနေပါလား။ အစိုးရက ဒါတွေ ဆောင်ရွက်ပေးနေပါလားဆိုပြီး ပြည်သူတွေအနေနဲ့ စိတ်ကျေနပ်မှု တစုံတရာ ကျေနပ်ရသွားနိုင်တယ်။ အခုတော့ အဲဒီလို မဟုတ်ဘဲနဲ့ လူငယ်သဘာဝ၊ မျိုးချစ်စိတ်အစွန်းရောက်ပြီးတော့ ဒါတွေလုပ်ဆောင်မိတဲ့အတွက် မှားတယ်။ တပ်မတော် ထောက်လှမ်းရေးက အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်ဘူး စတဲ့ မဆိုင်တာတွေ လျှောက်ပြောနေတဲ့ဟာ ကျနော်တို့ နားထောင်နေတဲ့သူတွေတောင်မှ နားထောင်ရင်နဲ့ တော်တော်ဒေါသဖြစ်တဲ့ သတင်းစာရှင်းလင်းပွဲ ဖြစ်တယ်လို့ပဲ ကျနော်ကတော့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တချက်က အခု သတင်းထုတ်ပြန်တာ ပြည်ထဲရေးက ဖြစ်နေတယ်။ ပြည်ထဲရေးက စစ်တပ်ရဲ့အောက်မှာရှိတဲ့ ဌာန။ သူတို့ ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုယ်တိုင် တက်ပြီးတော့ ပြောတယ်ဆိုတော့ ဒါဟာ ထုတ်ပြန်တဲ့ဌာနအားဖြင့်လည်း အစိုးရပြန်ကြားရေးတွေ ရှိရက်သားနဲ့ အဲဒီဘက်က မလုပ်ဘူး။

ဦးမောင်မောင်မြင့် ။ ။ အစောပိုင်းတွေမှာ အမှုဖြစ်စဉ်ရဲ့ အစောပိုင်းကာလတွေမှာ၊ အစောပိုင်ကဏ္ဍတွေမှာ သမ္မတရုံးကနေ တာဝန်ယူပြီးတော့ သတင်းထုတ်ပြန်တာမျိုးတွေ ရှိပေမယ့်လို့ အခုကြတော့ တကယ်ကို အရေးကြီးတဲ့ သတင်းစာရှင်းလင်းပွဲကြတော့ ရဲချုပ်ကို တာဝန်ပေးပြီးတော့ ဒါမှမဟုတ် သူတို့ သတင်းထောက်လှမ်းကြတဲ့ တပ်မတော်အဖွဲ့ဝင်တွေကို တာဝန်ပေးပြီးတော့ ပြောခိုင်းတဲ့ဟာ တစုံတခုတော့ ထူးခြားတယ်လို့ ကျနော် မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သမ္မတရုံးကနေ သတင်းထုတ်ပြန်ပြီဆိုရင် အဲဒီသတင်းနဲ့ ပတ်သက်ပြီးတော့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီးတော့ သူတို့ကိုယ်တိုင် တာဝန်ယူရပါတယ်။ အရပ်သားအစိုးရဘက်က တာဝန်ယူရပါတယ်ဆိုတဲ့ သဘောပါ။ အခုကြတော့ ဘာကြောင့် အရပ်သားအစိုးရက တာဝန်ယူပြီးတော့ သမ္မတက တာဝန်ယူပြီးတော့ မထုတ်ပြန်တာလဲ။ ဒီလို မထုတ်ပြန်ရခြင်းမှာ အခုလောလောဆယ် တွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီးတော့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ လက်အောက်မှာရှိတဲ့ ပြည်ထဲရေး၊ တပ်တို့က စုံစမ်းနေတဲ့ အချက်တွေကို အရပ်သားအစိုးရက အသိအမှတ် မပြုချင်တာလား။ သဘောထား ကွဲလွဲမှု တစုံတရာ ရှိနေတာလား။ ဒါဟာ ကျနော်တို့ သတင်းသမားအနေနဲ့ တွေးပြီးတော့ ဆက်ပြီးတော့ စုံစမ်းသင့်တဲ့အချက် ဖြစ်တယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ပြည်ထဲရေးဝန်ကြီးက ပြောတဲ့အထဲမှာ ပါတယ်ထင်ပါတယ်။ မျိုးချစ်စိတ်၊ အစွန်းရောက်စိတ်ကြောင့် လုပ်တယ်ဆိုတဲ့ကိစ္စ တကယ်လို့ အဲဒီလို လုပ်တယ်ဆိုရင် သူတို့ဟာ အစွန်းရောက်ဝါဒ ဘာညာနဲ့ ပတ်သက်နေတဲ့အတွက် အကြမ်းဖက်မှုဆိုင်ရာ ဥပဒေတွေ ဘာတွေ ရှိတယ်မဟုတ်ဘူးလား။

ဦးမင်းလွင်ဦး ။ ။ ရှိပါတယ်။ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေတွေ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီ ဥပဒေနဲ့ အကြုံများ ဝင်နေမလားလို့ စဉ်းစားမိတာ။

ဦးမင်းလွင်ဦး ။ ။ အကြမ်းဖျဉ်းအရ ပြောမယ်ဆိုရင် ရာဇသတ်ကြီးထဲမှာကိုပဲ နိုင်ငံတော် ပုန်ကန်မှုရဲ့အောက်ထဲမှာ အဲဒီလို ပြစ်မှုကြီးတွေနဲ့ ပတ်သက်လို့ အရေးယူလို့ရတဲ့ကိစ္စမျိုးတွေ ရှိတယ်။ နောက် ဒီလို မျိုးချစ်စိတ်အစွန်းရောက်တယ်ဆိုရင် လူမျိုး တမျိုးနဲ့တမျိုး အမုန်းပွားအောင်။ ပြည်တွင်းမှာ မငြိမ်မသက်ဖြစ်အောင် ဆူပူလှုံဆော်နိုင်တဲ့ ကိစ္စရပ်တွေ ဖြစ်တဲ့အတွက် ရာဇသတ်ကြီးဥပဒေနဲ့လည်း အရေးယူလို့ရတယ်။ အခု လက်နက်တွေပါလာပြီဆိုရင် အစောကပြောတဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့လည်း အရေးယူလို့ ရတယ်။ အဲဒီလို အရေးယူထားတဲ့ ဥပမာလည်း ကျနော်တို့မှာရှိတယ်။ အဲဒီလို မလုပ်ဘဲနဲ့ ဒီအမှုဟာ သာမန်ရာဇဝတ်မှုလောက်လေး ဖြစ်ရုံပါဆိုတဲ့ သဘောမျိုးအနေနဲ့ လုပ်တဲ့ဥစ္စာကတော့ ဒါက အမှုကို သေးငယ်သွားအောင် ပပေါက်သွားအောင် ပြည်ထဲရေးဝန်ကြီးဌာနကိုယ်တိုင်ကိုယ်က ဒီနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ဖုံးဖိပေးတယ့် အခြေအနေမျိုး ရောက်နေတယ်လို့ ပြည်သူတွေက ခံစားရတယ်လို့ပဲ ကျနော်က မြင်ပါတယ်။

XS
SM
MD
LG