သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းမီဒီယာ ထိန်းချုပ်မှုအများဆုံး ၁၀ နိုင်ငံစာရင်း မြန်မာပါဝင်


သတင်းထောက်များကာကွယ်ပေးရေးကော်မတီက ထုတ်ပြန်တဲ့ သတင်း မီဒီယာကို တိုက်ခိုက်မှုများ” အစီရင်ခံစာမှာ မြန်မာ့သတင်းလွတ်လပ်ခွင့်ပုံဖော်မှု ဓာတ်ပုံကို ဖော်ပြထားပုံ။
သတင်းထောက်များကာကွယ်ပေးရေးကော်မတီက ထုတ်ပြန်တဲ့ သတင်း မီဒီယာကို တိုက်ခိုက်မှုများ” အစီရင်ခံစာမှာ မြန်မာ့သတင်းလွတ်လပ်ခွင့်ပုံဖော်မှု ဓာတ်ပုံကို ဖော်ပြထားပုံ။

နယူးရောက်အခြေစိုက် CPJ လို့ခေါ်တဲ့ သတင်းထောက်များကာကွယ်ပေးရေးကော်မတီက ဧပြီလ (၂၁) ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့ဆင်ဆာ ဖြတ်တောက်မှု အများဆုံး (၁၀) နိုင်ငံစာရင်းထဲမှာ မြန်မာနိုင်ငံဟာ နံပါတ် (၉) အဆင့်မှာ ပါဝင်နေပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် ရှိအောင် ဆောင်ရွက်မယ်လို့ သမ္မတဦးသိန်းစိန်အစိုးရက ကတိကဝတ်ပေးထားတဲ့ အပေါ် နိုင်ငံတကာအနေနဲ့ မေးခွန်းထုတ်စရာတွေ ရှိလာတယ်လို့ CPJ က ဗွီအိုအေကို ပြောပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံ တင်ပြပေးထားပါတယ်။

ကမ္ဘာ့ဆင်ဆာဖြတ်တောက်မှုအများဆုံး (၁ဝ) နိုင်ငံစာရင်းကို တတိယအကြိမ်မြောက် ပြုစုရာမှာ အင်တာနက်အသုံးပြုမှုကို အာဏာပိုင်တွေက ကန့်သတ်စောင့်ကြည့်တာ၊ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတဲ့ အရေအတွက်ပေါ်မှာ မူတည်ပြီး CPJ က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေက ဖိနှိပ်တဲ့အစိုးရတွေရဲ့ မူဝါဒတွေကို မီးမောင်းထိုးပြဖို့ ရည်ရွယ်ချက်နဲ့ ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ CPJ က ပြောပါတယ်။

CPJ ကထုတ်ပြန်တဲ့ ကမ္ဘာ့ ဆင်ဆာဖြတ်တောက်မှု အများဆုံး (၁ဝ) နိုင်ငံစာရင်းထဲမှာ အဆိုးရွားဆုံးနိုင်ငံအဖြစ် အီရီထရီးယားကို ဖေါ်ပြထားပြီး အဲဒီနောက် ဒုတိယအနေနဲ့ မြောက်ကိုရီးယား၊ ဆော်ဒီအာရေဗျ၊ အီသီယိုးပီးယား၊ အာဇာဘိုင်ဂျန်၊ ဗီယက်နမ်၊ အီရန်၊ တရုတ်၊ မြန်မာနဲ့ နောက်ဆုံး နိုင်ငံအဖြစ် ကျူးဘားတို့ကို ဖေါ်ပြထားပါတယ်။အဲဒီထဲမှာ မြန်မာက နံပါတ် (၉) အဆင့်မှာ ရှိနေတာနဲ့ပတ်သက်လို့ CPJ ရဲ့ အာရှအစီအစဉ် လုပ်ငန်း ညှိနှိုင်းရေးမှူး Bob Dietz က အခုလိုပြောပါတယ်။

“လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ စပြီးလုပ်တဲ့အချိန် အစိုးရက ကတိပေးခဲ့တဲ့အရာတွေဟာ အခုဆိုရင် နောက်ပြန်ဆုတ် နေတယ်လို့ ကျနော်တို့မြင်ပါတယ်။ သတင်းထောက်တော်တော်များများ အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံထားရတယ်။ အစိုးရကို ဆန့်ကျင်သူတွေ အထူးသဖြင့် စစ်တပ်ကို ဝေဖန်သူတွေ ဆိုရင်လည်း အဖမ်းခံကြရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်နဲ့ပတ်သက်လို့ အစိုးရရဲ့ ကတိပြု လုပ်ဆောင်ပါမယ်ဆိုတဲ့အပေါ်မှာ ကျနော်တို့ မေးခွန်းထုတ်စရာတွေရှိနေပါတယ်။”

ဒါ့အပြင် သမ္မတဦးသိန်းစိန်အစိုးရလက်ထက် သတင်းထောက်တွေကို ဖမ်းဆီးထောင်ချနေတဲ့လုပ်ရပ်ကြောင့် သတင်းလွတ်လပ်ခွင့်အခြေအနေကို ပိုပြီး ဆိုးရွားသွားစေတယ်လို့ မြင်ကြောင်း Bob Dietz ကပြောပါတယ်။

“ကျနော်တို့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ လက်ရှိ သတင်းသမား(၁ဝ) ဦး ဖမ်းဆီးခံထားရပါတယ်။သမ္မတဦးသိန်းစိန်အစိုးရတက်လာခါစ အရင်စစ်အစိုးရ လက်ထက် ထိန်းသိမ်းခံထားရတဲ့ သတင်းသမားအားလုံးကို လွှတ်ပေးလိုက်ချိန်တုန်းက ကျနော်တို့အားလုံး စိတ်လှုပ်ရှားခဲ့ကြတာပါ။ အဲဒါဟာ အချိန်မကြာ လိုက်ပါဘူး။ အခု အရင်ကအတိုင်းပဲ သတင်းထောက်တွေကိုဖမ်းဆီးထောင်ချနေတာပါ။”

အစိုးရအနေနဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်ကို တကယ်ခွင့်ပြုချင်တယ်ဆိုရင် အခုလိုသတင်းထောက်တွေဖမ်းဆီးခံထားရတဲ့အခြေအနေမျိုး မရောက်နိုင်ဘူးလို့ Messenger သတင်းဂျာနယ်ရဲ့ တာဝန်ခံအယ်ဒီတာ ကိုသူရအောင်ကလည်း ပြောပါတယ်။

“တကယ်တန်းသာ အစိုးရအနေနဲ့ အသွင်ကူးပြောင်းမယ့်အစိုးရတရပ်မှန်တယ်၊ ပြီးတော့ တကယ် သတင်းမီဒီယာလွတ်လပ်ခွင့်ကို တကယ်အားပေးတဲ့ အစိုးရတရပ်ဖြစ်တယ်ဆိုလို့ရှိရင် ဒီအခြေအနေတွေဟာ ဖြစ်လာစရာမရှိဘူးလို့ ကျနော်ကတော့ ယူဆတယ်ဗျ။ အစိုးရသစ်လက်ထက်မှာ ကောင်းတာ တွေရော မရှိဘူးလားဆိုတော့ ကောင်းတာတွေတော့ ရှိပါတယ်။ ဒါ ကျနော် မျှပြီး တွေးကြည့်တာပေါ့နော်။ ဒါပေမယ့်လည်း သတင်းမီဒီယာသမားတွေ၊ ဂျာနယ်လစ်စ်တွေကို တကယ်ကာကွယ်ပေးနေတယ်၊ တကယ် လွတ်လပ်စွာ ထုတ်ဖော်ရေးသားနေသူတွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုတာမျိုးတော့ အစိုးရမှာ မတွေ့သေးဘူးဗျ။ နောက်တချက်- ဥပမာ၊ မကြာသေးခင်က လက်ပံတန်းမှာဖြစ်သွားတဲ့ကိစ္စဆိုလို့ရှိရင်လည်း ကြည့်ဗျ။ သတင်းမီဒီယာသမားတွေ အကြမ်းဖက် ရိုက်နှက်ခံရတာတွေ ရှိတယ်။ ဖမ်းဆီးခံရတာတွေ ရှိတယ်။ ဒါမျိုးတွေက ဒီအခြေအနေမှာ မရှိသင့်တော့ဘူးလို့ ကျနော်တို့ကတော့ ယူဆတယ်။သို့သော်ငြားလည်း ဒီအခြေအနေဟာ ကျနော်တို့နိုင်ငံမှာ ရှိနေသေးတဲ့အတွက် စိတ်မကောင်းစရာအခြေအနေပေါ့ဗျာ။”

ဒါ့အပြင် မြန်မာနိုင်ငံမှာ သတင်းမီဒီယာဥပဒေပြဌာန်းခဲ့တယ်ဆိုပေမယ့် သတင်းသမားတွေကို အကာအကွယ်ပေးနိုင်တဲ့ ခိုင်မာတဲ့ ဥပဒေမျိုး မပေါ်ပေါက်သေးဘူးလို့လည်း ကိုသူရအောင်က အခုလိုဆက်ပြောပါတယ်။

“ကျနော်တို့ တကယ်လွတ်လပ်ခွင့်ရတာမဟုတ်ဘူးလို့ ကျနော်မြင်တယ်။ ကျနော်တို့မှာ သိသိသာသာ ဖိအားပေးမှုတွေရှိတယ်။ မသိမသာ ဖိအားပေးမှု တွေလည်း ရှိတယ်။ လွတ်လပ်စွာရေးသားဖော်ပြခွင့်ရတယ်ဆိုပေမယ့် လွပ်လပ်စွာ ရေးသားဖော်ပြတဲ့လူတွေနောက်မှာ ဘာနည်းဥပဒေနဲ့မှ ကာရံထားတာ မရှိဘူးဗျ။ ဆိုလိုတာက သတင်းထောက်တွေ၊ ဂျာနယ်လစ်တွေကိ တကယ်ကာကွယ်ပေးတဲ့ဥပဒေ မြန်မာပြည်မှာ အခုထက်ထိကို အစိုးရသစ်လက်ထက်မှာ အခုထက်ထိကို မဖော်ဆောင်နိုင်သေးဘူး …။ အဲဒီအခါကျတော့ ကျနော်တို့ရဲ့ လက်ရှိအခြေအနေဟာ ကျနော် အခုနက ပြောသလိုပဲ လှောင်အိမ်သေးသေးလေးထဲကနေ လှောင်အိမ်အကြီးကြီးထဲကို ရောက်သွားတဲ့အခြေအနေတခုလို့ပဲ ကျနော်မြင်ပါတယ်။ သတင်းမီဒီယာ လွတ်လပ်ခွင့်လို့တော့ ကျနော် မမြင်ပါဘူး။”

မနေ့ကထုတ်ပြန်တဲ့ CPJ ရဲ့ ကြေညာချက်မှာ သမ္မတဦးသိန်းစိန်လက်ထက် သတင်းမီဒီယာလွတ်လပ်ခွင့် ဘယ်လောက်ဆုံးရှုံးနေသလဲ ဆိုတာကို ဝေဖန် ထောက်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ နှစ်ပေါင်း (၄ဝ) ကြာခဲ့တဲ့ ပုံနှိပ်ထုတ်ဝေခြင်းဆိုင်ရာ ဆင်ဆာဖြတ်တောက်မှုကို ၂၀၁၂ ခုနှစ်က ဖျက်သိမ်းခဲ့တယ်ဆိုပေမယ့်လည်း သတင်းမီဒီယာကို အာဏာပိုင်တွေက တင်းတင်းကျပ်ကျပ်ထိန်းချုပ်ထားတယ်လို့ CPJ က ရေးသားထားပါတယ်။

ယူနတီဂျာနယ် အမှုဆောင်အယ်ဒီတာချုပ်အပါအဝင် သတင်းသမား လေးဦးကို ထောင်ဒဏ် (၁၀) နှစ်နဲ့ အလုပ်ကြမ်း ပြစ်ဒဏ် ချမှတ်ခဲ့ပြီးနောက် ထောင်ဒဏ် (၇) နှစ်ဆိုပြီး လျှော့ချပေးလိုက်တယ်ဆိုပေမယ့် ဒါဟာ စစ်တပ်နဲ့ပတ်သက်လာရင် သတင်းသမားတွေကို ပြင်းထန်တဲ့ ဖိနှိပ်မှုတခု အဖြစ် CPJ က ထောက်ပြ ထားပါတယ်။

ဒါ့အပြင် ဘိုင်မွန်းတည့်နေဂျာနယ် အယ်ဒီတာနဲ့သတင်းထောက် (၃) ယောက် အပါအဝင် ထုတ်ဝေသူ (၂) ဦးတို့ကိုလည်း နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မနဲ့ ထောင်ဒဏ် နှစ်နှစ်စီချမှတ်ခဲ့တယ်လို့လည်းရေးသားထားပါတယ်။ နောက်ပြီး ၂၀၁၄ ခုနှစ် အောက်တိုဘာလမှာ အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင်ကို ထိုင်းမြန်မာနယ်စပ်မှာ စစ်တပ်က ပစ်သတ်ခဲ့တဲ့အမှုကိုလည်း ဝေဖန် ထောက်ပြထားပါတယ်။

ကမ္ဘာ့ဆင်ဆာ ဖြတ်တောက်မှု အများဆုံး (၁၀) နိုင်ငံ။
ကမ္ဘာ့ဆင်ဆာ ဖြတ်တောက်မှု အများဆုံး (၁၀) နိုင်ငံ။

CPJ က အခုလိုထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့ ဆင်ဆာဖြတ်တောက်မှု အများဆုံး (၁ဝ) နိုင်ငံစာရင်းဟာ ဧပြီလ (၂၇) ရက်နေ့ ကုလသမဂ္ဂဌာနချုပ်မှာ “သတင်း မီဒီယာကို တိုက်ခိုက်မှုများ”- ဆိုတဲ့ခေါင်းစဉ်နဲ့ CPJ ကတင်ပြမယ့် နှစ်ပတ်လည်အစီရင်ခံစာရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။

XS
SM
MD
LG