သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံရောက် မြန်မာအမျိုးသမီးတဦး ဇီကာဗိုင်းရပ်စ် ကူးစက်ခံရ


ဘန်ကောက်မြို့တနေရာတွင် ခြင်ဆေးဖျန်းနေစဉ်
ဘန်ကောက်မြို့တနေရာတွင် ခြင်ဆေးဖျန်းနေစဉ်

ဇီကာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ပျံ့ပွားနေတဲ့ အိမ်နီးချင်းထိုင်းနိုင်ငံမှာ အခုနောက်ဆုံး ရောဂါကူးစက်ခံရသူတွေထဲ မြန်မာနိုင်ငံက ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးပါ ပါဝင်နေတာ တွေ့ရတဲ့အတွက် ခရီးသွားလာမှုတွေကို ဆင်ခြင်ဖို့ ချင်းမိုင်မြို့မှာရှိတဲ့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက သတိပေးလိုက်ပါတယ်။ ရောဂါကူးစက် ခံရတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ကောင်စစ်ဝန်ချုပ်ရုံးကို ဆက်သွယ် အကူအညီ တောင်းခံနိုင်ကြောင်းလည်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အထူးသဖြင့် ထိုင်းနိုင်ငံမှာတဝှမ်းမှာ ဇီကာဗိုင်းရပ်စ်ကူးစက်သူ လူ၂၀လောက်ထပ်မံတွေရှိရာမှာ ချင်းမိုင်ပြည်နယ်ကလည်း ပါဝင်နေတာကြောင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ချင်းမိုင်ပြည်နယ်ကို လာရောက်တာကို ခေတ္တ ဆိုင်းငံ့ထားဖို့အတွက် ထုတ်ပြန်ထားကြောင်းမြန်မာကောင်စစ်ဝန်ချုပ် ဦးကောင်းစံလွင်က ပြောပါတယ်။

“ထိုင်းနိုင်ငံမှာ ၂၀ ပေါ့နော် ။ ၂၀ လောက်တွေ့ပြီ ချင်းမိုင်မှာ ၁၁ ယောက်ပါ ၊ အဲဒီအထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီး ၂ ဦးပါတယ်ပေါ့နော် တဦးကတော့ ထိုင်း ၊ တဦးကတော့ မြန်မာဆိုပြီး သတင်းလာတယ်။ ကျနော်တို့ကတော့ အဓိကတော့ ဇီကာဗိုင်းရပ်စ် ဒီမှာတွေ့ပြီ မြန်မာနိုင်ငံသားတွေ ကူးစက်ခံရတယ်ဆိုတာ သိရှိပြီဆိုရင် လည်း ကျနော်တို့ ရုံးကို ဆက်သွယ်ဖို့ ပေါ့နော် ၊ ရုံးဖုန်း နောက်ပြီး ကျနော်တို့ဆီက သံမှူးတယောက်ရဲ့ ဟန်းဖုန်း နံပတ်ပါ တခါတည်းထည့်ပြီးတော့ ပညာပေးထားပါတယ်။ နောက် ကိုယ်ဝန်ဆောင်နေတဲ့ အမျိုးသမီးတွေ ၊ နောက်တခုက ကိုယ်ဝန်ဆောင်ဖို့အတွက် ရည်ရွယ်ထားတဲ့ အမျိုးသမီးတွေအနေနဲ့ လက်ရှိအချိန်မှာ ချင်းမိုင်ကို လည်ပတ်မှုကို ခေတ္တစောင့်ဆိုင်းထားဖို့ပေါ့နော် ၊ ဆင်ခြင်ကြဖို့ဆိုတဲ့ဟာနဲ့ ကြေညာချက် ထုတ်ထားတာပါ။”

ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ မြန်မာကိုယ်ဝန်ဆောင်မိခင်ကို ကူညီနိုင်ဖို့အတွက်လည်း ဆက်သွယ် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံက ပြည်နယ် ၁၆ခုမှာ ဒီနှစ်အတွင်း ဇီကာဗိုင်းရပ်စ်ကူးစက်သူ ၉၇ယောက်လောက် တွေ့ရှိထားပြီး ဒီရက်ပိုင်းမှာ ပြည်နယ် ၄ခုမှာ လူ၂၀ထပ်မံကူးစက်တာကိုထပ်မံတွေရှိထားကြောင်းနဲ့ ရောဂါအခြေအနေကို ထိန်းချုပ်ထားနိုင်ကြောင်းထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ချင်းမိုင်မြို့မှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတဦးကတော့ လောလောဆည် ထိုင်းအာဏာပိုင်တွေရဲ့ ဆောင်ရွက်မှုနဲ့ သူတို့နေထိုင်နေတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“သူတု့ိ ကတော့ ခြင်ဆေးတွေဘာတွေ လိုက်ဖျန်းပေးတာတော့ ရှိတယ်ပေါ့နော်။ သူတို့ ခြင်ဆေးဖျန်းတာကလည်း နည်းနည်းပါးပါးပဲ အဲလောက်ပဲဆိုတော့ ကိုယ့်ဟာနဲ့ကိုယ် ခြင်တွေမကိုက်အောင်လောက်တော့ နေကြတာတော့ ရှိတယ်ပေါ့နော် အဲလောက်ပဲပေါ့။ သူတို့ကတော့ သွေးလွန်တုတ်ကွေးကိုတော့ ပိုပြီးတော့ သတိပေးတယ် ဇီကာ နဲ့ ပတ်သက်ပြီးတော့ အရမ်းကြီးလုပ်တာတော့ မရှိဘူး။”

စင်္ကာပူနိုင်ငံမှာ ဇီကာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၅၈ ဦး ရှိနေပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကတော့ မြန်မာနိုင်ငံကို ဇီကာဗိုင်းရပ်စ်မကူးစက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ မီဒီယာတွေနဲ့ ပြည်သူတွေပူးပေါင်းပါဝင်ဖို့ လိုအပ်ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။

ဇီကာဗိုင်းရပ်စ်ကူးစက်ခံတဲ့ အဓိကလက္ခဏာတွေဟာ ဖျားတာ၊ အရေပြားမှာ အနီစက်ထွက်တာ၊ မျက်စိနာတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားနဲ့အဆစ်တွေနာကျင်တာဖြစ်တတ်ကြောင်းနဲ့ ရောဂါဖြစ်ပွားပြီးနောက်ဆက်တွဲအဖြစ် ကိုယ်ဝန်ဆောင်မိခင်တွေဟာ ဦးနှောက်သေးငယ်တဲ့ ကလေးငယ်တွေမွေးဖွားလာနိုင်ကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက နေ့စဉ်ထုတ် အစိုးရပိုင်သတင်းစာတွေက တဆင့် သတိပေးထုတ်ပြန်ထားပါတယ်။

ဇီကာဗိုင်းရပ်စ်ရောဂါဟာ သွေးလွန်တုပ်ကွေးရောဂါပိုးကို သယ်ဆောင်တဲ့ အေးဒီးစ်ခြင်ကျားကိုက်တာကနေ တဆင့် ကူးစက်ပြန့်နှံတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG