သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယန်ဟီးလီခရီးစဉ်က ရခိုင်ပြသနာ အဖြေမထွက်နိုင်


၂၀၁၆ ခရီးစဉ်အတွင်း ရခိုင် မူဆလင်ဒေသခံတွေနဲ့ တွေ့ခဲ့တဲ့ ယန်ဟီးလီ။
၂၀၁၆ ခရီးစဉ်အတွင်း ရခိုင် မူဆလင်ဒေသခံတွေနဲ့ တွေ့ခဲ့တဲ့ ယန်ဟီးလီ။

ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်တိုင်း ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိူးဖောက်မှု တွေကို နှစ်စဉ် လာရောက်စုံစမ်းစစ်ဆေး ပေမယ့် သူတို့ရဲ့ အခြေအနေတွေ ပြောင်းလဲတိုးတက်လာ မှုမရှိသေးဘူး လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ သောကြာနေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိလာတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စား လှယ်ဟာ ဒေသခံ မွတ်စလင်တွေ နဲ့ တွေ့ဆုံခဲ့ သလို ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ အစိုးရအဖွဲ့ကို သီးသန့်တွေ့ဆုံခဲ့ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ပြောပြမှာပါ။

အောက်တိုဘာလနဲ့ နိုဝင်ဘာလက နယ်စပ်လုံခြုံရေးစခန်းတွေ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် လုံခြုံရေးတပ်တွေဘက်က လူအခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို လာရောက်စုံစမ်းဖို့ သုံးရက်ကြာခရီးစဉ်အဖြစ် ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Yanghee Lee ဟာ မနေ့က စစ်တွေမြို့ကို ရောက်ရှိလာပါတယ်။

ရခိုင်ခရီးစဉ်မတိုင်ခင် Yanghee Lee နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့တဲ့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမရကတော့ Yanghee Lee တင်သွင်းမယ့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာမှာ ဘက်ပေါင်း စုံရှုထောင့်အမြင်ပါဝင်ဖို့ လိုကြောင်း ဗွီအိုအေကို အခုလိုပြောပါတယ်။

" ကျနော်အနေနဲ့ကတော့ သူတင်ပြမယ့်ယူဆချက်ကိုတော့ ဘာမှ ပြောဆိုလို့မရဘူး။ သူ့အနေနဲ့ လွတ်လွတ်လပ်လပ် အစီရင်ခံစာတင်သွင်းသူတယောက်အနေနဲ့ တင်ပြမှာကိုး။ ဘာပဲဖြစ်ဖြစ်ပေါ့နော် ဒီမှာဖြစ်ပေါ်နေတဲ့ ပကတိ အနေအထားလေးတွေ ကိုတော့ မှန်မှန်ကန်ကန်ဖော်ပြနိုင်ဖို့က အရေးကြီးတယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတဲ့အခါကျတော့ တဖက်ကနေပြီးတော့ သူ့ရဲ့ရှု့ထောင်သပ်သပ်နဲ့ မြင်သွားတယ်ဆိုလို့ရှိရင် ကျနော်တို့ ဒီမှာ လက်မခံနိုင်တဲ့ အနေအထားမျိုးဖြစ်တဲ့အခါ ဒါ အငြင်းပွားတာမျိုး ဖြစ်ရင် ကျနော်တို့ ဘယ်လိုနည်းနဲ့မှ ထိရောက်နိုင်မှု မရှိပါဘူး။ ဘာလို့လဲဆိုတော့ ပြသနာတခုကို ပြေလည်အောင် လုပ်တယ်ဆိုတာ နှစ်ဘက်ညှိနှိုင်းကြရတာပေါ့။ နှစ်ဘက်အမြင်ပေါ့ ဒါတွေကို ညှိနှိုင်းပြီးတော့ လုပ်မှသာလျှင် ဖြစ်မှာဖြစ်တဲ့အတွက်ကြောင့် မို့လို့ သူ့ရဲ့ အစီရင်ခံစာတွေမှာတော့ ဒီမှာဖြစ်နေတဲ့ ဒေသအခြေအနေ အမှန်တွေကို တင်ပြနိုင်မယ်လို့ ကျနော်တော့ အဲ့လို မျှော်လင့်ပါတယ်။"

