သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံတွဲမြို့ ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ကြားက နေအိမ်မီးရှို့မှု ဖြစ်ပွား


စစ်တွေမြို့မှာရှိတဲ့ ဒုက္ခသည်စခန်းမှာ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ လုံခြုံရေးစောင့်ကြပ်နေစဉ် (၂၇ အောက်တိုဘာ ၂၀၁၂)
စစ်တွေမြို့မှာရှိတဲ့ ဒုက္ခသည်စခန်းမှာ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ လုံခြုံရေးစောင့်ကြပ်နေစဉ် (၂၇ အောက်တိုဘာ ၂၀၁၂)
သံတွဲမြို့မှာ တနင်္လာနေ့ည ၈ နာရီကျော်က နေအိမ်တစ်လုံး မီးရှို့ခံရတာကြောင့် ပျက်စီးသွားခဲ့ပါတယ်။ တနင်္လာနေ့တစ်နေ့လုံး အခြေအနေ အေးအေးဆေးဆေး ရှိနေခဲ့ပြီးတဲ့နောက် ညမထွက်ရအမိန့် ထုတ်ထားတဲ့အချိန်ပိုင်းမှာမှ ဘယ်သူဘယ်ဝါမှန်း မသိသူတွေဟာ ကားတွေ၊ မော်တော်ဆိုင်ကယ်တွေနဲ့ လှည့်လည်သွားလာခဲ့ကြပြီး အိမ်မီးရှို့မီးဖြစ်ခဲ့တာလို့ မြို့ခံတွေကပြောပါတယ်။ ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ အချိန်အတွင်းမှာတောင် အခုလိုဖြစ်နေတာကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ က ထိထိရောက်ရောက် မတားဆီး မနှိမ်နင်းနိုင်တဲ့အပေါ် ဝေဖန်တာတွေကလည်း ရှိနေပါတယ်။ အပြည့်အစုံကို ရန်ကုန်ကနေ ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရတဲ့ စွပ်စွဲချက်နဲ့ဆက်စပ်ပြီး ရုန်းရင်းဆန်ခတ်အခြေအနေတွေ ဖြစ်ခဲ့တာကြောင့် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ထားဆဲဖြစ်တဲ့ သံတွဲမြို့မှာ တနင်္လာနေ့တနေ့လုံး တည်ငြိမ်နေခဲ့ပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးတော့ ကန့်သတ်ထားတဲ့ အချိန်ပိုင်းရောက်ခါမှ အိမ်တစ်လုံး မီးရှို့ခံရတဲ့ဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။

ဖြစ်စဉ်နဲ့ပတ်သက်လို့ သံတွဲမြို့ သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့က အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဝင်းနိုင်က အခုလိုရှင်းပြပါတယ်။

“ညဘက်ကျတော့ ၇ နာရီ ကာဖြူး ထုတ်တယ်။ ၇ နာရီနောက်ပိုင်းမှာ ပါဂျဲရိုးတစ်စီး၊ ဆူပါကာစတန်တစ်စီး နဲ့ ဆိုင်ကယ်လ် ၂၁ စီးဟာ တန်းစီပြီးတော့ မြို့ထဲမှာ ၇ နာရီနောက်ပိုင်းမှာ လျှောက်သွားတယ်ပေါ့ဗျာ။ နောက်တခါ Lexus ၂ စီးနဲ့ ရွှေချောင်းမျှင်ဆိုတဲ့ရွာ သံတွဲဘေးက ရွာပေ့ါ အဲ့ဒီရွာကို သွားပြီးတော့ လူစုတယ်။ လူစုပြီးတော့ Lexus တစ်စီးကတော့ ပြန်သွားတယ်။ လူ နှစ်ဆယ်၊ အဆိပ် လောက်ပါသွားတယ်လို့ သတင်းထပ်ပို့ပါတယ်။ အဲ့ဒီနောက်ပိုင်း သိပ်မကြာဘူး။ နာရီဝက် မိနစ် ၄၀ လောက်ဆိုရင်ပဲ မီးရှို့မှုတစ်ခု ထပ်ဖြစ်ပါတယ်။ အဲ့ဒီမှာ အိမ်လေးကတော့ သေးသေးပါ။ သာယာဝတီမြို့သစ်၊ ခ ရပ်ကွက် ၄ လမ်းက ဦးသန်းလွင်ဆိုတဲ့ အိမ်ကို မီးရှို့ပါတယ်။ အိမ်ကတော့ သေးသေးပါ။ ၁၅ မိနစ်ဆိုရင်ကို ပြာကျသွားတယ်လို့ အဲ့ဒီ အထွေထွေ အုပ်ချုပ်ရေးဌာနကပဲ ပြန်ပြောပါတယ်။”

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အသေးစိတ်အတည်ပြုနိုင်ဖို့ သံတွဲမြို့နယ် ရဲတပ်ဖွဲ့ကို ဗွီအိုအေကဆက်သွယ်ခဲ့ပေမဲ့လည်း ပြောဖို့ ငြင်းခဲ့ပါတယ်။ သံတွဲကနေ တောင်ကုတ်ကိုသွားမယ့် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်တယ်လို့ စွပ်စွဲခံရသူနှစ်ဦးကို သက်ဆိုင်ရာရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေတယ်လို့ တာဝန်ရှိသူတွေက ပြောထားပါတယ်။

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး လုံခြုံရေးတပ်ဖွဲ့တွေ ချထားတဲ့ကြားထဲကနေမှ အခုလို မီးရှို့မှု ဖြစ်ခဲ့ပြန်တာကြောင့် မြို့ခံတွေမှာ စိတ်မအေးနိုင်ကြပဲ ရှိနေဆဲပါ။

“လုံခြုံရေးက သူတို့ ချတော့ ချထားတယ်ပေါ့နော်။ အကြမ်းဖက်သမားတွေက သေနတ်လည်း မကြောက်ဘူး။ ဘာလည်းမကြောက်ဘူးလို့ ပြောနေတယ်လေ။ အဲ့လိုဆိုတော့ ကျနော်တို့လည်း အားလုံး လန့်ပြီးတော့ စိုးရိမ်နေကြတာပေါ့ဗျာ။ မြို့သူမြို့သားတွေကတော့ စိုးရိမ်တယ်။ မနေ့က ဈေးက ခဏလေးဖွင့်ပြီး ပိတ်သွားတယ်။ ဒီနေ့တော့ ဈေးက ကျကျနန ဖွင့်တယ်ပေါ့နော်။ ဒီနေ့ကတော့ အခြေအနေ နည်းနည်းပြန်ကောင်းတယ်။”

သံတွဲမြို့ခံတစ်ဦးပါ။
ညမထွက်ရအမိန့် ထုတ်ပြန်ထားချိန်အတွင်း ကားတွေဆိုင်ကယ်တွေနဲ့ အပြင်ထွက်လာကြသူတွေဟာ ဘယ်သူတွေမှန်း မသိရ သေးသလို၊ မီးရှို့တဲ့လက်သည်တွေကိုလည်း ဖမ်းဆီးတယ်ဆိုတဲ့ သတင်းတွေ မကြားရသေးပါဘူး။ သံတွဲမြို့ဟာ သိပ်ကျယ်ဝန်းလှ တာမဟုတ်သလို လူဦးရေကလည်း မများလွန်းလှတာကြောင့် လက်သည်တွေကို ဖမ်းမမိသေးတဲ့အပေါ် ဦးဝင်းနိုင်က အားမလို အားမရဖြစ်ပုံပေါ်ပါတယ်။

“ကျနော်တို့ ပုဒ်မ ၁၄၄ ထုတ်ထားစဉ်ကာလမှာတောင်မှ ပေါ်ပေါ် တင်တင်ကြီး ဖြစ်နေတဲ့ ဒီကိစ္စဟာ လုပ်တဲ့သူတွေကိုတော့ တစ်ယောက်မှ မမိသေးဘူးဆိုရင် နောက်ထပ် ဒါမျိုး ဆက်လုပ်ပါဦးလို့ ဖိတ်ခေါ်နေတာနဲ့ အတူတူပဲဖြစ်မယ်ဗျ။ ဒါတွေက သံသယတွေပေါ့။ ဒါကြောင့် ကျနော်တို့ အခုဖြစ်နေတဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံတော်အရှေ့က ဦးဆောင်နေတဲ့ ဒေသခံ အုပ်ချုပ်ရေးအဖွဲ့တွေဟာ ဒီနေရာတွေမှာ တော်တော်လေးကို လစ်ဟင်းနေတယ်ဗျ။ ဒါကြောင့် နိုင်ငံတော်ရဲ့ မျက်နှာစာမှာလည်း ကျနော်တို့ ပြယုဂ် မကောင်းဖြစ်လာတာပါလို့ ကျနော် ယူဆပါတယ်ခင်ဗျာ။”

ဇွန်လ ၂ ရက်၊ အင်္ဂါနေ့မှာလည်း နေ့လည်ပိုင်းထိတော့ အခြေအနေ အေးဆေးငြိမ်သက်ပြီး ကျောင်းတွေ၊ ရုံးတွေ၊ ဈေးတွေ ပုံမှန် ပြန်ဖွင့်ပြီးတော့ လည်ပတ်နေတယ်လို့ ပြောကြပါတယ်။

ဇွန်လ ၃၀ ရက် တနင်္ဂနွေနေ့က အမျိုးသမီးကို အဓမ္မပြုကျင့်တဲ့သတင်း ထွက်လာပြီးတဲ့နောက် ညနေပိုင်းမှာ ရဲစခန်းကို လူ ၅၀ လောက် ရောက် သွားခဲ့ကြပါတယ်။ လုံခြုံရေးအဖွဲ့က အရေးယူဆောင်ရွက်ပါမယ်လို့ ရှင်းပြလိုက်တဲ့အတွက် ပြန်သွားကြပြီးတဲ့ နောက်မှာမှ ကုန်တင်ကား နှစ်စင်းကို မှန်တွေရိုက်ခွဲတာ၊ ညပိုင်းမှာ အိမ်တွေကို မီးရှို့တာတွေဆက်ဖြစ်ခဲ့တာပါ။

မီးလောင် ပျက်စီး သွားတဲ့ အိမ်အရေအတွက်နဲ့ပတ်သက်လို့တော့ နှစ်လုံး၊ ၅ လုံး၊ ၆ လုံးစသဖြင့် ကွဲလွဲချက်တွေရှိနေပါတယ်။

သံတွဲအဖြစ်အပျက်နဲ့ ပတ်သက်လို့ တနင်္လာနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ သတင်းတိုတစ်ပုဒ် ဖော်ပြခဲ့သလို အင်္ဂါနေ့ထုတ် သတင်းစာတွေမှာလည်း သံတွဲမြို့မှာ အခြေအနေတွေ အေးချမ်းတည်ငြိမ်နေပြီးတော့ ပြည်သူတွေ အရောင်းအဝယ်မပျက် နေထိုင်သွားလာလျက်ရှိတယ်လို့ ဖော်ပြထားပေမဲ့ မီးလောင်ပျက်စီးတဲ့ အခြေအနေနဲ့ပတ်သက်လို့ ဖော်ပြတာတော့ မရှိသေးပါဘူး။
XS
SM
MD
LG