သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Fatah နဲ့ Hamas ညီညွတ်မှုကြောင့် Palestine နဲ့ ဆွေးနွေးမှု Israel ရပ်ဆိုင်း


ညီညွတ်တဲ့အစိုးရတရပ် ဖွဲ့စည်းဖို့ ပူးပေါင်းလိုက်ကြတဲ့ Fatah နဲ့ Hamas ခေါင်းဆောင်များ။ ဂါဇာ၊ ဧပြီ ၂၃၊ ၂၀၁၄။
ညီညွတ်တဲ့အစိုးရတရပ် ဖွဲ့စည်းဖို့ ပူးပေါင်းလိုက်ကြတဲ့ Fatah နဲ့ Hamas ခေါင်းဆောင်များ။ ဂါဇာ၊ ဧပြီ ၂၃၊ ၂၀၁၄။
ရန်ဖက် ပါလက်စတိုင်း အဖွဲ့တွေဖြစ်ကြတဲ့ Fatah နဲ့ Hamas တို့ပူးပေါင်းပြီး ညီညွတ်တဲ့ အစိုးရတရပ် ဖွဲ့စည်းမယ့် အစီအစဉ်ကို တုန့်ပြန်တဲ့ အနေနဲ့ အစ္စရေးအစိုးရအဖွဲ့က ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှုတွေကို ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကြာသပတေးနေ့က ၆ နာရီကြာ ဆွေးနွေးခဲ့ပြီးနောက် မှာပဲ ပါလက်စတိုင်းတို့ရဲ့ တဖက်သတ် လုပ်ရပ်အပေါ် တုန့်ပြန် ဆောင်ရွက်သွားမယ့် အကြောင်း အစ္စရေးလ်က ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

အစ္စရေးလ် ဝန်ကြီးချုပ် Benjamin Netanyahu ကလည်း Fatah အုပ်စုရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ ပါလက်စတိုင်း သမ္မတ Mahmoud Abbas ဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ထိခိုက်အောင် လုပ်နေတယ်ဆိုပြီး အစောပိုင်းမှာပဲ ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

အစ္စရေးလ်နဲ့ ငြိမ်းချမ်းရေး လုပ်ရမယ့်အစား Hamas နဲ့ ငြိမ်းချမ်းရေး လုပ်နေတယ်။ သူ့အနေနဲ့ တဖက်ဖက်ကို ရွေးရလိမ့်မယ်၊ အစ္စရေးလ်နဲ့ ငြိမ်းချမ်းရေးလုပ်မလား၊ Hamas နဲ့ လုပ်မလား တခုပဲရမယ်လို့ အစ္စရေးလ် ဝန်ကြီးချုပ်က ပြောဆိုခဲ့တာပါ။ Hamas အဖွဲ့ဟာ လူသတ်တဲ့အကြမ်းဖက်အုပ်စု၊ အစ္စရေးလ်ကို ဖျက်ဆီးလိုတဲ့ အဖွဲ့တခုဖြစ်တယ်လို့လည်း ပြောခဲ့တာပါ။

Hamas ဝန်ကြီးချုပ် Ismail Haniyeh ကတော့ ပါလက်စတိုင်းတွေ ညီညွတ်မှာကို မလိုလားတဲ့ အစ္စရေးလ်ရဲ့ တုန့်ပြန်မှုကို မအံ့သြဘူးလို့ ပြောဆိုခဲ့တာပါ။ အခုနောက်ဆုံး အခြေအနေကြောင့် အမေရိကန် ပြည်ထောင်စုက ကြားဝင်စေ့စပ်ဖို့ ကြိုးစားနေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အလားအလာတွေလည်း မရေမရာ ဖြစ်ခဲ့ရပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Jen Psaki ကတော့ ပါလက်စတိုင်းရဲ့ ကြေညာချက်အပေါ် စိတ်ပျက်မိတဲ့ အကြောင်းနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကိုလည်း ထိခိုက်စေတယ်လို့လည်း အပြစ်တင်ခဲ့တာပါ။
XS
SM
MD
LG