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Yanghee Leeဟာ သူရဲ့ ငါးကြိမ်မြောက် ရခိုင်ပြည်နယ် ခရီးစဉ်မှာ စစ်တွေမြို့အပါအဝင် အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ ဘူးသီးတောင်၊ မောင်းတော၊ ရသေ့တောင် မြို့တွေဘက်က အခြေအနေတွေကို သွားရောက်ကြည့်ရှုမှာဖြစ်ပါတယ်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ်တွေဘက်က သူတို့အခြေအနေကို အမြဲတမ်း လာရောက်ကြည့်ရှု့ပေမဲ့ အခုချိန်ထိ ဘာမှ ပြောင်းလဲတိုးတက်ခြင်း မရှိသေးတဲ့အတွက် Yanghee Lee ရဲ့ အခုခရီးစဉ်ကနေ ရခိုင်ပြည်နယ်က အခြေအနေတွေ ပြောင်းလဲမှုရှိအောင် ကုလသမဂ္ဂဘက်က ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့ လိုအပ်နေကြောင်း စစ်တွေမြို့ မွတ်စလင် ဒေသခံတဦးက ပြောပါတယ်။

" ကျနော်တို့က ပြောင်းလဲချင်တဲ့ဆန္ဒတွေကို တင်ပြထားတယ်။ ဒါပေမဲ့ တင်ပြသွားတာပဲ ရှိတယ်။ သူလည်း နားထောင်သွားတာပဲ ရှိတယ်။ ပြောင်းလဲမှု ဘာမှ မရှိသေးတဲ့အပေါ်မှာ ဒီတခေါက် သူနဲ့ တွေ့မယ်ဆိုရင် လူကြီးမင်းအနေနဲ့ Ms အနေနဲ့ ကျနော်တို့ တင်ပြထားတာ တောင်းဆိုထားတာ အခုထက်ထိ ဘာမှ မရှိသေးတာကို သေချာစဉ်းစားပြီးတော့ သေချာလုပ်ဆောင်ပေးဖို့အတွက် ကျနော်ကတော့ သူ့ကို တောင်းဆိုချင်တယ်။ တိုက်တွန်းချင်တယ်။ "

မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရ တက်လာပြီးနောက်ပိုင်း ပြောင်းလဲတိုးတက်မှုတွေ ဖြစ်ပေါ်လာမယ်လို့ အများက မျှော်လင့်နေချိန်မှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေကြား အပြင်းအထန် တိုက်ပွဲတွေဖြစ်လာသလို၊ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပေါ်ခဲ့တဲ့ ရခိုင်ပြည်ဘက်မှာလည်း လုံခြုံရေးတပ်တွေဘက် လူ့အခွင့် အရေးချိုးဖောက်မှုတွေရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်နေတာဖြစ်ပါတယ်။

အခုလို မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ဖြစ်ပေါ်ရတဲ့ အကြောင်း အရင်းပြဿနာကို ဖြေရှင်းမပေးနိုင်သမျှ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း ရဲ့ စောင့်ကြည့် ဝေဖန်မှုတွေ ခံနေရမှာ ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုအခြေစိုက် မြန်မာ့အရေးလေ့လာနေသူ ဒေါက်တာတင့်ဆွေက သုံးသပ်ပါတယ်။

"ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ တက်တော့လည်းပဲ ဒီလိုမျိုး လူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စတွေ လူ့အခွင့်အရေးကိုယ်စားလှယ်က လာကြည့်ရတယ်။ ကြည့်တဲ့အခါမှာလည်း ရာနှုန်းပြည့် ခွင့်မပြုတဲ့နေရာတွေလည်း ရှိတယ်ဆိုတော့ကာ ကျနော်တို့ မြန်မာနိုင်ငံမှာ အဲ့သလို နိုင်ငံတကာက လာကြည့် ရလောက်အောင် လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ တိုက်ပွဲဖြစ်ရာဒေသ နဲ့ နောက်တခါ အစွန်းရောက်ကိစ္စတွေ ဖြစ်ပွားတဲ့ ဒေသတွေမှာ ဖြစ်နေတာ အဲ့ဒီ့ဖြစ်နေတဲ့ အကြောင်းရင်းတွေကို ဖြေရှင်းပြီးတော့ ပြေလည်အောင် မလုပ်မချင်းကတော့ ဆက်ရှိနေမယ်လို့ ကျနော်ယူဆပါတယ်။ ဒါကြောင့် NLD အစိုးရကိုလည်း လိုတာထက်ပိုပြီး မျှော်လင့်လို့မရဘူး ဘာကြောင့်လဲဆိုတော့ NLD အစိုးရတခုတည်း လုပ်လို့မရတဲ့ အရာတွေ အလွန့်အလွန်များတယ်။"

နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ Human Rights Watch အဖွဲ့ကတော့ NLD အစိုးရအနေနဲ့ တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တားဆီးဖို့ ပျက်ကွက်ခဲ့တယ်လို့ ၂ဝ၁၇ ခုနှစ် နိုင်ငံတကာ လူ့အခွင့်အရေး အစီရင်ခံစာမှာ ဝေဖန်ထောက်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG