သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သဘာဝဘေးနဲ့ ဆင်းရဲမွဲတေမှု သံသရာ - ကမ္ဘာ့ဘဏ်အစီရင်ခံစာ


သဘာဝဘေးအန္တရာယ်တွေကြောင့် အထူးသဖြင့် အာဖရိကနဲ့ အာရှ အပါအဝင် ကမ္ဘာတဝှမ်းရှိ လူဦးရေ ၂၆ သန်းလောက်ဟာ ဆင်းရဲမွဲတေနေကြရသလို၊ နှစ်စဉ် ဒေါ်လာ သန်း ၅၂၀ ဘီလီယံလောက် ကုန်ကျနေပြီး၊ အခါတိုင်း အစီရင်ခံ တင်ပြခဲ့တာတွေထက် ၆၀% လောက် လျော့နည်းနေတယ်လို့ - ကမ္ဘာ့ဘဏ်က လေ့လာချက်အသစ်မှာ ဖော်ပြထားပါတယ်။

ရာသီဥတုပြောင်းလဲမှုကြောင့် မိုးခေါင်ရေရှားမှုတွေ၊ ဆိုင်ကလုံးမုန်တိုင်းတွေ၊ ရေကြီးမှုတွေနဲ့ ဟာရီကိန်းမုန်တိုင်းတွေလို ပြင်းထန်တဲ့ သဘာဝဘေး အန္တရာယ်တွေ အဖြစ်များလာမှာမို့ လာမယ့်ဆယ်စုနှစ်တွေအတွင်း ဒီကိန်းဂဏန်း ပိုတိုးလာလိမ့်မယ်လို့ မျှော်လင့်ရကြောင်းလည်း - ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။

“သဘာဝဘေးဒဏ်ကို မရှိဆင်းရဲသားတွေ ခံနိုင်ရည်ရှိမှု တိုးမြှင့်နိုင်ရေး” - ခေါင်းကြီးနဲ့ စာမျက်နှာ ၁၉၀ ရှိတဲ့ သဘာဝဘေးဒဏ် အစီရင်ခံစာမှာ - သဘာဝဘေးဒဏ်ကြောင့် ရရှိတဲ့ ဆုံးရှုံးမှုတွေကြောင့် ဆင်းရဲမွဲတေမှု ပပျောက်အောင် လုပ်နိုင်ဖို့က ခက်ခဲတယ်လို့ ဖော်ပြထားပါတယ်။

ရာသီဥတုဆိုးရွားတဲ့ဒဏ်ကို အများဆုံး ခံကြရတဲ့သူတွေဟာ စိုက်ပျိုးရေးလုပ်ငန်းမှာ လုပ်ကိုင်ကြသူတွေဖြစ်ပြီး၊ ဆင်းရဲတဲ့အတွက် သူတို့ရဲ့နေအိမ်တွေကလည်း ပြိုကျပျက်စီးလွယ်ကြတဲ့အတွက် ဆင်းရဲသားတွေအနေနဲ့ ဆင်းရဲတွင်းနက်ဖို့က နှစ်ဆပို လွယ်ကူတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် အကြံပေးချက်တွေအနက် ရာသီဥတုဆိုးရွားမှုအတွက် ကြိုတင်သတိပေးချက်ထုတ်ပြန်ဖို့ ကြိုတင် ဘေးအန္တရာယ်ကင်းဝေးရာကို ရွှေ့ပြောင်းနိုင်ဖို့အပြင် သဘာဝဘေးအန္တရာယ် ခံကြရတဲ့သူတွေ ပြန်လည် နာလန်ထူနိုင်ရေးအတွက် အစိုးရအနေနဲ့ ချေးငွေအထောက်အပံ့ ပေးနိုင်ဖို့ အကြံပေးထားပါတယ်။ ဒါ့အပြင် သဘာဝဘေးအန္တရာယ် ကာကွယ်ရာမှာ ခိုင်မာတဲ့ တာတမံတွေ ဆောက်လုပ်ဖို့ မြေယာနဲ့ သဘာဝသစ်တော ထိန်းသိမ်းမှုကို အရေးယူဆောင်ရွက်ဖို့ကို အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။

ခန့်မှန်းချေ လူပေါင်း ၁ သိန်းခွဲနီးပါး သေဆုံးခဲ့ရတဲ့ ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုံးမုန်တိုင်းဒဏ် ခံခဲ့ရတဲ့ မြန်မာနိုင်ငံမှာဆိုရင်လည်း အခုချိန်ထိ ပြန်လည် နာလန်မထူနိုင်သေးတဲ့ အခြေအနေနဲ့ ကြုံနေရပြီး - အဓိကအကြောင်းရင်းဟာလည်း တာတမံတွေ၊ ရေမြောင်းတွေ၊ ပျက်စီးကုန်တဲ့အတွက် နောက်ဆက်တွဲ အကျိုးဆက်တွေကို ခံစားနေရတာဖြစ်တယ်လို့လည်း ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံထဲမှာ ဖော်ပြထားတာပါ။ တာတမံတွေ ပျက်စီးကုန်တဲ့အတွက် မကြာခဏ ရေကြီးမှုဒဏ် ခံကြရသလို၊ နာဂစ်မုန်တိုင်းဒဏ်ခံရပြီး နောက်ပိုင်းကစလို့ နေ့စဉ်၊ လစဉ် ဒီရေတက်တဲ့ အချိန်ဟာလည်း ပိုမို ကြာမြင့်လာတာကြောင့် စိုက်ပျိုးမြေတွေမှာ ဆားငံရေဝင်တဲ့ဒဏ်ကို ခံနေရပါတယ်။ ပျက်စီးမှုတွေကို ပြင်ဆင်ဖို့ ငွေကြေး မတတ်နိုင်တဲ့အတွက်လည်း ထိခိုက်ဆုံးရှုံးမှုတွေကို မတားဆီးနိုင်တဲ့ အခြေအနေနဲ့ ကြုံနေရတာလို့လည်း ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ နာဂစ်ဆိုင်ကလုံးမုန်တိုင်းဒဏ် ခံခဲ့ရပြီးနောက် ဒေသခံလယ်သမားတွေ၊ ငါးဖမ်းသမားတွေ၊ အလုပ်သမားတွေဟာ ကြွေးမြီပြဿနာ တွေကို အကြီးအကျယ် ရင်ဆိုင်ခဲ့ကြရပါတယ်။ အကြွေးတွေ မတန်တဆ များလွန်းတဲ့အတွက် စိုက်ပျိုးမွေးမြူရေး အလုပ်အကိုင်မကောင်းတဲ့ ရွာတရွာမှာ လူဦးရေ ၂၀% ကနေ ၅၀% လောက်အထိဟာ ပိုင်ဆိုင်သမျှကို အပေါင်ခံထားရတာ၊ ငှားရမ်းရတာ၊ မြေယာတွေကို ရောင်းချရတာမျိုးတွေ လုပ်ခဲ့ကြရသလို၊ ကြွေးရှင်တွေကလည်း မြေတွေယာတွေလိုမျိုး ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းတာမျိုးတွေ ရှိခဲ့ကြောင်းကိုလည်း ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ကိုးကားဖော်ပြထားပါတယ်။

အစီရင်ခံစာကို ဦးဆောင်ပြုစုသူတဦးဖြစ်တဲ့ Stephane Hallegatte က - သဘာဝဘေးဒဏ်ခံရတဲ့ မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု ပပျောက်နိုင်ရေး ဆောင်ရွက်နိုင်ဖို့ အခုလို အကြံပေးခဲ့ပါတယ်။

“ဆင်းရဲမွဲတေမှုက လွတ်မယ်ကြံတုန်း သဘာဝဘေးဒုက္ခကြောင့် ဆင်းရဲတွင်း ပြန်ဆင်းကြရတဲ့ အခြေအနေတွေ ကြုံကြရပါတယ်။ ဒါကြောင့် ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် သဘာဝဘေးအန္တရာယ် ကျရောက်မှု နည်းပါးအောင်လုပ်နိုင်ရင် ထိရောက်ပါတယ်။ တချိန်တည်းမှာပဲ ဖွံ့ဖြိုးရေးအစီအစဉ်တွေကို ရင်းနှီးမြှုပ်နှံမှု အစီအစဉ်တွေနဲ့အတူ တိုးတက်မယ့် ဗျူဟာတွေကို မြန်မာနိုင်ငံမှာ ချမှတ်နိုင်ဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံဟာ ပထဝီဝင်အနေအထားအရရော မြေမျက်နှာပြင် အနေအထားအရရော ဆင်းရဲတဲ့လူတွေ သဘာဝဘေးအန္တရာယ်ကို အများဆုံးခံရတဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်” - လို့ မစ္စတာ Hallegatte က ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG