သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့သတင်း လွတ်လပ်ခွင့် ကျဆင်း


Freedom House ထုတ်ပြန်တဲ့ မြန်မာ့သတင်းလွတ်လပ်ခွင့်။
Freedom House ထုတ်ပြန်တဲ့ မြန်မာ့သတင်းလွတ်လပ်ခွင့်။

ဝါရှင်တန်ဒီစီအခြေစိုက် Freedom House အဖွဲ့က ၂၀၁၄ ခုနှစ်အတွက် ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ အဆိုးဖက်ကို (၃)မှတ်တိုးပြီး သတင်းလွတ်လပ်ခွင့် ကျဆင်းသွားတယ်လို့ ဖေါ်ပြထားပါတယ်။ အဲဒီ အစီရင်ခံစာဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေ တွေကို ထပ်ဟပ်စေတယ် လို့ ပြည်တွင်း သတင်းမီဒီယာအဖွဲ့အစည်းတွေက ပြောဆိုပါတယ်။ ဒီအကြောင်းက ကိုဉာဏ်ဝင်းအောင် တင်ပြပါမယ် ။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့အခြေစိုက် Freedom House အဖွဲ့က ထုတ်ပြန်လိုက်တဲ့ Freedom of the Press 2015 ဆိုတဲ့ အစီရင်ခံစာမှာ ပြီးခဲ့တဲ့ ၂၀၁၄ အတွင်း မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် ပြန်ကျ သွားတယ်လို့ ထောက်ပြ ထားပါတယ်။ ကမ္ဘာ့နိုင်ငံနဲ့ ဒေသပေါင်း ၁၉၉ ခုရဲ့ သတင်း လွတ်လပ်ခွင့် ကို လေ့လာပြီး အဆိုးဆုံးနိုင်ငံကို အမှတ် ၁၀၀ ထိ သတ်မှတ်ပေးရာ မှာ မြန်မာနိုင်ငံဟာ ၂၀၁၃ ခုနှစ်အတွက် အမှတ် ၇၀ ရခဲ့ရာက ၂၀၁၄ အခြေအနေတွေအတွက် အဆိုးဖက်ကို ၃ မှတ်တိုးပြီး ၇၃ မှတ် ရရှိခဲ့တာကြောင့် သတင်းလွတ်လပ်ခွင့် ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

Freedom House အစီရင်ခံစာထဲမှာ သတင်းသမားတွေကို ဖမ်းဆီး တရားစွဲပြီး ထောင်ချတာ ၊ အချို့သော နိုင်ငံခြားသားတွေကို ပြည်ဝင်ခွင့်ဗီဇာ တားမြစ်ထားတာမျိုးတွေ ရှိနေတယ်လို့ ဖေါ်ပြထားတာပါ။ အဲဒီ အစီရင်ခံစာ ဟာ လက်တွေ့အခြေအနေကို ထင်ဟပ်စေတယ်လို့ မြန်မာဂျာနယ်လစ်ကွန်ယက် MJN ရဲ့ အတွင်းရေးမှူး ဦးမြင့်ကျော်က ထောက်ပြပါတယ်။

" ပြီးခဲ့တဲ့တနှစ်အတွင်းမှာပေါ့နော် ထောင်ချခံရတဲ့ အမှုအကြီးနှစ်ခုရှိတယ်။ ယူနတီနဲ့ မွန်းတည့်နေ။ တခုကဆိုရင် ထောင်ဒဏ် ဆယ်နှစ် ဆိုတော့ တော့်တော့် ကို ပြင်းထန်တဲ့ ထောင်ဒဏ်။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ်ဆန်းမှာကတည်းကိုက DVB သတင်းထောက်လည်း ထောင်ချခံရတယ်။ နောက် ဒီဘက်နှစ်ကူးလာတော့ အခုလပိုင်းတွေမှာ ဆက်တိုက်ဆိုသလိုပဲ သတင်းသမားတွေ အရိုက်ခံရတာတွေ ရှိတယ်။ နောက်တခါ ထောင်နှစ်လ အချခံရတာရှိတယ်။ ဆိုတော့ ပြီးခဲ့တဲ့ ကုန်ခဲ့တဲ့ တနှစ်အတွင်းမှာကို အခုဖြစ်ပျက်နေတာတွေက သတင်းရေးသား မှုတွေ ဖော်ပြမှုတွေ နောက်တခုက သတင်းရယူတဲ့အခါတွေမှာလည်း သတင်းသမားတွေ အပေါ်မှာ တရားစွဲခံရနိုင်တယ်။ ရေးသားဖော်ပြမှုကြောင့်လည်း တစုံတရာသော အရေးယူမှုတွေရှိနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိတယ်။ လက်တွေ့မှာလည်း အရေးယူမှုတွေရှိတယ်ဆိုတော့ ဒီဟာက သတင်း လွတ်လပ်ခွင့်ကို သွားပြီးတော့ တိုက်ရိုက်ခြိမ်းခြောက်မှု ရှိတယ်ဆိုတာတော့ ထင်ရှားပါတယ်။ "

မြန်မာ သတင်းသမားတွေအနေနဲ့ စိုးရိမ်ဖွယ်ရာ ခြိမ်းခြောက်မှုတွေ ကြုံနေရတယ်လို့ Freedom House အစီရင်ခံစာရဲ့ ပြောဆိုမှုနဲ့ ပတ်သက်ပြီး မြန်မာ စာနယ်ဇင်းကောင်စီ အတွင်းရေးမှူး ဦးကျော်မင်းဆွေက ခုလို သုံးသပ်ပါတယ်။

" သတင်းလွတ်လပ်ခွင့်တို့ ခြိမ်းခြောက်မှုတို့နဲ့ ပတ်သက်လို့ရှိရင် နှစ်ပိုင်းရှိ တာပေါ့နော်။ တပိုင်းက အစိုးရဘက်မှာ တာဝန်ရှိတယ်။ အစိုးရဆိုပေမဲ့ အစိုးရတခုတည်း ပြောလို့မရတော့ဘူး။ အခုက တရားရေးမဏ္ဍိုင်ရယ်၊ လွှတ်တော်ရယ်၊ နောက်တခါ အုပ်ချုပ်ရေးရယ်ပေါ့နော်။ တပ်မတော်လည်း ပါကောင်းပါမယ်ပေါ့နော်။ အဲ့တော့ သူတို့ရဲ့ အမြင်တွေ တဖြေးဖြေး ပြောင်းဖို့ လိုတာပေါ့။ အဲ့တာက သူတို့က မီဒီယာလွတ်လပ်ခွင့်ကို ထိန်းချုပ်ဖို့ ကြိုးစားတယ်ဆိုလို့ရှိရင် လက်တွေ့ လုပ်ရပ်တွေက ပေါ်လာမှာပဲ။ ဒါက ရှင်းတယ်ပေါ့နော်။

တဖက်ကလည်း ကျနော်တို့ သတင်းမီဒီယာသမားတွေဘက်မှာ လွတ်လပ်စွာ ရေးသားပြောဆိုခွင့်တို့ ပြောလို့ရှိရင် တချို့ဟာတွေ မထိရဲ မတို့ရဲ မရေးရဲတဲ့ အပိုင်းတွေ အစိုးရမဟုတ်တဲ့ အပိုင်းတွေလည်း ရှိသေးတယ်ဗျ။ အဲ့တော့ ကျနော်တို့က ရှေ့မှာကတော့ ကျင့်ဝတ်နဲ့အညီ သွားနေလို့ရှိရင်တော့ ပြဿနာ နည်းနိုင်တယ်ပေါ့နော်။ သို့သော် မဖြစ်ဘူးလို့ ပြောလို့မရဘူး။ ပြဿနာကတော့ လာဦးမှာပဲ။ တရားစွဲတာတွေက လာဦးမှာပဲ။"

ပြီးခဲ့တဲ့သုံးနှစ်အတွင်း ဆက်တိုက် ရခဲ့တဲ့ မြန်မာနိုင်ငံရဲ့ တိုးတက်မှု နောက်ပြန် ဆုတ် သွားတာဖြစ်ပါတယ်။ ဒီအချက်နဲ့ ပတ်သက်လို့ MJN ရဲ့ အတွင်းရေးမှူး ဦးမြင့်ကျော်ပြောတာက

"၂၀၁၃မှာ နေ့စဉ်သတင်းစာတွေ ထုတ်ခွင့်ရတယ်။ အမှုကိစ္စကြီးကြီးမားမားမရှိခဲ့ဘူး။ ၂၀၁၃ကတော့ အကောင်းဘက်ကို ဦးတည်ပြီး ပြောလို့ရတယ်။ သို့ပေမဲ့နောက်ပိုင်း သတင်းသမားတွေကလည်း ပိုပြီးတော့ အလုပ်လုပ်လာတဲ့အခါမှာ အဖမ်းခံရတဲ့ ကိစ္စတွေ ဆက်တိုက်ဆိုသလိုဖြစ်လာတယ်။ နောက် မကြာခဏလည်း အခွင့်ကြုံတဲ့အခါမှာ သတင်းသမားတွေ အရိုက်ခံရတာတို့၊ အငြိုးခံရတာတို့ အဲ့တာမျိုးတွေလည်း ရှိလာတယ်ပေါ့နော်။ တရားစွဲမယ်။ ဒီ့ထက်ကြီးရင် ဖမ်းမယ် ဆိုတဲ့ အခုနောက်ပိုင်းမှာ အဲ့ဒီ့အရိပ်အယောင်တွေ ပိုများလာတယ် ဆိုတော့ ဒီဘက်က အကျဘက်လို့ ပြောလို့ရတာပေါ့နော်။

Freedom House အစီရင်ခံစာနဲ့ ပတ်သက်လို့ သဘောထား သိရှိနိုင်ဖို့ မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူကို မေးမြန်းဖို့ ဗွီအိုအေက အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ် မရခဲ့ပါဘူး ။

XS
SM
MD
LG