သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလူ့အခွင့်အရေးကိုယ်စားလှယ် Bangladeshနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံ


ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီး A.H. Mahmood Ali နဲ့ Yanghee lee တွေ့ဆုံ (Md Shahriar Alam's Facebook page)
ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီး A.H. Mahmood Ali နဲ့ Yanghee lee တွေ့ဆုံ (Md Shahriar Alam's Facebook page)

ဘင်္ဂလားဒေရှ့်နိုင်ငံမှာရောက်နေတဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူး သံတမန် Yanghee Lee ဟာ ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီး A.H. Mahmood Ali နဲ့ တနင်္လာနေ့က Dhaka မြို့တော်မှာ တွေ့ဆုံပြီး ရိုဟင်ဂျာတွေကိစ္စ ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ကို ရိုဟင်ဂျာတွေ အလုံးအရင်းနဲ့ဝင်ရောက်လာနေရတဲ့ အဓိကပြဿနာကို နိုင်ငံတကာအသိုင်းအဝိုင်းက ဝိုင်းဝန်းဖြေရှင်းပေးဖို့ ဝန်ကြီး Ali ကတိုက်တွန်းခဲ့ပါတယ်။

ရေရှည်ဖြစ်နေတဲ့ပြဿနာအတွက် ငြိမ်းချမ်းတဲ့ အဖြေတခုရှာဖို့လိုအပ်တယ်ဆိုတာကို နိုင်ငံခြားရေးဝန်ကြီးက Ms. Yanghee Lee ကို အလေးထားပြောခဲ့တယ်လို့ ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ Ms. Yanghee Lee ဟာ မြန်မာဘက်ကနေရောက်လာတဲ့ ရိုဟင်ဂျာမွတ်စလင်တွေရဲ့ အခြေအနေကိုလေ့လာဖို့ ၃ ရက်ကြာခရီးစဉ်နဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ရောက်နေတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် စုံစမ်းဖို့အတွက် ရိုဟင်ဂျာတွေ ခိုလှုံနေကြတဲ့ Cox’s Bazar ဒေသဆီကို ဒီကနေ့ အင်္ဂါနေ့မှာ သူသွားရောက်လေ့လာမှာဖြစ်ပါတယ်။ နတ်မြစ်တဖက်ခြမ်းမှာရှိတဲ့ Cox’s Bazar ခရိုင်ထဲမှာ မြန်မာဘက်ကနေ ထွက်ပြေးလာကြသူတွေ မပြတ်ရှိနေတာဟာ ဒေသခံတွေရဲ့ လူမှုစီးပွားရေးကို ထိခိုက်စေတဲ့အပြင် နိုင်ငံရေး၊ သဘာဝပါတ်ဝန်းကျင်နဲ့ လုံခြုံရေးပြဿနာတွေရှိတယ်လို့လည်း ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန်ကို တနင်္လာနေ့က တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။

ဘင်္ဂလားဒေရှ့်က ရိုဟင်ဂျာတွေနဲ့ပတ်သက်တဲ့ လေ့လာတွေ့ရှိချက်ကို Ms. Yanghee Lee က အစီရင်ခံစာပြုစုပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်ကို တင်ပြမှာဖြစ်ပါတယ်။ ဒီအစီရင်ခံသာကို မတ်လ ၁၃ ရက်နေ့မှာ Online ပေါ်မှာ ဖတ်ရှုနိုင်ကြမှာဖြစ်ပါတယ်။

တချိန်ထဲမှာပဲ ဘင်္ဂလားဒေရှ့်နိုင်ငံ Dhaka မြို့တော်မှာရောက်နေတဲ့ နော်ဝေးနိုင်ငံခြားရေးဝန်ကြီး Borge Brende ကလည်း ရိုဟင်ဂျာတွေ သူတို့နေရပ်ကို ပြန်နိုင်ကြအောင် မြန်မာဖက်က ကြိုးစားပေးဖို့ မျှော်လင့်တယ်လို့ ပြောကြားခဲ့ပြပါတယ်။

တနင်္လာနေ့က ဟိုတယ်တခုမှာလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ အတွင်း ရိုဟင်ဂျာကိစ္စ ဆွေးနွေးကြတာမှာ ရိုဟင်ဂျာဒုက္ခသည်တွေကို ဘင်္ဂလားဒေရှ်ဘက်က လက်ခံထားတာကို ချီးကျူးခဲ့သလို ဒုက္ခသည်တွေအပေါ် ပိုပြီးကောင်းကောင်းမွန်မွန် ဆက်ဆံဖို့လည်း သူကတိုက်တွန်းခဲ့ပါတယ်။ စစ်တပ်က အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေဆဲဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ရှုပ်ထွေးတဲ့ နိုင်ငံရေးအခြေအနေကို ဘင်္ဂလားဒေရှ့်ပြည်သူတွေ နားလည်ကြဖို့ မျှော်လင့်တယ်လို့လည်း နော်ဝေးနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG