သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်မှာ ဇီကာ ကူးစက်ခံရသူ သုံးရာနီးပါးရှိ


Zika ကူးစက်ခံရတဲ့ကလေးငယ်။
Zika ကူးစက်ခံရတဲ့ကလေးငယ်။

အမေရိကန် ပြည်ထောင်စုမှာ ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ အမျိုးသမီး အရေအတွက်ဟာ ၂ ဆပိုများနေတယ်ဆိုတာကို၊ စာရင်းကောက်ယူ ရေတွက်တဲ့ ပုံစံပြောင်းလဲရာက တွေ့ရှိခဲ့ရတဲ့အကြောင်း ကျန်းမာရေးဆိုင်ရာ ဗဟိုအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

ဝါရှင်တန်ဒီစီနဲ့ ပြည်နယ် ၅၀ တို့မှာ အမျိုးသမီးစုစုပေါင်း ၁၅၇ ယောက် ရောဂါ ကူးစက်ခံထားရပြီး၊ ရောဂါဖြစ်ပွားမှု အများစုတွေ့ရှိခဲ့ရတဲ့ ပွာတိုရီကို အပါအဝင် အမေရိကန်ပိုင်နယ်မြေတွေမှာ စုစုပေါင်း ၁၂၂ ယောက် ရှိတယ်လို့လည်း အမေရိကန် ရောဂါထိန်းချုပ်ရေးဌာန CDC က သောကြာနေ့မှာ ကြေညာခဲ့တာပါ။

ဒါဟာဆိုရင် ပြည်နယ်အားလုံးနဲ့ ဝါရှင်တန်ဒီစီမှာ အမျိုးသမီး ၁၁၃ ယောက်၊ အမေရိကန်ပိုင်နယ်မြေတွေမှာ ၆၅ ယောက် ရောဂါပိုး ကူးစက်ခံထားရတယ်လို့ CDC က ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ထုတ်ပြန်ခဲ့တဲ့ ကိန်းဂဏန်းထက် အဆမတန် ပိုများလာတာလည်း ဖြစ်ပါတယ်။

အခုအခါ ရောဂါလက္ခဏာ ပြသည်ဖြစ်စေ၊ မပြသည်ဖြစ်စေ ပြည်နယ်တွေ အားလုံးနဲ့ အမေရိကန်ပိုင်နယ်မြေတွေက ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အားလုံးကို ကျန်းမာရေးအရာရှိတွေက မှတ်တမ်းတင်နေတာပါ။ အရင်ကတော့ သွေးစစ်တဲ့အခါ ဗိုင်းရပ်စ်ပိုး တွေ့ရပေမဲ့၊ ရောဂါလက္ခဏာမတွေ့ရတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကိုတော့ စာရင်းထဲမှာ ထည့်မတွက်ခဲ့ပါဘူး။

အမျိုးသမီးတွေ အနေနဲ့ အလားတူ ဗိုင်းရပ်စ်ပိုးတမျိုး ကူးစက်ခံရတဲ့ အခါ သွေးစစ်ဆေးမှု တခုတည်းက အဖြေမှန်မရနိုင်မှာကို စိုးရိမ်လာတဲ့အတွက် CDC က ရေတွက်တဲ့ပုံစံ ပြောင်းလဲခဲ့တာပါ။ အမေရိကန် ကျန်းမာရေး ပညာရှင်တွေကတော့ ခြင်ကတဆင့်ကူးစက်တဲ့ ဇီကာဗိုင်းရပ်စ်ပိုးကြောင့် ကလေးတွေမှာ မွေးရာပါဦးနှောက်ချို့ယွင်းမှုတွေ၊ ဖွံ့ဖြိုးမှုမှာ ပြဿနာပေါ်နိုင် တာတွေ ဖြစ်စေနိုင်တယ်လို့ လက်ခံထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG