သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးမှာ မြန်မာအမျိုးသမီးတွေ ပါဝင်ခွင့်နည်းပါး


(ဓာတ်ပုံ - ပြည်သူ့လွှတ်တော်)
(ဓာတ်ပုံ - ပြည်သူ့လွှတ်တော်)

မြန်မာ့နိုင်ငံရေးမှာ အမျိုးသမီးတွေ ပါဝင်မှု အရင်ထက် ပိုများလာတယ်ဆိုပေမဲ့လည်း အမျိုးသမီးတွေ အနေနဲ့ နိုင်ငံရေး ဦးဆောင်မှုအပိုင်းနဲ့ ဆုံးဖြတ်ချက် ချမှတ်တဲ့နေရာတွေမှာ ပါဝင်မှုကတော့ အားနည်းနေတုန်းပဲလို့ အမျိုးသမီး နိုင်ငံရေးသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ဒီလိုပါဝင်လာနိုင်ဖို့အတွက်ကတော့ အမျိုးသမီးတွေကိုယ်တိုင်ရဲ့ ကြိုးပမ်းအားထုတ်မှုအပြင် အစိုးရနဲ့ လူမှုအသိုင်းအဝိုင်း တခုလုံးရဲ့ ပံ့ပိုးမှုက အရေးကြီးတဲ့အကြောင်း ထောက်ပြကြပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။

မြန်မာ့သမိုင်းတလျှောက် နိုင်ငံရေးလှုပ်ရှားမှုတွေမှာ အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူတွေ အများအပြား ရှိခဲ့ပေမဲ့၊ နိုင်ငံရေး ဦးဆောင်မှု အပိုင်းနဲ့ တိုင်းပြည်ရဲ့ အရေးကြီး ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့နေရာတွေမှာတော့ အမျိုးသမီးတွေ အလုံအလောက် နေရာရတာ မရှိခဲ့ပါဘူး။ နိုင်ငံလူဦးရေ တဝက်ကျော်ရှိတဲ့ အမျိုးသမီးတွေ နိုင်ငံ့ရေးရာတွေမှာ လှုပ်ရှားပါဝင်ဖို့ အရေးကြီးသလို၊ ဒီလို ပါဝင်လာအောင် အမျိုးသမီးတွေ ကိုယ်တိုင်ရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ အားလုံးရဲ့ပံ့ပိုးမှုတွေ လိုအပ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ မေဝင်းမြင့် က ပြောပါတယ်။

“အမျိုးသမီးအခန်းကဏ္ဍက အင်မတန်မှကို အရေးကြီးပါတယ်။ အများအားဖြင့်တော့ မြန်မာနိုင်ငံဟာ တန်းတူအခွင့်အရေး ဆိုပေမဲ့ မတူတာတွေ အများကြီး ကျန်ပါသေးတယ်။ ပညာရေးမှာရော၊ တခြား အခွင့်အရေးတွေမှာ အမျိုးသမီးတွေက မရခဲ့ဘူး။ ဆက်ပြီး လုပ်ရဦးမယ်။ အမျိုးသမီးတွေဟာ ကိုယ်ကိုယ်တိုင်လည်း အရေးအချင်း ပြည့်ဝအောင် လုပ်ပြီးတော့ ကိုယ့်တိုင်းပြည်အတွက် ကိုယ်ဦးဆောင်တဲ့ကဏ္ဍကို ပြည့်ဝစွာ အသုံးချနိုင်မယ်ဆိုရင်တော့ များများ ပါဝင်နိုင်လေ ကောင်းလေပေါ့နော်။ အဲဒါမျိုးအတွက် အန်တီ့အနေနဲ့ကတော့ ဆက်လက် ဖိတ်ခေါ်တယ်၊ အားလည်း အားပေးတယ်။ အဲဒီအတွက်ကို အမျိုးသမီးထုအားလုံး ပါဝင်လာနိုင်ဖို့အတွက် လက်ရှိ နိုင်ငံရေးပါတီမှာ လုပ်နေတဲ့ အမျိုးသမီးတွေ၊ CSO မှာ ဦးဆောင်လုပ်နေတဲ့ အမျိုးသမီးလေးတွေ အားလုံးမှာ တာဝန်ရှိပါတယ်။ ဒါ ကိုယ့်တိုင်းပြည်အတွက် အမျိုးသမီးတွေအနေနဲ့ ဦးဆောင်မှုကဏ္ဍမှာ ပါဝင်လာမယ်ဆိုရင် မြန်မာနိုင်ငံကြီးဟာ အာရှမှာသာမက ကမ္ဘာမှာ ရင်ဘောင်တန်းနိုင်မယ်လို့ ပြောချင်ပါတယ်။”

မြန်မာနိုင်ငံက အမျိုးသမီးတွေအနေနဲ့ အမျိုးသားတွေနဲ့ တန်းတူ အခွင့်အရေး မရသေးတာမှန်ပေမဲ့ အခု အစိုးရလက်ထက်မှာ အရင် အစိုးရအဆက်ဆက် လက်ထက်တွေမှာနဲ့မတူ အမျိုးသမီး နိုင်ငံရေးခေါင်းဆောင်တွေနဲ့ လွှတ်တော်အမတ်တွေ ပိုများလာတာကတော့ အားရစရာ တိုးတက်မှု ဖြစ်တယ်လို့ NLD ပါတီကိုယ်စားပြု အမျိုးသား လွှတ်တော်အမတ်တဦးဖြစ်တဲ့ နော်ဆူဇန်နာလှလှစိုးက ပြောပါတယ်။

“အန်တီတို့ ပြောရမယ်ဆိုရင်တော့ တခြား နိုင်ငံတွေနဲ့ ယှဉ်လို့မရသော်လည်း ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းနဲ့ ယှဉ်လို့ရှိရင် ဒါကတော့ တိုးတက်လာတယ်လို့ မြင်တယ်။ အရင်တုန်းကဆိုရင် ဒါ ဝန်ကြီးချုပ်နေရာဆိုလို့ရှိရင် တိုင်းနဲ့ပြည်နယ်မှာဆိုရင် Key ပဲလေ။ သူ့ထက် Key ကျတာ မရှိဘူး။ အဲဒီမှာဆိုရင်လည်းပဲ အမျိုးသမီးဝန်ကြီးချုပ်တွေ နေရာရလာတယ်။ ဒါ အရင်တုန်းကဆိုရင် သမိုင်းတောက်လျှောက်မှာ မရှိခဲ့တဲ့ အနေအထားမျိုးပေါ့နော်။ ဆိုတော့ အဲဒါလေးတွေတော့ ကျေနပ်တယ်။ ကိုယ့်ကိုယ်လည်း အမျိုးသမီးတယောက်အနေနဲ့ပေါ့နော် ယုံကြည်ပြီးတော့ ပေးအပ်တဲ့ တာဝန်များစွာကိုလည်း ထမ်းဆောင်ရတာ ဝမ်းသာတယ်။”

လက်ရှိ မြန်မာနိုင်ငံရဲ့ လွှတ်တော်နှစ်ရပ်ပေါင်းမှာ အမျိုးသမီးလွှတ်တော်အမတ်က ၁၄ ရာခိုင်နှုန်း ရှိပါတယ်။ အရင်လွှတ်တော်မှာတုန်းက အမျိုးသမီး ကိုယ်စားလှယ်ဦးရေက ၆ % နှုန်းသာ ရှိခဲ့တာကြောင့် အရင် လွှတ်တော်သက်တမ်းနဲ့ နှိုှုင်းယှဉ်ရင်တော့ အခု အရေအတွက်က အများကြီး တိုးတက်လာတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း နိုင်ငံရဲ့ အုပ်ချုပ်ရေးကဏ္ဍ အသီးသီးနဲ့ အရေးပါတဲ့ ဦးဆောင်မှုနေရာတွေမှာ အမျိုးသမီးတွေ အခုထက် နေရာရဖို့ လိုအပ်တယ်ဆိုတာကို တက်ကြွလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။ လွှတ်တော်ထဲမှာ၊ အစိုးရအဖွဲ့ထဲမှာ အမျိုးသမီးတွေ အခုထက် ပိုပြီး ပါဝင်လာနိုင်ဖို့ကတော့ အစိုးရကိုယ်တိုင်က သင့်တော်တဲ့ မူဝါဒတွေ ချမှတ်ပြီး အကောင်အထည်ဖော် လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ WLB အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံရဲ့ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင် တဦးဖြစ်တဲ့ မမွန်းနေလီက ပြောပါတယ်။

“အစိုးရက ပေါ်လစီတခုအနေနဲ့ ချမှတ်ပြီးတော့ အမျိုးသမီးပါဝင်ရေးကို လုပ်ဆောင်သွားမယ်ဆိုရင် အများကြီးဖြစ်နိုင်တဲ့ဟာ ရှိတယ်။ ဒါပေမဲ့ အခုလက်ရှိမှာ အမျိုးသမီးတွေ ပါဝင်ဖို့အတွက် မူ ပေါ်လစီအရရော၊ ဥပဒေအရရော၊ constitution ထဲမှာ ကိုယ်၌ကိုယ်က ဒီကိစ္စတွေက တိတိကျကျ ဖော်ပြထားတာ မရှိဘူးပေါ့နော်။ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ၊ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်ဖို့ အတွက်ဆိုရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာကို ဒီဟာကို တိတိကျကျ ဖြည့်သွင်းရေးသားပေးဖို့ အရေးကြီးတယ်ပေ့ါ။ အနည်းဆုံး ၃၀% ဆိုတဲ့ စံသတ်မှတ်ချက်နဲ့ လုပ်ဆောင်သွားမယ်ဆိုရင် နောင် ၅ နှစ်၊ ၁၀ နှစ်ဆိုရင် အမျိုးသမီးတွေရဲ့ ပါဝင်မှုက အများကြီး တိုးတက်လာနိုင်ဖို့ အခြေအနေရှိတာပေါ့နော်။”

အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်နဲ့ သူတို့ရဲ့အခန်းကဏ္ဍကို မြှင့်တင်နိုင်ဖို့ ရည်ရွယ်ပြီး အခုသီတင်းပတ်ကို အမျိုးသမီးများ ရက်သတ္တပတ်အဖြစ် NLD အစိုးရက သတ်မှတ်ပြီး အထိန်းအမှတ် အခမ်းအနားတွေနဲ့ အစီအစဉ်တွေ ကျင်းပပြုလုပ်နေပါတယ်။ အမျိုးသမီးများ ရက်သတ္တပတ် စတင်ဖွင့်လှစ်တဲ့ တနင်္လာနေ့မှာပဲ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအမျိုးသမီး စီးပွားရေး လုပ်ငန်းရှင်တွေ တွေ့ဆုံပြီး လုပ်ငန်းခွင်အသီးသီးမှာ အမျိုးသမီးတွေ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ကမ္ဘောဇဘဏ်လုပ်ငန်းနဲ့ ပူပေါင်း ကျင်းပနေတဲ့ အမျိုးသမီးများရဲ့ ရက်သတ္တပတ် လှုပ်ရှားမှုတွေထဲမှာတော့ အမျိုးသမီးရေးရာနဲ့ဆိုင်တဲ့ ဆွေးနွေးပွဲတွေ၊ မှတ်တမ်း ရုပ်ရှင်တွေ ပြသတာအပြင် အမျိုးသမီး စာရေးဆရာမတွေရဲ့ စာပေဟောပြောပွဲတွေ၊ အမျိုးသမီးရေးရာဆိုင်ရာ စာအုပ်ပွဲတော်တွေ၊ အားကစားပြိုင်ပွဲတွေကိုပါ ပြုလုပ်သွားမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG