သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ရွေးကောက်ပွဲ မဲမသမာမှု အထောက်အထားမတွေ့ရ (ကန်ရှေ့နေချုပ် William Barr)


ကန်ရှေ့နေချုပ် William Barr
ကန်ရှေ့နေချုပ် William Barr

(Zawgyi/Unicode)

၂၀၂၀ သမ္မတ ရွေးကောက်ပွဲမှာ မမှန်မကန် မဲပေးမှု ကြီးကြီးကျယ်ကျယ် ရှိခဲ့တာကို အမေရိကန် တရားရေးဝန်ကြီးဌာန အနေနဲ့ မတွေ့ရသလို ရွေးကောက်ပွဲ ရလဒ်ကို ပြောင်းလဲစေလောက်တဲ့ အရာလည်း မရှိကြောင်း အမေရိကန် ပြည်ထောင်စု ရှေ့နေချုပ် William Barr က ပြောပါတယ်။

သမ္မတ ဒေါ်နယ် ထရမ့်က ရွေးကောက်ပွဲမှာ သူနိုင်ထားတဲ့ ရလဒ်တွေ ခိုးယူခံရကြောင်း ပြောနေသလို Joe Biden ကို ရှုံးနိမ့်ကြောင်း ဝန်ခံဖို့ ငြင်း ဆန်နေဆဲမှာ ရှေ့နေချုပ် William Barr က AP သတင်းဌာနကို အခုလို ပြောလိုက်တာပါ။

ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ တိတိကျကျ ကန့်ကွက် တိုင်ကြားမှုတွေနဲ့ သတင်း အချက်အလက်တွေကို အခြေခံပြီး အမေရိကန် အစိုးရ ရှေ့နေတွေနဲ့ ပြည်ထောင်စု စုံစမ်းရေး ဗျူရို (FBI) တို့အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ရွေးကောက်ပွဲ ရလဒ် ကို တစုံတရာ ပြောင်းလဲစေမယ့် အထောက်အထား မတွေ့ရဘူးလို့ William Barr က အင်္ဂါနေ့က AP သတင်းဌာနနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ ပြောလိုက်တာပါ။

အခု အချိန်အထိ ရွေးကောက်ပွဲ ရလဒ်ကို ပြောင်းလဲစေမယ့် မဲ မမှန်မကန် ပေးမှုတွေ မတွေ့ သေးဘူးလို့လည်း သူက ပြောပါတယ်။

အခု ပြောကြားချက်က သမ္မတ ထရမ့်ဘက်က အခိုင်အမာ ရပ်တည်လေ့ရှိတဲ့ အရင်းနှီးဆုံး မဟာမိတ်တစ်ဦးဖြစ်တဲ့Barr ဆီ ကနေ တိုက်ရိုက်ထွက်ပေါ်လာတာပါ။

အရင်တုန်းက သူကိုယ်တိုင်ကလည်း COVID 19 ကပ်ရောဂါ ကာလထဲ စာတိုက်ကနေမဲပေးမှုက ရွေးကောက်ပွဲ မမှန်မကန် လုပ်မှုတွေ ဖြစ်ပွား ဖို့ များတယ်လို့ ပြောထားခဲ့တာပါ။

ဒါ့အပြင် ရွေးကောက်ပွဲ အပြီးမှာလည်း ရွေးကောက်ပွဲ မဲလိမ်တယ်ဆိုတဲ့ ခိုင်မာတဲ့ ဘယ် စွပ်စွဲချက်မျိုးကို မဆို စုံစမ်း စစ်ဆေးဖို့ Barr က အမေရိကန် ပြည်ထောင်စု တစ်ဝှမ်းက အစိုးရ ရှေ့နေတွေကို အမိန့်ပေး ခွင့်ပြုချက် ထုတ်ပြန်ခဲ့ပါတယ်။

ပုံမှန်အားဖြင့် အစိုးရ ရှေ့နေတွေ အနေနဲ့ ရွေးကောက်ပွဲ ရလဒ်ကို သက်ဆိုင်ရာတွေက အတည်ပြု မထုတ်ပြန်ခင်မှာ လူသိရှင်ကြား စုံစမ်း စစ်ဆေးလေ့ မရှိပေမယ့် အဲဒီ ခွင့်ပြုချက်အမိန့်ကြောင့် စုံစမ်း စစ်ဆေးခွင့်ရခဲ့ကြပါတယ်။

၂၀၂၀ သမ္မတ ရွေးကောက်ပွဲဟာ ကျင်းပသမျှထဲ အလုံခြုံ စိတ်အချရဆုံး ရွေးကောက်ပွဲ ဖြစ်တယ်လို့ သူ့ အစိုးရအဖွဲ့ ထဲက တာဝန် ရှိသူတွေ ကိုယ်တိုင် ပြောနေပေမယ့်လည်း သမ္မတ ထရမ့်ကတော့ တွစ်တာနဲ့ အင်တာဗျူးတွေကနေ တဆင့် ရွေးကောက်ပွဲ ရလဒ် တွေကို ဆန့်ကျင် ပြောကြားနေဆဲ ဖြစ်ပါတယ်။ မကြာသေးခင်တုန်းကတော့ အစိုးရ ဝန်ကြီးဌာနတွေက Joe Biden ရဲ့ အသွင်း ကူးပြောင်းရေးအဖွဲ့ကို စတင် အကူအညီပေးဖို့ သမ္မတ ထရမ့်က ခွင့်ပြုခဲ့ပါတယ်။

................


(Unicode)










XS
SM
MD
LG