သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး ဆွေးနွေးရာမှာ ရိုဟင်ဂျာ သုံးနှုန်းမှှု မပြုဖို့ ကုလကို ဒေါ်စုပြောကြား


ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စ Yanghee lee တွေ့ဆုံ နေစဉ်။ ဓါတ်ပုံ (MOFA)
ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စ Yanghee lee တွေ့ဆုံ နေစဉ်။ ဓါတ်ပုံ (MOFA)

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က လူမှုအသိုင်းအဝိုင်းကြားမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ အရေး ဖြေရှင်းရာမှာ အဟန့်အတား ဖြစ်စေနိုင်တာကြောင့် ရိုဟင်ဂျာ ဆိုတဲ့ အမည်ကို အစိုးရက သုံးနှုန်းမှာ မဟုတ်တဲ့အကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်နဲ့ ဒီကနေ့ တွေ့ဆုံရာမှာ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Yanghee Lee နဲ့ နေပြည်တော်မှာ တွေ့ဆုံရာမှာ အစိုးရရဲ့ ရပ်တည်ချက်ကို အခုလို ရှင်းပြခဲ့တာပါ။ ကိုအောင်အောင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အတွင်းက အခုလို လူ့ အသိုင်းအဝိုင်း ၂ ရပ်ကြားက ပဋိပက္ခတွေကို ဖြေရှင်းရာမှာ အနှောက်အယှက်ဖြစ်စေတဲ့ အသုံးအနှုန်း မျိုးကို ရှောင်ကျဉ်စေလိုကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီးနဲ့ တွေ့ဆုံ ရာမှာ ပြောကြားခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဦးအောင်လင်းက ပြောပါတယ်။
“မြန်မာနိုင်ငံနဲ့ ကုလသမဂ္ဂ ကြားထဲမှာ ကျွန်တော်တို့ ရခိုင်ကိစ္စကို ပြေလည်ဖို့ကို အထောက်အကူ မဖြစ်စေတဲ့ စကားလုံး အသုံးအနှုန်းတွေကို မသုံးသင့်ပါဘူး ဆိုတဲ့ ဟာကို ကျွန်တော်တို့ နိုင်ငံခြားရေး ဝန်ကြီးက ပြောခဲ့ပါတယ်။ ”

လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က မြန်မာအစိုးရသစ် ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက်ဖို့ တိုက်တွန်းချက်တွေကို ပြီးခဲ့တဲ့ မတ်လထဲ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို တင်ပြရာမှာတော့ ရိုဟင်ဂျာမူဆလင်တွေရဲ့ နိမ့်ကျတဲ့ အခြေအနေတွေကို တိုးတက်အောင် ဆောင်ရွက်ဖို့ ထည့်သွင်းထားတာပါ။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကတော့ ရိုဟင်ဂျာတွေ အပေါ် ခွဲခြားဆက်ဆံမှုတွေ မလုပ်ဖို့ဆိုပြီး တိုက်တွန်းမှုတွေ ရှိနေတာ ဖြစ်ပါတယ်။ HRW လို့ ခေါ်တဲ့ လူ့အခွင့်အရေးအဖွဲ့ကြီးရဲ့ အာရှရေးရာ ညွှန်ကြားရေးမှုး Brad Adam ကတော့ လူမျိုးစုတစုရဲ့ တည်ရှိမှုကို ဖုံးကွယ်ဖို့ ကြိုးစားတာ ဟာ ပြဿနာကို ဖြေရှင်းရာ မရောက်ဘဲ ပိုကြီးထွားစေတယ်လို့ ဆိုပါတယ်။

”သူတို့ဟာ ဘင်္ဂါလီဆိုတာထက် ရိုဟင်ဂျာလို့ ခံယူထားသူတွေပါ။ သူတို့ိကို မြန်မာနိုင်ငံသား ရိုဟင်ဂျာလို့ပဲ သုံးနှုန်းသင့်ပါတယ်။ သူတို့ဟာ နိုင်ငံသားတွေ ဖြစ်သင့်ပါတယ်။ ဒါကို လစ်လျူရှုတယ်ဆိုရင်တော့ ရလာဘ် ကောင်းထွက်မှာမဟုတ်ဘဲပြဿနာပိုကြီးထွားဖို့ပဲရှိပါတယ်။ အသားအရောင်နဲ့ ကိုးကွယ်တဲ့ ဘာသာကြောင့် ခွဲခြားဆက်ဆံတာဆိုရင် ဒါဟာ လူမျိုးရေးခွဲခြားမှုပါ။ လက်ရှိ အစိုးရအနေနဲ့ ရိုဟင်ဂျာအပေါ် နိုင်ငံသားတွေလို တန်းတူထား ဆက်ဆံ သင့်ပါတယ်။”

သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရလက်ထက်တုန်းက ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုကို အဆုံးသတ်ဖို့ တောင်းဆိုတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးကိုယ်စားလှယ်ကို ယန်ဟီးလီးကို သဘောထားပြင်းထန်တဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးနဲ့ လူပုဂ္ဂိုလ် တချို့က ပြင်းပြင်းထန်ထန် စကားလုံးတွေနဲ့ တိုက်ခိုက် ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း လူ့အခွင့်အရေး အဖွဲ့ဖြစ်တဲ့ HRW ကတော့ လူမျိုးတမျိုးရဲ့ ဖြစ်တည်မှုကို လစ်လျူရှုလို့ မရဘူးလို့ ဆိုပါတယ်။ Brad Adam က ခုလို ပြောပါတယ်။

“မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာတာတော့ အမှန်ပါ။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလာတယ်။ မီဒီယာ လွတ်လပ်ခွင့်တွေလည်း ရှိလာပါတယ်။ ဒါပေမယ့် လူ့အခွင့်အရေးနဲ့ ပါတ်သတ်ပြီး ဖြေရှင်းရမှာတွေ အများကြီးရှိနေပါသေးတယ်။ ကျနော်တို့ကတော့ ရိုဟင်ဂျာဆိုတာကို ဆက်သုံးသွားမှာပါ။ မြန်မာနိုင်ငံအပြင်ဘက်က အစိုးရ၊ အဖွဲ့အစည်းတွေ၊ မီဒီယာတွေအနေနဲ့လည်း ဆက်သုံးသင့်ပါတယ်။”

ရခိုင်ပြည်နယ်က အသိုင်းအဝိုင်းနှစ်ခုကြားက ပဋိပက္ခကို ဖြေရှင်းရာမှာ လုံလောက်တဲ့ အချိန်ပေးဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားခဲ့သလိုဒီပြသနာကိုဖြေရှင်းရာမှာ အမေရိကန် ဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ကူညီပြီး ပူးပေါင်းဆောင်ရွက် မှာ ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက လည်း ပြောကြားခဲ့ဘူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG