သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံချပ်သစ်တွေနဲ့ မြန်မာသင်္ကြန်


၂၀၁၃ ခုနှစ် ရန်ကုန်မြို့ရဲ့ မြန်မာအတာသင်္ကြန်ရိုးရာပွဲတော်
၂၀၁၃ ခုနှစ် ရန်ကုန်မြို့ရဲ့ မြန်မာအတာသင်္ကြန်ရိုးရာပွဲတော်
ဒီနှစ်သင်္ကြန်မှာတော့ လုံခြုံရေးအတွက် အစောပိုင်းတုန်းက စိုးရိမ်မှုတချို့ ရှိခဲ့ပေမဲ့ အခုအခါမှာတော့ အေးအေးချမ်းချမ်းနဲ့ ကျင်းပနိုင်တဲ့အကြောင်း ရေကစားပွဲတော်ကို ဆင်နွှဲသူတွေက ပြောကြပါတယ်။ ရိုးရာအစဉ်အလာအတိုင်း ရေကစားတာတွေ၊ အလှူအတန်း လုပ်တာတွေကို ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးတွေမှာ စည်စည်ကားကား ကျင်းပနေကြတာ ဖြစ်ပါတယ်။ သင်္ကြန်အကြတ်နေ့ရဲ့ နောက်ဆုံး အခြေအနေတွေကိုတော့ စုံစမ်းထားတဲ့ ကိုကျော်သိင်္ခ က တင်ပြထားပါတယ်။

ဒီနေ့ မဟာသင်္ကြန် အကြတ်နေ့မှာတော့ ရန်ကုန်နဲ့ မန္တလေး မြို့ကြီးတွေမှာ သင်္ကြန်ပွဲတော်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ဆက်လက် ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ ဆိုရင်လည်း ကမ္ဘာအေးဘုရားလမ်း၊ ရွှေတိဂုံဘုရားလမ်း၊ ကန်တော်ကြီး နဲ့ အင်းလျားကန်တဝိုက်မှာ ရေပက်ခံကားတွေ၊ မဏ္ဍပ်တွေနဲ့ သင်္ကြန်ပွဲတော်ကို ဆင်နွှဲနေကြတာပါ။

အခုနှစ် ရန်ကုန်သင်္ကြန်မှာတော့ အသံချပ်ထိုးတာတွေ၊ သင်္ကြန် အလှပြကားတွေနဲ့ ရေပက်ခံသူတွေ မနှစ်ကထက် ပိုပြီးစည်ကားတာ တွေ့ရတယ်လို့ ရန်ကုန်မြို့ သင်္ကြန်ပွဲ ဆင်နွှဲနေတဲ့ ဘလော့ဂါ နေဘုန်းလတ်က ပြောပါတယ်။ မကြာသေးခင်တုန်းက သွေးထွက်သံယို ပဋိပက္ခတွေ မြို့အတော်များများမှာ ကြုံခဲ့ရပြီးတဲ့နောက် လုံခြုံရေးအတွက် စိုးရိမ်မှုတွေ ရှိခဲ့ပေမဲ့ အခုတော့ ရေကစားပွဲတွေဟာ အေးအေးချမ်းချမ်း ရှိတယ်လို့လည်း သူကပြောပါတယ်။

“အေးအေးချမ်းချမ်းပါပဲ။ ဘာမှ ပြဿနာမရှိပါဘူး။ နည်းနည်းပါးပါး မူးတာ ပြုတာလောက်ပါပဲ။ ဒီပုံစံတွေကတော့ အရင်လိုပါပဲ။ သင်္ကြန်မတိုင်ခင်ကတော့ ကောလဟာလမျိုးစုံ ထွက်ထားတော့ အားလုံး ကြောက်နေကြတာ၊ တခုခုဖြစ်မှာကို အရမ်း စိုးရိမ်နေကြတယ်ဆိုပေမဲ့ အခုအချိန်ထိတော့ ဘာမှ ထူးထူးခြားခြားတော့ မဖြစ်သေးပါဘူး။ ကျနော်ကတော့ သင်္ကန်းကျွန်း မြို့နယ်ရုံးရှေ့မှာ မဏ္ဍပ်ထိုးပြီးတော့ နေ့တိုင်း စတုဒီသာ ကျွေး တယ်ဗျာ။ တချို့ သံချပ်အဖွဲ့လေးတွေလည်း တော်တော်များများ တွေ့ရတယ်။ ၈၈ မျိုးဆက်ကလုပ်တဲ့ ‘မျိုးဆက်ဆိုတဲ့ သံချပ်အဖွဲ့’ တွေလည်း ကားလေးတွေနဲ့ သွားပြီးတော့ အရင်ပုံစံပေါ့။ အရင်တုန်းက နှစ်ပေါင်းများစွာ ပျောက်ကွယ်နေတဲ့ ဒီသံချပ်ကို ပြန်ပြီးတော့ ဖော်ထုတ်နေတာ တွေ့ရတယ်ခင်ဗျ”

ရန်ကုန်မြို့က နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် တဦးလည်းဖြစ်တဲ့ ဦးကျော်သူကတော့ အကြတ်နေ့မှာ အလှူဒါန အစီအစဉ်တွေ လုပ်ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ အရင်တုန်းက သတင်းမီဒီယာတွေ တင်းကျပ်လေ့ရှိတဲ့ မြန်မာနိုင်ငံမှာ ရိုးရာသင်္ကြန်သံချပ်တွေဟာလည်း ကန့်သတ်ခံရလေ့ ရှိပါတယ်။ ဒါပေမဲ့လည်း ဒီနှစ်မှာတော့ လွတ်လပ်ခွင့်တချို့ ရလာတာနဲ့အမျှ သံချပ် အစီအစဉ်တွေလည်း စလုပ်ဖြစ်တယ်လို့ ဦးကျော်သူက ပြောပါတယ်။

“နောက် ဒီနှစ်ကတော့ ကျနော်တို့ ပထမဆုံး သင်္ကြန် သံချပ်ပေါ့။ ကျနော်တို့ နာရေးကူညီ မှုအသင်း (ရန်ကုန်) ရဲ့ “ပေးဆပ်သူများ” သံချပ်အဖွဲ့ ကျနော်တို့ စထွက်တယ်။ ပြည်သူလူထုထဲကို”

သင်္ကြန်ရိုးရာ ရေကစားပွဲတွေကို နှစ်စဉ် စည်စည်ကားကား ကျင်းပလေ့ရှိတဲ့ မန္တလေးမှာလည်း အကြတ်နေ့ကို မြို့ခံတွေ ဆက်ကျင်းပနေကြတာပါ။ ထူးထူးခြားခြား ဆိုသလို နိုင်ငံရေးပါတီတွေပါ ပါဝင်လာတာ တွေ့ရတယ်လို့လည်း မန္တလေးမြို့ခံတယောက်က ပြောပါတယ်။

“မန္တလေးသင်္ကြန်ကတော့ ထုံးစံအတိုင်းပဲ ကျုံးဘေးမှာပဲ တိုးကြတာပေါ့လေ။ တောင်ဘက်ကျုံးနဲ့ အရှေ့ဘက်ကျုံးမှာပဲ ပြန်ပြီး တိုးကြတာပေါ့။ အနောက်ဘက် ကျုံးဆိုတာကလည်း မဏ္ဍပ်က ၃ ခုလောက်ပဲ ရှိတာ၊ မြောက်ဘက်ကျုံးမှာဆိုရင် မဏ္ဍပ်တခုမှကို မရှိဘူး ဒီနှစ်သင်္ကြန်မှာ။ အထူးသဖြင့် လည်တဲ့ပတ်တဲ့သူတွေကတော့ တောင်ဘက်ကျုံးရယ်၊ အရှေ့ဘက်ကျုံးရယ်ကို အဓိကထားပြီး ပျော်ကြတယ်။ မြို့ထဲမှာတော့ မဏ္ဍပ်က ကျနော်တွေ့သလောက်တော့ ဘယ်နေရာမှ မရှိဘူးဗျ။ မြို့ထဲမှာ အထူးသဖြင့် လမ်း ၈၀ တို့၊ ၈၂၊ ၈၃၊ ၈၄ လမ်းတွေမှာတော့ အလှပြယာဉ်တွေလည်း မရှိဘူး။ ရေပက် မဏ္ဍပ်တွေလည်း မရှိတဲ့အခါကျတော့ ရေပက်ခံထွက်တဲ့ သူ တော်တော်များများ ကတော့ ကျုံးမှာ ဝင်တိုးကြတာပေါ့လေ။ မန္တလေးသင်္ကြန်မှာ ဒီနှစ်မှာ ထူးထူးခြားခြား တွေ့ရတာကတော့ NLD ပါတီတခုပဲ အလှပြကား ထွက်နိုင်တာ တွေ့ရတယ်ခင်ဗျ။ ကျန်တဲ့ပါတီတွေကတော့ အလှပြကား ထွက်နိုင်တာ မတွေ့ရဘူးခင်ဗျ။ ဒါကတော့ ၂၀၁၃ မှာ ထူးထူးခြားခြားဆိုရင်တော့ နိုင်ငံရေး ပါတီတွေမှာ ပထမဆုံးထွက်တဲ့ ကားလို့ ပြောလို့ရပါတယ်ခင်ဗျ။ ချမ်းအေးသာဇံ မြို့နယ်ကနေ ‘ချမ်းအေးမောင်’ ဆိုတဲ့ နာမည်နဲ့ ထွက်တာပါခင်ဗျာ။”

အစိုးရရုံးစိုက်ရာ နေပြည်တော်မှာတော့ သမ္မတ ဦးသိန်းစိန် မိသားစု အပါအဝင် အစိုးရ တာဝန်ရှိသူတွေ၊ နိုင်ငံတကာ သံတမန် အသိုင်းအဝိုင်းတွေကလည်း ပါဝင်ဆင်နွှဲတဲ့အကြောင်း အစိုးရပိုင် သတင်းတွေက ဖော်ပြပါတယ်။ မကြာသေးခင်တုန်းက သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးအတွက် ပူပန်မှုတွေ ရှိခဲ့တဲ့အတွက်လည်း အာဏာပိုင်တွေကတော့ လုံခြုံရေးတွေကို တိုးမြှင့်ချထားခဲ့တာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG