သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်တိုင်းအစိုးရအဖွဲ့ အတည်ပြု


ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်
ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင်ပြီး ရန်ကုန်တိုင်း ဒေသကြီးအစိုးရဖွဲ့စည်းဖို့ ဒီကနေ့ပဲ လွှတ်တော်မှာ တင်ပြလိုက်ပါတယ်။ ဝန်ကြီးဌာနတွေ လျှော့ချဖွဲ့စည်းမယ့် ရန်ကုန်တိုင်း အစိုးရအဖွဲ့မှာ အရင်တုန်းက အစိုးရဝန်ထမ်းဟောင်းတွေ ပါဝင်နေတဲ့ အတွက်လည်း NLD အစိုးရသစ် အနေနဲ့ မျှော်လင့်ထားသလောက် အုပ်ချုပ်ရေးမှာ ထိရောက်နိုင်ပါ့မလား စိုးရိမ်သူတွေလည်း ရှိနေပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မေခက ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အရင်အစိုးရလက်ထက်မှာ ဝန်ကြီးဌာန ၉ ခု ရှိနေရာက အခုအခါ ဝန်ကြီးဌာန ၆ ခုနဲ့ ဖွဲ့စည်းမှာ ဖြစ်တဲ့အကြောင်း လွှတ်တော်မှာ တင်ပြခဲ့တာပါ။ အရင်က ထားရှိခဲ့တဲ့ ဝန်ကြီးဌာနတွေထဲက တချို့ကို ပေါင်းစည်းခဲ့ပြီး သက်ဆိုင်ရာအလိုက် ပြန်လည်ဖွဲ့စည်းရာမှာတော့ ဝန်ကြီးဌာန ၆ ခုသာ ရှိတော့မှာ ဖြစ်တဲ့အကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်က လွှတ်တော်မှာတင်သွင်းခဲ့တာပါ။

“ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးဌာန အရေအတွက်ကို လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ၊ စီမံကိန်း နဲ့ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးမွေးမြူရေး သစ်တောနဲ့စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ၊ စည်ပင်သာယာရေးဝန်ကြီးဌာန၊ လူမှုရေးဝန်ကြီးဌာန၊ စုစုပေါင်း ဝန်ကြီးဌာန ၆ ခုဖြင့်၎င်း၊ ဝန်ကြီးဦးရေ ၆ ဦးဖြင့်၎င်း ဖွဲ့စည်းမှာဖြစ်ပါတယ်။”

ရန်ကုန်တိုင်းလွှတ်တော် ဥက္ကဌ ဦးတင်မောင်ထွန်း တိုင်းဝန်ကြီးချုပ်က တင်သွင်းလာတဲ့ အစိုးရအဖွဲ့နဲ့ ပက်သတ်ပြီး ခုလို လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ်က တိုင်းဒေသကြီးဆိုင်ရာ ဝန်ကြီးတွေ အနေနဲ့ ပြင်ပပညာရှင်လည်းဖြစ် အရင်နိုင်ငံဝန်ထမ်းဟောင်းတွေဖြစ်တဲ့ ဦးမြင့်သောင်း၊ ဦးဟံထွန်း၊ ဒေါ်နီလာကျော်၊ ဦးမောင်မောင်စိုးနဲ့ NLD လွှတ်တော်ကိုယ်စားလှယ် အမတ် ဦးနိုင်ငံလင်း တို့ကို ဝန်ကြီးတွေ အဖြစ် လျာထားကြောင်း၊ ရှေ့နေချုပ်ဟောင်း ဦးဟန်ထူးကို ဥပဒေချုပ်၊ စာရင်းစစ်ဟောင်း ဒေါ်ခင်သန်းလှ ကို စာရင်းစစ်ချုပ် အနေနဲ့ လျာထားတယ်လို့လွှတ်တော်မှာ တင်ပြခဲ့တာပါ။

ဝန်ကြီးချုပ် ရွေးချယ်သူတွေဟာ အများစုက အစိုးရဝန်ထမ်းဟောင်းတွေ များတာကြောင့် ခေါက်ရိုးကျိုးတဲ့အကျင့်တွေ ပါလာရင် အစိုးရ အဖွဲ့အနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ရှေ့ဆက်နိုင်ပါ့မလားလို့ စိုးရိမ်နေတာတွေ ရှိနေပါတယ်။ NLD ပါတီက ရန်ကုန်တိုင်းလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးဝင်းမောင်က သူ့အမြင်ကို အခုလိုပြောပါတယ်။

“ကျနော်တို့ရဲ့ အပေါ်က ကျနော်တို့လူကြီးတွေက ဒါသင့်တော်တယ်လို့ အများကြီး လုပ်ပေးနိုင်မယ်ထင်လို့ ကျနော်တို့ကို ဒါ ခန့်အပ်တာဖြစ်ပါတယ်။ ဒါပေမယ့်ကျနော်တို့ အငြိမ်းစားဝန်ထမ်းတွေများနေတယ်။ ဒီအငြိမ်းစားဝန်ထမ်းတွေအနေနဲ့ ယခင်လို ခေါက်ရိုးကျိုးတဲ့ပုံစံမျိုး ၊ ခေါက်ရိုးကျိုးတယ်ဆိုတာက ဒါခိုင်းထားတယ် ဒါပဲလုပ်၊ ဒီဟာပဲရှိတယ် ဒါပဲလုပ် ဆိုတဲ့ပုံစံမျိုး ခေါက်ရိုးကျိုးတဲ့ အနေအထားမျိုး ပွင့်ပွင့်လင်းလင်းပြောရင် ကျနော်တို့က ခေါက်ရိုးကျိုးနေတာတွေကို ပြုပြင်ပြောင်းလဲချင်တဲ့ ဆန္ဒနဲ့ လုပ်ကိုင်တာတွေလည်းရှိပါတယ်။ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ အနေအထားနဲ့ လုပ်တာတွေလည်းရှိပါတယ်။ အရင်လို အငြိမ်းစားဝန်ထမ်းတွေ ဖြစ်တဲ့အတွက် အရင်လို ခေါက်ရိုးကျိုးတဲ့ အနေအထားမျိုးရှိမရှိကတော့ ကျနော်တို့ လွှတ်တော်အနေနဲ့လေ့လာစောင့်ကြည့်ပြီး လွှတ်တော်အနေနဲ့ ထိန်းကျောင်းသွားမှာဖြစ်ပါတယ်။”

ဒီကနေ့မှာ ဝန်ကြီးချုပ် တင်ပြလာသူတွေကို လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်တာကြောင့် ဒီလူတွေဟာမကြာခင် သက်ဆိုင်ရာဝန်ကြီးဌာနတွေ မှာ တာဝန်ထမ်းဆောင်ရတော့မှာ ဖြစ်ပါတယ်။ ဒီလူတွေအနေနဲ့ ဝန်ကြီးတွေအနေနဲ့ခန့်အပ်လိုက်တာဖြစ်ပြီး၊ဘယ်ဝန်ကြီးဌာနတွေကို တာဝန်ယူမလဲဆိုတာကိုတော့ တိုင်းဝန်ကြီးချုပ်က ဒီကနေ့လွှတ်တော်မှာ တင်ပြခဲ့ခြင်းမရှိသေးပါဘူး။

ဥပဒေကြမ်းကော်မတီဝင် ဦးဝင်းမောင်က ဦးမြင့်သောင်း ကို စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ၊ ဦးဟံထွန်း ကို စိုက်ပျိုးရေး၊မွေးမြူရေး၊သစ်တောနဲ့စွမ်းအင်ဝန်ကြီး ၊ ဒေါ်နီလာကျော် ကို လျှပ်စစ်၊စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ၊ ဦးမောင်မောင်စိုးကို စည်ပင်သာယာရေးဝန်ကြီး၊ ဦးနိုင်ငံလင်း ကိုလူမှုရေး ဝန်ကြီး ၊ ဦးဟန်ထူးကို ဥပဒေချုပ်၊ ဒေါ်ခင်သန်းလှ ကို စာရင်းစစ်ချုပ် အဖြစ်တာဝန်ပေးမှာဖြစ်တယ်လို့ သူကခုလိုပြောပါတယ်။

“ဒေါ်ခင်သန်းလှ ကတော့ ကျနော်တို့ စာရင်းစစ်ချုပ်ဖြစ်ပြီးတော့ ဒေါ်နီလာကျော် က လျှပ်စစ် ဝန်ကြီးဖြစ်ဖို့များတယ်။ ဦးနိုင်ငံလင်း ကတော့ ကျနော်တို့ NLD နဲ့ ကျန်တဲ့ပုဂ္ဂိုလ်တွေကတော့ အကုန်လုံးအပြင်က။”

လက်ရှိမှာ လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီးဌာနကိုတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက် ခန့်ထားတဲ့ ဗိုလ်မှုးကြီးခင်အောင်ထွန်းက တာဝန်ယူသွားမှာပါ။ မကြာခင်မှာ ဒီရွေးချယ်လိုက်တဲ့ သူတွေက ကတိသစ္စာ ပြုကာ လာမယ့် ၅ နှစ်သက်တမ်းကို တာဝန်ယူသွား မှာဖြစ်ပါတယ်။

အစိုးရသစ်မှာ ဦးမောင်မောင်စိုး ကိုတာဝန်ပေးအပ်ခဲ့တဲ့ စည်ပင်သာယာရေးဝန်ကြီး ရာထူးဟာ၊ အရင်က မြို့တော်ဝန်ရာထူးလည်း ဖြစ်ပါတယ်။ ဦးမောင်မောင်စိုး ဟာ ပြည်ထောင်စုဝန်ကြီးတွေ ဖြစ်ကြတဲ့ ဦးသန်းမြင့်နဲ့ ဦးကျော်ဝင်းတို့လိုပဲ ပြည်ပက ရရှိထားတဲ့ ပါရဂူဘွဲ့လက်မှတ်တွေဟာ အတုတွေ ဖြစ်နေတယ်ဆိုပြီး အင်တာနက် လူမှုကွန်ယက်တွေမှာ ဝေဖန်ပြောဆိုခံနေရသူ တဦးလည်း ဖြစ်ပါတယ်။

XS
SM
MD
LG