သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည် လျှပ်စစ်မီး ရရှိရေး ကမ္ဘာ့ဘဏ် ကူညီမည်


မြန်မာပြည်ဆိုင်ရာ ကမ္ဘာ့ဘဏ် အမှုဆောင် အရာရှိချုပ် Jin-Yong Cai
မြန်မာပြည်ဆိုင်ရာ ကမ္ဘာ့ဘဏ် အမှုဆောင် အရာရှိချုပ် Jin-Yong Cai
တိုင်းပြည်ထဲ လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက် မရတဲ့ မြန်မာနိုင်ငံကို လျှပ်စစ်ဓာတ်အား ပေးရေးဆိုင်ရာ အကူအညီတွေ ပေးသွားမယ်လို့ ကမ္ဘာဘဏ် လက်အောက်က အပြည်ပြည်ဆိုင်ရာ ငွေကြေး ကော်ပိုရေးရှင်း က ပြောလိုက်ပါတယ်။ အာဏာပိုင် အစိုးရအနေနဲ့ ရှေ့လာမယ့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေမှာ ပြည်သူကို ရှေ့တန်းတင်ပြီး ရဲရဲဝင့်ဝင့် ဆောင်ရွက်သင့်တာတွေကို ဆောင်ရွက်ဖို့ လိုအပ်တယ် ဆိုပြီးတော့လည်း ကမ္ဘာ့ဘဏ် တာဝန်ရှိသူတွေက ရန်ကုန်မြို့ Chatrium Hotel မှာ အင်္ဂါနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်း ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကို ကမ္ဘာ့ဘဏ်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင် တက်ရောက်သတင်းယူ ခဲ့တဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ခဲ့ပါတယ်။

လူ ၄ ဦးမှာ တဦးသာ လျှပ်စစ်ဓာတ်အား သုံးစွဲခွင့် ရတဲ့ မြန်မာနိုင်ငံကို လျှပ်စစ်ဓာတ်အားနဲ့ ပတ်သက်ပြီးတော့ အကူအညီတွေပေးဖို့ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ကမ္ဘာဘဏ် အကြီးအကဲ တွေက ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လာမယ့် ကာလတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ် နိုင်ဖို့အတွက် ကောင်းမွန်တဲ့ လျှပ်စစ်ဓာတ်အားတွေ ရရှိဖို့ လိုအပ်တယ်လို့လည်း ကမ္ဘာ့ဘဏ် အမှု ဆောင် အရာရှိချုပ် မစ္စတာ ဂျင်ယောင် ချိုင်း (Jin-Yong Cai) က ပြောပါတယ်။

“နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှုတွေအစား ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတွေကို စွဲဆောင်ဖို့၊ အစိုးရကို အကူအညီ ပေးဖို့ ကျနော်တို့ ရည်ရွယ်တာပါ။ စွမ်းအင်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုဟာ အစိုးရကိုရော၊ တိုင်းပြည်ကိုပါ တတ်နိုင်တဲ့ ရေရှည်ခံမယ့် လက်လှမ်းမှီနိုင်တဲ့ အခြေအနေမျိုးရောက်အောင် ကူညီဖို့ ဖြစ်ပါတယ်”

ရေအားလျှပ်စစ် စက်ရုံတွေရဲ့ ထုတ်လုပ်ပေးနိုင်တဲ့ ပမာဏ လျှော့နည်းနေတာတွေ၊ သဘာ၀ ဓာတ်ငွေ့ ကို အကန့်အသတ်နဲ့ ထုတ်လုပ်နိုင်တွေကြောင့် ပြည်တွင်းမှာ လျှပ်စစ်ဓာတ်အား အလုံအလောက် မရ တာလို့လည်း မစ္စတာ ဂျင်ယောင် ချိုင်း (Jin-Yong Cai) က ပြောပါတယ်။

ကမ္ဘာ့ဘဏ်အနေနဲ့ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ တွေကိုလည်း လျှပ်စစ်ဓာတ်အား တိုးမြှင့် ထုတ်လုပ်နိုင်အောင် ကူညီဆောင်ရွက်ပေးခဲ့တာတွေလည်း ရှိခဲ့တယ်လို့ ကမ္ဘာ့ဘဏ် ပြောခွင့်ရသူတွေ က ပြောပါသေးတယ်။

လက်ရှိ မြန်မာနိုင်ငံဟာ အရပ်သား အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတဲ့အတွက် အစိုးရအနေနဲ့ ပြည်သူကို ရှေ့တန်းတင်ပြီးတော့ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ဖြစ်အောင် ရဲရဲဝင့်ဝင့် ဆောင်ရွက်သင့်တယ်လို့လည်း မစ္စတာ ဂျင်ယောင် ချိုင်း (Jin-Yong Cai) က ထောက်ပြ ပြောဆိုခဲ့ပါတယ်။

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို လတ်တလော ချေးငွေအဖြစ် အတိုးမဲ့ အမေရိကန်ဒေါ်လာ ၁၆၅ သန်း ကို ပံ့ပိုးပေးထားတာဖြစ်ပြီး မကြာသေးခင်တုန်းကလည်း ကျေးလက်ဒေသမှာ ရှိတဲ့ ကျောင်းတွေ၊ ဆေးရုံတွေအတွက် ဒေါ်လာ သန်း ၈၀ ကိုလည်း ချထားပေးခဲ့ပြီး ဖြစ်ပါတယ်။

“ထူးထူးခြားခြား မီးမောင်းထိုးပြချင်တဲ့ တချက်ကတော့ ကျေးရွာတွေမှာ ကျောင်းတွေ၊ ဆေးခန်း
တွေ၊ ကျေးလက်ဒေသ ရေရရှိရေး စတာတွေ တိုးတက်ဖို့အတွက် ဖွံ့ဖြိုးမှု သင်တန်းတွေ ပေးဖို့ ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ သန်း ၈၀ အထောက်အပံ့ ပေးခဲ့တာပါပဲ”

ပြည်တွင်း ငြိမ်းချမ်းရေး ရဖို့အတွက် ဆောင်ရွက်နေတဲ့ ကာလမှာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးစင်တာကို ပံ့ပိုး ကူညီပေးတာမျိုးတွေ လုပ်ဆောင်မှာဖြစ်သလို၊ အဆိုးရွားဆုံး အခြေအနေကိုရောက်နေ တဲ့ ပြည်တွင်းက လယ်ယာကဏ္ဍကိုလည်း ပံ့ပိုးကူညီဖို့အတွက် ဦးစားပေး နယ်မြေသတ်မှတ်တာတွေကို အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်နေတယ်လို့လည်း ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ကမ္ဘာ့ဘဏ် တာဝန်ရှိသူတွေက ပြောပါတယ်။

ပြည်တွင်းမှာ လိုအပ်နေတဲ့ ဆက်သွယ်ရေး စနစ်တွေ ကောင်းအောင် ဖန်တီးပေးနိုင်ဖို့ အတွက်လည်း ကမ္ဘာ့ဘဏ် က ကူညီဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

“လာမယ့်လ အနည်းငယ်အတွင်းမှာ ဆက်သွယ်ရေးလုပ်ငန်း လိုင်စင်တွေကို ရွေးချယ်ပေးနိုင်လိမ့် မယ်လို့ မျှော်လင့်ပါတယ်။ အလားအလာရှိတဲ့ ဆက်သွယ်ရေးဝန်ဆောင်မှု ပေးနိုင်တဲ့ လုပ်ငန်းကို ခပ်မြန်မြန် အကောင်အထည် ဖော်နိုင်ဖို့ ရှိပါတယ်။”

ကမ္ဘာ့ဘဏ်လုပ်ငန်းစုက အကြီးအကဲပိုင်း တာဝန်ယူထားသူတွေဟာ မြန်မာနိုင်ငံကို ဖေဖော်ဝါရီလ က ရောက်ရှိနေခဲ့တာဖြစ်ပြီး သမ္မတ ဦးသိန်းစိန် အပါအဝင် သက်ဆိုင်ရာ အစိုးရ ခေါင်းဆောင်ပိုင်း တာဝန်ရှိသူတွေနဲ့ နေပြည်တော်မှာ တွေဆုံခဲ့ပါတယ်။

အစိုးရနဲ့ အတိုက်အခံပါတီ တခုဖြစ်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့ပြီးတော့ ဆင်းရဲတဲ့ လူတန်းစားတွေ ဘဝကို မြှင့်တင်ပေးဖို့ နည်းလမ်းတွေနဲ့ပတ်သက်ပြီး ဘယ်လို ဆောင်ရွက်ပေးနိုင်မလဲ ဆိုတာတွေကိုလည်း အဖြေရှာခဲ့ကြပါ သေးတယ်ခင်ဗျာ။
XS
SM
MD
LG