သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

WET စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


WET စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ
WET စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

ဒီသီတင်းပတ် English American Idioms Style ကဏ္ဍမှာ စိုတယ် လို့ အဓိပ္ပါယ်ရတဲ့ (Wet ) ဝေါဟာရ ကို အခြေခံတဲ့ Wet behind the ears, Wet blanket နဲ့ Get your feet wet တို့ကို တင်ပြထားပါတယ်။

၁။ Wet behind the ears

Wet က (စိုစွတ်တာ) ၊ behind က (အနောက်မှာ) ၊ ears က (နားရွက်တွေ) ဖြစ်ပြီး စကားစု တခုလုံးရဲ့ တိုက်ရိုက် အဓိပ္ပါယ်က နားတွေအနောက်ဖက်မှာ စိုနေတာ ဖြစ်ပါတယ်။ ဒီအသုံး ဆင်းသက်လာတာကတော့ အမိဝမ်းတွင်းက ထွက်ထွက်လာခြင်း မွေးစခလေးဟာ ချွဲရည်၊ သွေး စသဖြင့်နဲ့ စိုစွက်နေတဲ့ဖြစ်ရပ်ကိုတင်စားပြီး နားနောက်မှာ စိုနေတယ်ဆိုတဲ့ အီဒီယံအဓိပ္ပါယ်က မရင့်ကျက်သေးတာ၊ အတွေ့အကြုံမရှိသေးတာ၊ သက်တမ်းနုသေးတာကို ရည်ညွှန်းပြောတာ ဖြစ်ပါတယ်။ ကျမတို့ မြန်မာမှာ မိခင်နို့နံ့တောင် မစင်သေးဘူးရယ်လို့ တဘက်လူရဲ့ အတွေ့အကြုံ နည်းပါးမှုကို နှိမ်ပြောချင်ရင ်တင်စားသုံးနှုန်းတာနဲ့ တူတယ်လို့ ပြောနိုင်ပါတယ်။

ဥပမာ

Tom is still wet behind the ears in this business as he graduated from college just last year.

Tom က မနှစ်ကမှ ကောလိပ်က ဘွဲ့ရတာဆိုတော့ ဒီ စီးပွားရေးလုပ်ငန်းမှာ အတွေ့အကြုံ သိပ်မရှိဘူး။ ဝါနုသေးတယ်လို့ ဆိုရမှာပါ ။

၂။ Wet blanket

Wet က (စိုစွတ်တာ) ၊ blanket က (ခြုံစောင်) ဖြစ်ပြီး တိုက်ရိုက်အဓိပ္ပါယ်ကတော့ စိုတဲ့ခြုံ စောင် ဖြစ်ပါ တယ်။ မီးလောင်ရင် လောင်နေတဲ့မီးကို စိုနေတဲ့စောင်နဲ့ အုပ်လိုက်ရင် ငြိမ်းသွားတာဖြစ်ပါတယ်။ ဒါကြောင့်မို့ “ထ” တောက်ဖို့ ဟန်ပြင်ရရုံရှိသေးတယ်၊ စိုနေတဲ့ စောင်နဲ့ အုပ်လိုက်တော့ မီးငြိမ်းသွားတဲ့ သဘောဖြစ်ပြီး တခုခုကို အဆုံးသတ်စေတဲ့ သဘောမျိုး ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကလည်း ဒီအတိုင်းပါပဲ။ တခုခုကို စလုပ်ဖို့ ကြိုးပမ်းမယ်ကြံတုံး၊ အားမပေးတာ၊ စိတ်ဓါတ်ကျအောင်လုပ်တဲ့လူမျိုးကို Wet blanket လို့ ရည်ညွှန်းသုံးတာ ဖြစ်ပါတယ်။

ဒီ Idiom ရဲ့ နောက်အဓိပ္ပါယ်တမျိုးက ပျော်စရာကောင်းတဲ့ အချိန်မျိုးမှာ ပွဲဖျက်တဲ့လူမျိုးကို Wet blanket ရယ်လို့လည်း တင်စားခေါ်လေ့ရှိပါတယ်။ ကျမတို့ မြန်မာမှာတော့ ခပ်တုံးတုံး လူစားမျိုး၊ ပျင်းစရာကောင်းတဲ့ အဖေါ်မျိုး၊ သူပါရင်တော့ပွဲပျက်လိမ့်မယ်လို့ အပြောခံရတဲ့ လူမျိုးကို Wet blanket ရယ်လို့ ခေါ်နိုင်ပါတယ်။

ဥပမာ

John is known as a wet blanket among his friends. He doesn’t dance or drink at parties and gets upset when the music is loud!

John ပါရင်တော့ပွဲပျက်လိမ့်မယ်လို့ သူငယ်ချင်းတွေက သိထားကြတယ်။ ပါတီတွေမှာသူက ကလည်း မက၊ အရက်လည်း မသောက်ဘူး။ သီချင်းသံကျယ်ရင်လည်း သူက စိတ်တိုသေးတယ်။

၃။ Get your feet wet

Get(ဖြစ်စေတာ) ၊ your က ( သင့်ရဲ့) ၊ feet က (ခြေထောက်တွေ) ၊ wet က (စိုစွတ်တာ၊ ရေစိုတာ) ဖြစ်ပါ တယ်။ စကားစုရဲ့ တိုက်ရိုက် အဓိပ္ပါယ်ကတော့ ခြေထောက်တွေကို ရေစိုအောင် လုပ်တာ ဖြစ်ပါတယ်။ ရေမကူး တတ်တဲ့လူ၊ ရေကြောက်တဲ့လူဆိုရင် ရေထဲမဆင်းရဲတဲ့အတွက် သတ္တိမွေးတဲ့အနေနဲ့ ရေထဲကို အစမ်းသဘော ခြေထောက်စိုရုံလောက်ပဲ ရေကန်အစပ်မှာ ဆင်းကြည့်တဲ့သဘောကနေ ဒီအသုံး ဆင်းသက်လာတာ ဖြစ်ပါ တယ်။ ဒါ့ကြောင့်ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်က အရင်က မလုပ်ဘူးတာကို ပထမဦးဆုံး စလုပ်ကြည့်တာ၊ အစမ်းသဘော လုပ်ကြည့်တာ၊ မြေစမ်းခရမ်းပျိုး လုပ်ကြည့်တာကို ဆိုလိုပါတယ်။

ဥပမာ

I’ve never invested in stocks before, but my boss said it was time to get my feet wet.

ကျနော်အနေနဲ့ စတော့ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံတာ တခါမှ မလုပ်ခဲ့ဖူးဘူး။ ဒါပေမဲ့ ကျနော့်ဆရာသမားက ကျနော်အနေနဲ့ စမ်းလုပ်ကြည့်ဖို့ အချိန်တန်ပြီလို့ပြောခဲ့တယ်၊၊

-------------------------------------------------------------

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG