သုံးရလွယ်ကူစေသည့် Link များ

စစ်ကိုင်းဆန္ဒပြစက်ရုံလုပ်သား ၂၀၀ နီးပါး အလုပ်လက်မဲ့ဘ၀ရင်ဆိုင်


မကြာခင်ကမှ ထောင်ဒဏ် ၆ လနီးပါး ကျခံရပြီး ပြန်လွတ်လာခဲ့တဲ့ စစ်ကိုင်းတိုင်း သစ်အချောထည်စက်ရုံက အလုပ်သမားတွေဟာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရရုံးကိုသွားရောက်ပြီး ဘယ်စက်ရုံကိုမှ ၀င်ရောက် အလုပ်လုပ်ခွင့်မရတဲ့ အလုပ်သမား ၁၈၀ ကျော်အရေး ၀န်ကြီးချုပ်အနေနဲ့ ဖြေရှင်းပေးဖို့နဲ့ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခွင့်ရဖို့ ကြိုးစားရင်းနဲ့ လုံခြုံရေးဝန်ထမ်းတွေနဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း သစ်အချောထည်စက်ရုံက အလုပ်သမားတွေဟာ ထောင်ဒဏ်ကျခံရပြီးတဲ့နောက် သူတို့တွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့အတွက် အစိုးရတာဝန်ရှိသူတွေကို ဗုဒ္ဓဟူးနေ့မှာ သွားရောက် တောင်းဆိုခဲ့ရာမှာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရရုံးရှေ့မှာပဲ တင်းမာမှုတွေ ဖြစ်ခဲ့တယ်လို့ ဆန္ဒပြအလုပ်သမားခေါင်းဆောင် ကိုနှင်းအောင် ဆိုပါတယ်။

“ဟုတ်ပါတယ်။ ကျနော်တို့ တိုင်းရုံးကိုသွားတာက အခု ဒီသပိတ်စစ်ကြောင်းနဲ့ ပတ်သက်ပြီးတော့ပေါ့ ဒီ နောက်ကကျန်ခဲ့တဲ့ အလုပ်သမားတွေမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေ အများကြီးရှိတယ်ဗျ။ အဲဒါက အလုပ်ရှင်နဲ့ ဒေသခံအာဏာပိုင် အဖွဲ့အစည်းတွေက ပူးပေါင်းပြီးတော့ လုပ်တယ်လို့ ကျနော်တို့က ထင်မြင်ယူဆချက် ပေးလို့ရတယ်။ အဲဒါက ဘာကြောင့်ပြောလဲဆိုတော့ ဒီအလုပ်သမားတွေကို Black List စာရင်းသွားထားတယ်။ ဒီအလုပ်ရှင်ကနေပြီးတော့။ တခြားစက်ရုံတွေ နောက်ထပ် အလုပ်လျှောက်လို့ မရနိုင်လောက်အောင်အထိကို သူတို့က လုပ်ထားတာပေါ့။ ၀င်ခွင့်မရတာက ၁၈၂ ယောက် ရှိပါတယ်ခင်ဗျ။ စစ်ကိုင်းမြို့မှာဆိုရင် ဘယ်စက်ရုံမှကို လုံးဝ လက်မခံတဲ့ အနေအထားမှာ ဖြစ်နေတယ်။ တပ်ကုန်းရဲစခန်းကနေ ကျနော်တို့ကို သူတို့ဖမ်းတဲ့စာရင်းတွေရယ်၊ အလုပ်ရှင်က ဖြုတ်လိုက်တဲ့ စာရင်းတွေရယ် ပေါင်းပြီးတော့ အလုပ်ရှင်တွေဆီကို အကုန်ဖြန့်ထားတယ်။ အဲဒီအလုပ်ရှင်နားနီးတဲ့ မန်နေဂျာတယောက်က ကျနော်တို့ကို အကြောင်းကြားပေးလို့ ကျနော်တို့က သိရတာပေါ့။ အဲဒီကိစ္စတွေရယ်၊ တခြား အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ကို တိုင်းဒေသကြီးအစိုးရနေနဲ့ ဘယ်လိုတာဝန်ယူ ဖြေရှင်းပေးမလဲဆိုတာကို ကျနော်တို့က အဓိက သွားမေးတာခင်ဗျ။ ကျနော်တို့က တွေ့ခွင့်တောင်းတယ်။ တွေ့ခွင့်မပေးတဲ့အတွက် ၃ နာရီလောက် စောင့်တာမှ တွေ့ခွင့်မပေးတဲ့အတွက် လုံးဝမပေးဘူးဆိုတာ သိရတဲ့အတွက် ကျနော်တို့က ကြွေးကြော်သံတွေ တိုင်တယ်။ တိုင်တဲ့အခါမှာ ခရိုင်ရဲတွေရော၊ တိုင်ရဲတွေရော အယောက် ၃၀ လောက် ရောက်လာတယ်ခင်ဗျ။ ဖိအားပေးပါတယ်။ မင်းတို့ ဆန္ဒပြနေတာလား၊ ခွင့်ပြုမိန့်ပါလား ဆိုပြီးတော့ ကျနော်တို့ကို မေးတယ်။ ခွင့်ပြုမိန့်မပါလို့ရှိရင်တော့ ဖမ်းဆီးရမယ်ဆိုပြီးတော့ ပြောတယ်။ ကျနော်တို့က ရတယ်။ ဖမ်းမယ်ဆိုလည်း လိုက်သွားမယ်လို့ ပြောလိုက်တယ်။ လက်ရှိ စာတွေတော့ တင်ထားခဲ့လိုက်ပြီ။ တွေ့ခွင့်မရဘူး ပထမတကြိမ်သွားတုန်းက။ မင်းပြန်လိုက်တော့၊ မပြန်ဘူးဆိုရင်တော့ ဆက်ပြီး ကြွေးကြော်မယ်ဆိုရင်တော့ ဖမ်းမယ်ဆိုတဲ့အနေအထားတွေ သူတို့က ပြောတယ်။”

စစ်ကိုင်းတိုင်း သစ်အချောထည်စက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေအနေနဲ့ အလုပ်ရှင်က အလုပ်ထုတ်ပစ်လိုက်တာကြောင့် ၂ လကြာ စက်ရုံရှေ့မှာ အလုပ်ပြန်ရရေး တောင်းဆိုခဲ့ပြီးနောက် အလုပ်ရှင်နဲ့ အလုပ်သမားဝန်ကြီးဌာနက ဖြေရှင်းပေးတာတွေ မရှိဘူးဆိုပြီး ဧပြီလ ၂၉ ရက်နေ့ကစပြီး နေပြည်တော်ကို ချီတက်ခဲ့တာပါ။ ဒီနောက်မှာတော့ နေပြည်တော်အ၀င် တပ်ကုန်းမြို့မှာ ဖမ်းဆီးခံရပြီး ပုဒ်မ ၅၀၅(ခ) အပါအ၀င် ပုဒ်မ ၃ ခုလောက်နဲ့ တရားစွဲဆိုကာ ၆ လနီးပါးကြာ ထိန်းသိမ်းခံခဲ့ရပြီး ဒီလ ၁၁ ရက်နေ့ကမှ ပြန်လွတ်မြောက်လာခဲ့တာပါ။ သူတို့အနေနဲ့ စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်နဲ့ တွေ့ဆုံခွင့်ရဖို့ ကြိုးစားခဲ့ပေမဲ့ စည်ပင်ဝန်ကြီးနဲ့သာ တွေခဲ့ရပြီး သူတို့ ပြောဆိုချက်တွေကို တင်ပြပေးမယ်လို့သာ အဖြေထွက်ခဲ့တယ်လို့ ဆန္ဒပြအလုပ်သမားခေါင်းဆောင် ကိုနှင်းအောင် ဆိုပါတယ်။

“သပိတ်စစ်ကြောင်းမထွက်ခင်က ကျနော်တို့ ၀န်ကြီးချုပ်နဲ့တွေ့ပြီးတော့ ပြောထားတဲ့ဟာ ရှိပါတယ်ခင်ဗျ။ အဲဒါ ဘာလဲဆိုတော့ အလုပ်ရှင်က စာချုပ်ကို ချိုးဖောက်တယ်။ ချိုးဖောက်တဲ့အလုပ်ရှင်ကို ဘယ်လိုအရေးယူမလဲဆိုတော့ သူတို့က အလုပ်သမားဥပဒေမှာပါတဲ့ ပုဒ်မ ၅၁ နဲ့ အရေးယူပေးမယ်လို့ ဆိုပြီးတော့ ပြောထားတာရှိတယ်ဗျ။ ပြောထားတာရှိတဲ့အထဲမှာ ဒီနေ့ဒီအချိန်ထိ ကျနော်တို့ ၆ လနီးပါးကြာတဲ့အထိ တစုံတရာ ဘာမှ တိုးတက်မှု မရှိတဲ့အတွက် ကျနော်တို့က ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကတော့ ဘာသာရေးပွဲတွေနဲ့ မအားလပ်တဲ့အတွက် တွေ့လို့မရနိုင်ဘူး။ စည်ပင်သာယာရေးဝန်ကြီးတော့ရှိတယ်။ ၀င်တွေ့ပြီးတော့ ပြောလိုက်ပါလို့ သူတို့က ပြောတဲ့အတွက် ကျနော်တို့က စည်ပင်သာယာရေးဝန်ကြီးကို သွားတွေ့ရတာ။ စည်ပင်သာယာရေးဝန်ကြီးပါတယ်။ တိုင်းဒေသကြီးက အလုပ်သမားဦးရေ စစ်ဆေးရေးဌာနက လူတွေပါတယ်ပေါ့။ ကျန်တဲ့ဥပဒေအရာရှိတွေ ပါတယ်။ သူတို့က ကျနော်တို့နဲ့ ဆွေးနွေးတဲ့ ပြောပြတဲ့ အချက်အလက်တွေကို သူတို့က ယူသွားတယ်။ ယူသွားပြီးတော့ ၀န်ကြီးချုပ်ကို တင်ပြပေးတယ်လို့ ပြောတယ်။ ထပ်ပြီးတော့ ညွှန်ကြားချက်ထုတ်ပြီးတော့ ကျနော်တို့ကို အကြောင်းပြန်ပေးမယ်လို့ပဲ ပြောတယ်။”

မြန်မာပြည်မှာ အစိုးရသစ်တက်လာပြီးတဲ့နောက် အခုချိန်အထိ အလုပ်သမားရေးရာ ပေါ်လစီတွေကို တိတိကျကျ ချမှတ်နိုင်မှုတွေ အားနည်းနေသေးတာ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ရှိနေသေးတာ အလုပ်ရှင်တွေက နှစ်ဘက်သဘောတူစာချုပ်တွေ ချိုးဖောက်တဲ့အခါမှာ အရေးယူမှုတွေက ထိရောက်မှု မရှိတာတွေ ရှိနေသေးတယ်လို့ အလုပ်သမားရေး ဆောင်ရွက်နေသူတွေက ဝေဖန်နေကြတာပါ။ ဒီအတွက် အရင် အစိုးရလက်ထက်မှာလိုပဲ အလုပ်သမားပြဿနာတွေ ပေါ်ပေါက်နေဆဲဖြစ်တယ်လို့ အလုပ်သမားရေး လုပ်ဆောင်နေသူတွေက ဆိုပါတယ်ရှင်။

XS
SM
MD
LG