သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန် ဝါရှင်တန် မြန်မာမိသားစုနဲ့တွေ့


သမ္မတဦးသိန်းစိန် ဝါရှင်တန်ဒီစီ မြန်မာသံရုံး မိသားစုတွေနဲ့ တွေ့ဆုံနေစဉ်။ (မေလ ၁၈ ရက်၊ ၂၀၁၃)။
သမ္မတဦးသိန်းစိန် ဝါရှင်တန်ဒီစီ မြန်မာသံရုံး မိသားစုတွေနဲ့ တွေ့ဆုံနေစဉ်။ (မေလ ၁၈ ရက်၊ ၂၀၁၃)။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာ တရားဝင်ခရီးစဉ် နဲ့ ရောက်ရှိနေတဲ့ သမ္မတဦးသိန်းစိန်ဟာ အခု ဗွီအိုအေမနက်ပိုင်းအစီအစဉ်တွေ အသံလွှင့်နေတဲ့အချိန်မှာပဲ မြန်မာသံရုံးမှာ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံနေ ပါတယ်။ ဒီတေ့ွဆုံပွဲမှာ ဗွီအိုအေ မြန်မာပိုင်း ဝိုင်းတော်သား ကိုသိန်းထိုက်ဦး ရောက်ရှိနေပါတယ်။ ဒီပွဲအကြောင်း ကိုသိန်းထိုက်ဦးကို မစုမြတ်မွန်က ဆက်သွယ်ပြီးမေးထားပါတယ်။ အရင်ဆုံးတော့ ဒီတွေ့ဆုံပွဲမှာ သမ္မတဦးသိန်းစိန် အဓိက ဘာတွေပြောသွားသလဲဆိုတာကို ကိုသိန်းထိုက်ဦးက ခုလိုပြောပြပါတယ်။

“အဓိက ကတော့ သူ မြန်မာမိသားစုတွေနဲ့တွေ့တဲ့အချိန်မှာ တိုင်းပြည်ပြန်လည် ထူထောင်ရေးအတွက် မြန်မာမိသားစုတွေ၊ ပြည်ပမှာရောက်နေတဲ့သူတွေ အတတ်နိုင်ဆုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့ ဆိုပြီးတော့ ပြောသွားပါတယ်။ တိုင်းပြည်မှာ လိုအပ်ချက်တွေ အများကြီးရှိနေတယ်။ ဒီတိုင်းပြည် ဟာ နှစ်ပေါင်းများစွာ လက်နက်ကိုင်လှုပ်ရှားမှုတွေနဲ့ ပဋိပက္ခတွေ အများကြီး ကြုံခဲ့ရတဲ့အတွက်ကြောင့် အဘက်ဘက်က နိမ့်ကျနေတဲ့အခြေအနေတွေကို အဓိက ပြောသွားတာပါခင်ဗျ။”

အမေရိကန်ကို တရားဝင်ခရီးစဉ်နဲ့ လာရတာနဲ့ပတ်သက်ပြီးတော့ရော သူ ဒီအကြောင်းကို ဘာပြောပါသေးလဲ။

“ဒီအမေရိကန်ပြည်ထောင်စုကို လာတဲ့ခရီးစဉ်အတွင်းမှာ သမ္မတဦးသိန်းစိန်က အမေရိကန်အစိုးရ အရာရှိတွေ၊ အထက်လွှတ်တော်ခေါင်းဆောင်တွေ၊ လွှတ်တော်အမတ်တွေကို သူ တွေ့မယ်ဆိုတဲ့အကြောင်း ပြောပါတယ် ခင်ဗျ။ ပြောတဲ့အကြောင်းရင်းကလည်း မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ မှုတွေဟာ ဥပဒေကြောင်းအရ ကျန်နေသေးတာဖြစ်တဲ့အတွက်ကြောင့် ဥပဒေကြောင်းအရပါ ဖယ်ရှားပေးဖို့ပေါ့နော်။ အခုလို ဆိုင်းငံ့ထားတဲ့ အနေအထားမျိုး မဟုတ်ဘဲနဲ့ အရေးယူပိတ်ဆို့မှုတွေကို ဖယ်ရှားပေးဖို့ကိစ္စမှာ သူကိုယ်တိုင် လာပြီးတော့၊ တွေ့ဆုံပြီးတော့ ပြောမယ်ဆိုလို့ရှိရင် ပိုပြီးတော့ အမေရိကန်ပြည်ထောင်စုဘက်က လက်ခံနိုင်မယ်လို့ သူ့အနေနဲ့ မျှော်လင့် တယ်ဆိုပြီးတော့လည်း ပြောသွားပါတယ်။ အဲဒီတော့ အဓိက ခရီးစဉ် အတွင်းမှာ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေ လုံးဝရုပ်သိမ်းဖို့အတွက် အဓိက ပြောမယ်ဆိုတာမျိုးကိုတော့ ရည်ညွန်းပြောသွားပါတယ်ခင်ဗျ။”

အဲဒီတော့ မြန်မာမိသားစုတွေနဲ့ တွေ့တဲ့နေရာမှာလည်း ဖိတ်ထားတာက အသိုင်းအဝိုင်းမျိုးစုံကလို့ သိရပါတယ်။ ဘယ်လိုလူမျိုးတွေလာတာ တွေ့ရပါလဲ ရှင့်။

“အဓိက ကတော့ မြန်မာသံရုံးနဲ့ အရင်ကတည်းက နီးစပ်မှုရှိတဲ့ သူတွေ၊ နောက်ပြီးတော့ သတင်းဌာနတွေ။ ဝါရှင်တန်ဒီစီတဝိုက်မှာ ရှိတဲ့ မြန်မာအသိုင်းအဝိုင်းတွေလို့ပဲ အဓိက ပြောရမှာပါခင်ဗျ။ တွေ့ဆုံ ပွဲမှာတော့ မြန်မာမိသားစု ၃၀၀ လောက် လာတယ်။ သမ္မတက အားလုံးကို နှုတ်ဆက်ပြီးတဲ့အခါကျတော့ မိန့်ခွန်းပြောသွားတယ်။ ကျန်တဲ့ သတင်းဌာနတွေနဲ့ တွေ့ဆုံမေးမြန်းတာမျိုး၊ ကျန်တဲ့လူတွေနဲ့ တွေ့ဆုံမေးမြန်းတာ မျိုးတော့ မရှိပါဘူးခင်ဗျ။ သူနဲ့အတူ တခြား ဝန်ကြီး ၄ ယောက်၊ ဒုတိယ ဝန်ကြီးတွေ၊ နောက်ပြီးတော့ တချို့ ပြည်တွင်းက ရုပ်မြင်သံကြားဌာနတွေ၊ သတင်းဌာနတွေလည်း လိုက်လာတာတွေ့ရပါတယ်ခင်ဗျ။ အခု ကျနော် ပြောနေတဲ့အချိန်မှာ နောက်မှာကြားနေရတဲ့အတိုင်းပဲ သမ္မတ ဦးသိန်းစိန်ကို ဆန့်ကျင် ဆန္ဒပြတဲ့သူတွေလည်း အများကြီးရှိပါတယ်ခင်ဗျ။ သူတို့ကလည်း မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေက တကယ်တမ်း မစစ်မှန်သေးဘူး ဆိုပြီးတော့၊ သမ္မတဦးသိန်းစိန်က နိုင်ငံတကာကို ညာနေတယ်ဆိုပြီးတော့ လာပြီးတော့ ဆန္ဒပြတာပါခင်ဗျ။”

ဝါရှင်တန်ဒီစီ မြန်မာသံရုံးမှာ သမ္မတဦးသိန်းစိန်နဲ့ မြန်မာမိသားစုတွေ့ဆုံပွဲ မှာ ရောက်နေတဲ့ ဝိုင်းတော်သား ကိုသိန်းထိုက်ဦးဖြစ်ပါတယ်။
XS
SM
MD
LG