သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားရုံးသပိတ်မှောက်တဲ့ ထိန်းသိမ်းခံဆန္ဒပြသူတွေ အတင်းအကြပ် ရုံးထုတ်ခံရ


စစ်ကိုင်းတိုင်းသစ်အချောထည်စက်ရုံက ဆန္ဒပြ အလုပ်သမားများ၊ ဝန်းရံပြည်သူနဲ့ ကျောင်းသားတွေကို တပ်ကုန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်။
စစ်ကိုင်းတိုင်းသစ်အချောထည်စက်ရုံက ဆန္ဒပြ အလုပ်သမားများ၊ ဝန်းရံပြည်သူနဲ့ ကျောင်းသားတွေကို တပ်ကုန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်။

စစ်ကိုင်းတိုင်းသစ်အချောထည်စက်ရုံက ဆန္ဒပြတဲ့ အလုပ်သမားများ၊ ဝန်းရံ ပြည်သူနဲ့ ကျောင်းသားတွေကို ဇွန်လ ၁၅ ရက်နေ့က နေပြည်တော် တပ်ကုန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးရာမှာ တရားရုံးကို သပိတ်မှောက်ခဲ့တာကြောင့် လက်ထိပ်ခတ်ပြီး သံကြိုးတွေနဲ့ ချည်နှောင်ပြီး ရုံးထုတ်ခဲ့ကြပါတယ်။

ဒီအတွက် တပ်ကုန်းတရားရုံးရှေ့မှာ တင်းမာမှုတချို့လည်း ဖြစ်ခဲ့ပါတယ်။ အသေးစိတ်ကိုတော့ ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း သစ်အချောထည်စက်ရုံက အလုပ်သမားတွေဟာ အလုပ်ရှင်က အလုပ်ထုတ်ပစ်တာကြောင့် သူတို့ရဲ့ပြဿနာကို ဖြေရှင်းပေးဖို့အတွက် နေပြည်တော် သမ္မတရုံးအထိ သွားရောက်ဖို့အတွက် ချီတက်ခဲ့ရာမှာ တပ်ကုန်းမြို့အဝင်မှာ ဖမ်ဆီးခံရတာပါ။ အလုပ်သမားတွေနဲ့ သူတို့ကိုဝန်းရံခဲ့တဲ့ ကျေင်သားတွေ ပြည်သူတွေအားလုံး ၁၅ ဦးခန့်ကိုတော့ ဖမ်းဆီးပြီး ပုဒ်မ ၅၀၅ (ခ) အပါအဝင် ပုဒ်မ ၄ ခုနဲ့ တရားစွဲဆိုထားပါတယ်။ ဇွန်လ ၁၅ ရက်နေ့ ရုံးထုတ်ချိန်မှာတော့ ဖမ်းဆီးခံထားရသူတွေက တရားရုံးကို သပိတ်မှောက်ခဲ့တာကြောင့် အတင်းအကြပ် သံကြိုးခတ် ချုပ်နှောင်ပြီး ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးကို သွားရောက်ခဲ့တဲ့ ဗကသများအဖွဲ့ချုပ်က ခေါင်းဆောင် ကိုအောင်မှိုင်းဆန်း က ပြောပါတယ်။

“သူတို့က တရားရုံးကို သပိတ်မှောက်ထားတာကိုး။ တရားစီရင်ရေးကို သပိတ်မှောက် ထားတဲ့အခါကျတော့ သူတို့က အစစ်မခံဘူးပေါ့နော်။ ပြီးခဲ့တဲ့အပတ်ထဲက အစစ်မခံဘူး။ ဒီတပတ်တော့ သူတို့က အဲဒီဖမ်းထားတဲ့လူတွေအားလုံးကို လက်ထိပ်တွေခတ် သံကြိုးတွေဆွဲပြီးတော့ တရားရုံးထဲကို ဇွတ် ထုတ်ပြီးတော့ သွင်းကြတယ်ပေါ့။ အဲ့လိုနည်းနဲ့ပဲ သူတို့ တရားရုံးထဲကို သွင်းပြီးတော့ ခေါ်တယ်ပေါ့။ ခေါ်ပြီးတော့ ရုံးချိန်းထပ်ပေးလိုက်တယ်။ တရားရုံးထဲကို မဝင်ဘူးဆိုတဲ့အခါကျတော့ သူတို့ကို အချုပ်ခန်းထဲကနေပြီးတော့ တရားရုံးရှေ့ရောက်အောင် ရဲတွေ ဝိုင်းမပြီးတော့ ခေါ်တာပေါ့နော်။ တရားရုံးထဲသွင်းတာပေါ့။ သူတို့လုပ်မယ်ဆိုတာကို ပြီးမှ ဝင်ခွင့်ရမှ ကျနော်တို့ သိတာ။ တကယ်တမ်း ဒီတပတ်က လုံခြုံရေးကို တအားတင်းကြပ်ထားတယ်။ တရားရုံးပတ်ပတ်လည်ကို သံဆူးကြိုးတွေနဲ့ ပတ်ပြီးတော့ ကာထားတယ်။ ရဲအစောင့်တွေလည်း အများကြီး ချထားပြီးတော့ ဝင်ခွင့်မပေးဘူး။ ပြင်ပက လာတဲ့လူတွေ အားလုံးကိုလေ။ ကျနော်တို့အားလုံးကို ဝင်ခွင့်မပေးဘူး။”

ဒီလိုအခြေအနေတွေကြောင့် တရားရံုံးမှာ ဘာမှ စစ်ဆေးလို့မရတော့ဘဲ နောက် ၂ ပတ်ခြားပြီး ရုံးချိန်းကို ဇွန်လ ၂၉ ရက်နေ့ထိ ချိန်းဆိုလိုက်ပါတယ်။ အာဏာပိုင်တွေဘက်ကတော့ တရားရုံးရှေ့မှာ ကျောင်းသားနဲ့ အလုပ်သမားကို ထောက်ခံတဲ့အင်အားစုတွေက အလံတွေနဲ့ အားပေးထောက်ခံတဲ့ ပုံစံနဲ့ လာရောက်ကြတာကြောင့် တရားစီရင်ရေးကို အနှောင့်ယှက်ဖြစ်စေတယ်လို့ ပြောဆိုနေတာပါ။ ဒါပေမဲ့ တက်ကြွလှုပ်ရှားသူတွေအနေနဲ့ကတော့ အလုပ်သမားတွေအနေနဲ့ တရားစီရင်ရေးစနစ်ကို ယုံကြည်မှု မရှိဘူးဆိုတာကို သူတို့လည်း ထောက်ခံကြောင်းနဲ့ ဆူပူမှုတွေ ဖန်တီးဖို့ လာတာမဟုတ်ဘူးလို့ ဆိုပါတယ်။

“ဒါ အုပ်ချုပ်ရေးက ဝင်ရောက်စွက်ဖက်နေတဲ့ အနေအထားဖြစ်တဲ့အတွက် တရားရင်ဆိုင်နေရင်လည်း ဘာမှ အကျိုးထူးမလာဘူး။ တရားရုံးကို ယုံကြည်မှုမရှိတဲ့အတွက် သူတို့ မရင်ဆိုင်ဘူးပေ့ါလေ။ အဲ့ဒီ မရင်ဆိုင်တဲ့အပေါ်မှာ ကျနော်တို့က ထောက်ခံတယ်။ တရားရုံးတွေကလည်း တကယ်လည်း တကယ် လွတ်လပ်တဲ့ တရားရုံးတွေ မဟုတ်ဘူး။ အဲ့လို တရားမရင်ဆိုင်တာကို ကျနော်တို့ဘက်က ထောက်ခံတယ်။ ဒါပေမဲ့ ကျနော်တို့ ဟိုမှာ အလံတွေ ကြွေးကြော်သံတွေ တိုင်တယ်ဆိုတာက ဆူပူချင်လို့ ဆန္ဒပြတဲ့ သဘောမျိုး မဟုတ်ဘူး။ ကိုယ့်လူတွေ စိတ်ဓာတ်မကျအောင်လို့ အားပေးတဲ့ သဘောပဲ။”

တပ်ကုန်းမြို့မှာ ရဲအင်အားအများအပြားနဲ့ လုံခြုံရေးကို တင်းကြပ်စွာချထားသလို တရားစီရင်ရေးကို လက်မခံတဲ့ အလုပ်သမားတွေကိုလည်း အတင်းအကြပ် တရားရုံးထဲ ခေါ်သွင်းလာမှုတွေကြောင့် ဒါမျိုးတွေ နောက်အပတ်ရုံးချိန်းတွေမှာ ဆက်လုပ်နေမယ်ဆိုရင် နှစ်ဘက်လုံးမှာ တင်းမာမှုတွေ ဆက်ဖြစ်နိုင်တယ်လို့လည်း ကိုအောင်မှိုင်းဆန်းကတော့ ပြောပါတယ်

“ဒီပုံစံအတိုင်း ဆက်လုပ်မယ်ဆိုရင်တော့ ဖမ်းဆီးခံရတဲ့လူတွေကိုယ်တိုင်ကလည်း ကြာရှည် ထိန်းနိုင်မယ်မထင်ဘူး။ နောက်ပြီး သူတို့ကို လာတွေ့တဲ့ အပြင်က မိဘတွေအားလုံးလည်း ဒီတခေါက်တောင် တော်တော် စိတ်မကောင်းဖြစ်နေတာ၊ နောက်အခေါက်တွေ၊ နောက်အခေါက်တွေဆိုရင်တော့ ကျနော်ထင်တယ် ပဋိပက္ခတွေဖြစ်လာနိုင်တဲ့ အနေအထားရှိတယ်။ သူတို့ အဲဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင်။”

စစ်ကိုင်းမြို့သစ်အချောထည်စက်ရုံက အလုပ်သမား ၁၀၀ ကျော်ဟာ သူတို့ရဲ့ ပြဿနာတွေကို အလုပ်ရှင်နဲ့ အလုပ်သမားဝန်ကြီးဌာနဘက်က ဖြေရှင်းပေးမှု မရှိဘူးဆိုကာ ဧပြီလ ၂၉ ရက်နေ့ကစတင်ပြီး နေပြည်တော်က သမ္မတရုံးကို သွားရောက်ဖို့အတွက် စတင်ချီတက်ခဲ့ပါတယ်။ တပတ်ခန့်ကြာတဲ့အထိ ချီတက်ခဲ့အပြီးမှာတော့ နေပြည်တော်မှာ အလုပ်သမားခေါင်းဆောင်တွေကို အလုပ်သမား လူဝန်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက တာဝန်ရှိသူတွေက ခေါ်ယူတွေ့ဆုံပြီး ညှိနှိုင်းပေးမယ်လို့ ပြောဆိုခဲ့တာပါ။ ညှိနှိုင်းမှု ၅ ရက်တာကာလအတွင်း သပိတ်ကို ယာယီရပ်နားထားပြီး အလုပ်သမားတွေဘက်ကလည်း သူတို့လိုလားချက်တွေကို တောင်းဆိုခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူတို့တောင်းဆိုချက်တွေကို ကျေနပ်လောက်ဖွယ်ရာ မရရှိတဲ့အတွက်ကြောင့်ဆိုကာ အလုပ်သမားတွေဟာ ဆက်လက်ပြီး ချီတက်သပိတ်မှောက်ရာကနေ နေပြည်တော်အဝင် တပ်ကုန်းမြို့မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG