သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ကို တရုတ်သမ္မတ တရားဝင် ခရီးစဉ် လာရောက်မည်


သမ္မတ ရှိကျင်းပင် နဲ့ အမေရိကန်လာမည်။
သမ္မတ ရှိကျင်းပင် နဲ့ အမေရိကန်လာမည်။

နောက်သီတင်းပတ်ထဲမှာ တရုတ် သမ္မတ ရှိကျင်းပင် အမေရိကန် ပြည်ထောင်စုကို ပထမဆုံး တရားဝင် ခရီးစဉ် အဖြစ်နဲ့ လာရောက်မယ်လို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က မနေ့က ကြေညာချက် ထုတ် အတည်ပြုပါတယ်။ အမေရိကန်နဲ့ တရုတ် အစိုးရ နှစ်ရပ်ကြား မကျေလည်မှုတွေ တိုးပွားလာနေတဲ့ အချိန်မှာ တရုတ်သမ္မတရဲ့ အမေရိကန်ခရီးစဉ် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

တရုတ်ပြည်သူ့ သမ္မတ နိုင်ငံရဲ့ သမ္မတ ရှိကျင်းပင်ကို အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက အိမ်ဖြူတော်မှာ စက်တင်ဘာလ ၂၅ ရက်နေ့မှာ လက်ခံတွေ့ဆုံ မှာ ဖြစ်တယ်လို့လည်း မနေ့ နှောင်းပိုင်းက ကြေညာချက်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလက သမ္မတ အိုဘားမားရဲ့ တရုတ်နိုင်ငံ ခရီးစဉ်ရဲ့ အလဲအလှယ် အဖြစ် တရုတ် သမ္မတ အမေရိကန်ကို လာရောက်မယ့် တရုတ် သမ္မတကို အိမ်ဖြူတော်မှာ နိုင်ငံတော် ညစာစားပွဲနဲ့တည်ခင်းမှာ ဖြစ်ပြီး သမ္မတ ကတော်တွေလည်း တက်ရောက်ကြမယ်လို့ အိမ်ဖြူတော်ရဲ့ ကြေညာချက် က ဖော်ပြပါတယ်။

ဒီတွေ့ဆုံပွဲမှာ သမ္မတ ၂ ဦးတို့ကြား သဘောမတူတာတွေ ကို ဆွေးနွေးညှိနှိုင်းနိုင်မှာမို့ အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံကြား ကမ္ဘာ့အရေးက အစ ဒေသတွင်း အရေးနဲ့ နှစ်နိုင်ငံ အကျိုးတူ ကိစ္စရပ်တွေ အထိ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးချဲ့နိုင်ဖို့မယ့် အခွင့်အလမ်းလည်း ဖြစ်ပါတယ်လို့ လည်း အမေရိကန် သမ္မတရဲ့ အိမ်ဖြူတော် ကြေညာချက်မှာ ထပ်လောင်းဖော်ပြထားပါတယ်။

အမေရိကန်နဲ့ တရုတ် အစိုးရတို့ကြား သဘောထား မတိုက်ဆိုင် မှုတွေကြောင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေပေါ်မှာ သက်ရောက်မှုတွေလည်း ရှိနေတာပါ။ အမေရိကန်နဲ့ တရုတ်ကြား ဆိုက်ဘာတိုက်ခိုက်မှု ပြသနာ ကလည်း နှစ်နိုင်ငံကြား အထစ်အငေ့ါ ဖြစ်နေတဲ့ အဓိက ကိစ္စ တခုပါ။

တရုတ်ပြည်တွင်း အခြေစိုက်ပြီးအမေရိကန် အစိုးရနဲ့ စီးပွားရေး လုပ်ငန်းတွေကို အင်တာနက် ဆိုက်ဘာတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ အမေရိကန်ဘက်က ပြောဆိုပြီး သမ္မတ အိုဘားမား ကိုယ်တိုင်ကလည်း ဆိုက်ဘာတိုက်ခိုက်မှုတွေဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ပြောဆိုထားတာပါ။

တောင်တရုတ် ပင်လယ်ပြင် ပိုင်ဆိုင်မှု အငြင်းပွားမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ အရေးအရာတွေမှာလည်း အမေရိကန်နဲ့ တရုတ်နှစ်နိုင်ငံကြား သဘောထားကွဲနေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG