သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လယ်သမားအခွင့်အရေး ကာကွယ်ပေးဖို့ ၈၈ မျိုးဆက်တွေ တိုက်တွန်း


တောင်သူလယ်သမားတွေရဲ့ အခွင့်အရေးတွေ နစ်နာဆုံးရှုံးနေတဲ့အတွက် လယ်သမား အခွင့်အရေး ကာကွယ်ရေး ဥပဒေတစ်ရပ် ပြဌာန်းပေးဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက တိုက်တွန်းလိုက်ပါတယ်။ ဇွန်လ ၃၀ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ တောင်သူလယ်သမားများရဲ့ အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေကြမ်းကို ပြည်သူအများ သိရှိ လေ့လာ အကြံပြုနိုင်ဖို့ဆိုပြီးတော့ ထုတ်ပြန်ခဲ့ပြီးတဲ့နောက် အခုလို တိုက်တွန်းလိုက်တာပါ။

ဒီဥပဒေကြမ်းမှာ လယ်သမားတွေရဲ့ အခွင့်အရေးကို အကာအကွယ်ပေးမယ့် ပြဌာန်းချက်တွေ မပါဘူးလို့လည်း ထောက်ပြကြပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

တောင်သူလယ်သမားများ၏ အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကြမ်းမှာ ချေးငွေကိစ္စ၊ ဈေးကွက်နဲ့ ဈေးနှုန်းကိစ္စ၊ စက်မှု လယ်ယာကိစ္စတွေပဲပါတာကြောင့် ဒါတွေဟာ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဘဏ်လုပ်ငန်းရှင်တွေ၊ စက်မှုလုပ်ငန်းရှင်တွေ၊ ကုန်သည်တွေနဲ့ အကျိုးစီးပွား နွယ်နေတဲ့ ရည်ရွယ်ချက်တွေကိုပဲ တွေ့ရတယ်လို့ ၈၈ မျိုးဆက်အဖွဲ့က ထောက်ပြပါတယ်။

လယ်သမားတွေအတွက် အထူးလိုအပ်တဲ့ မြေယာပိုင်ဆိုင်မှုကိစ္စ၊ မြေယာသိမ်းမှုတွေ မဖြစ်အောင် ဘယ်လို အကာအကွယ်ပေးမလဲဆိုတဲ့ အရေးအကြီးဆုံးကိစ္စတွေ မပါသလို မြေယာပိုင်ဆိုင်မှုအပိုင်းမှာ မတရား သိမ်းဆည်းခံရတဲ့ ဘေးက ကင်းဝေးအောင် ဆိုတဲ့ ရည်ရွယ်ချက်မျိုး ဒီဥပဒေကြမ်းထဲမှာမပါဘူးလို့လည်း ပြောပါတယ်။

ဒီကနေ့ တောင်သူလယ်သမားတွေဟာ သူတို့ရဲ့အခွင့်အရေးတွေ နစ်နာဆုံးရှုံးမှုနဲ့ ရင်ဆိုင်နေကြရတယ်လို့ ရန်ကုန်မြို့၊ ၈၈ မျိုးဆက်ရုံးခန်းမှာ ဗုဒ္ဓဟူးနေ့က လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ၈၈ မျိုးဆက်အဖွဲ့ရဲ့ လယ်သမားအရေး တာဝန်ခံ ကိုထွန်းမြင့်အောင်က ပြောခဲ့ပါတယ်။

“လယ်ယာမြေ မတရား သိမ်းဆည်းခံရမှုကိစ္စတွေဟာ ပြီးခဲ့တဲ့ စစ်အစိုးရ လက်ထက်ကတည်းက ရှိခဲ့တာ ဒီကနေ့ အချိန်ထိလည်း ဒီပြဿနာတွေကို ပြေလည်အောင် မဖြေရှင်းပေးနိုင်သေးပါဘူး။ လွှတ်တော်မှာ လယ်ယာမြေ သိမ်းဆည်းခံရမှု ပြဿနာတွေကို ဖြေရှင်းပေးဖို့အတွက် စုံစမ်းရေးကော်မရှင်ဆိုတာ ဖွဲ့ထားပါတယ်။ အဲ့တော့ ကော်မရှင်က စုံစမ်းတယ်။ ကော်မရှင်က စုံစမ်းနေတုန်းမှာ ခက်တာက လယ်သမားတွေက လယ်မစိုက်ရဘဲနဲ့ ထမင်းငတ်နေရတဲ့ အခြေအနေ စိုက်နေတယ်။ ဒါကိုလည်း ကျနော်တို့ အကြိမ်ကြိမ် ပြောတယ်။ ဒီအတွက်ကိုလည်း အဖြေရှာနိုင်ဖို့အတွက် ကျနော်တို့ တင်ပြတယ်။ ဒါပေမဲ့ အကောင်အထည် ပေါ်မလာဘူး။”

အခုထုတ်ပြန်လိုက်တဲ့ ဥပဒေမူကြမ်းကို ရေးဆွဲစဉ်ကာလတုန်းက စစ်မှန်တဲ့ လယ်သမား ကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာ ကျွမ်းကျင်တဲ့ ပညာရှင်တွေ မပါဝင်ဘဲ ရေးဆွဲခဲ့တယ်လို့ မူကြမ်းရေးဆွဲရေး ညှိနှိုင်းဆွေးနွေးပွဲတွေကို တက်ရောက်ခဲ့တဲ့ ကိုမျိုးအောင်က ပြောပါတယ်။

ဒါ့အပြင် မူကြမ်းရေးဆွဲဖို့ ပြင်ဆင်ကြချိန်တုန်းက လယ်သမားအခွင့်အရေး ကာကွယ်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ စပြီးလုပ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ခေါင်းစဉ်ပြောင်းသွားခဲ့တယ်လို့ ကိုမျိုးအောင်က ပြောပါတယ်။

“စီးပွားရေးလုပ်ငန်းရှင်တွေ တော်တော်များများကနေပြီးတော့ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးဥပဒေ မဟုတ်ဘဲနဲ့ ဒီခေါင်းစဉ်ကို ပြောင်းချင်ပါတယ်ဆိုပြီးတော့ ထပြောတယ်။ ဒါဟာ တောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွားကို မြှင့်တင်တာလား။ အခွင့်အရေးကို မဟုတ်ပါဘူးဆိုပြီးတော့ အဲ့လိုမျိုးနဲ့ လုပ်ငန်းရှင် သုံး - လေးယောက်ကနေ ထ ပြောပါတယ်။ အဲ့ဒီအချိန်မှာပဲ ဒီခေါင်းစဉ်အပေါ်မှာ မကျေမလည်နဲ့ပေါ့ ဘာဆုံးဖြတ်မယ်ဆိုတာ မသိဘဲနဲ့ ဒီပွဲကြီးက ပြီးသွားတယ်။ အဲ့ဒါ သေချာတာ ပြောနိုင်တာကတော့ တောင်သူလယ်သမား ကိုယ်စားလှယ်တွေ တယောက်မှ မပါဘူး။”

လယ်သမားအခွင့်အရေးကို ကာကွယ်တဲ့ ဥပဒေတွေ ပြဌာန်းပေးရမယ်လို့ ၂၀၀၈ အခြေခံဥပဒေမှာ ပါသလို ၁၉၆၃ ခုနှစ် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်တဲ့ဥပဒေဆိုတာလည်း ရှိခဲ့ဖူးပေမဲ့ ၂၀၁၂ ခုနှစ် မြေယာဥပဒေကြောင့် အလိုလိုပျက်သွားခဲ့တာပါ။ ဒါကြောင့်လည်း အခု ကြေညာထားသလို အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ ဆိုတာမျိုးကိုလည်း ပြဌာန်းဖို့လိုပေမဲ့ ဒီ့မတိုင်ခင်မှာ အခွင့်အရေး ကာကွယ်တဲ့ဥပဒေကို အရင်ပြဌာန်းပါလို့ ၈၈ မျိုးဆက်ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုထွန်းမြင့်အောင်က တိုက်တွန်းပါတယ်။

“လယ်သမားတွေရဲ့ ဘဝလုံခြုံမှု၊ လယ်သမားတွေရဲ့ အကျိုးစီးပွား၊ အခွင့်အရေးကို ကာကွယ်ပေးထားတာ မရှိဘဲနဲ့ လယ်သမား အကျိုးစီးပွား မြှင့်တင်ရေးဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူးဆိုတာကိုလည်း ကျနော်တို့ အကြိမ်ကြိမ် ပြောခဲ့ပါတယ်။ အဲ့တော့ လယ်သမား အကျိုးစီးပွား မြှင့်တင်ရေးဆိုတာကို ကျနော်တို့ ကန့်ကွက်စရာ မရှိပါဘူး။ ဒီ့ရဲ့ရှေ့မှာ လယ်သမားတွေရဲ့ အခွင့်အရေးကို ကာကွယ်တဲ့ဥပဒေ ထုတ်ပြန်ဖို့ အရေးတကြီး လိုအပ်နေတယ်ဆိုတာကို ကျနော်တို့ အတိအလင်း ပြောချင်ပါတယ်။ အကြိမ်ကြိမ်လည်း ပြောခဲ့ပါတယ်။ အဲ့တော့ အခု ထုတ်ခဲ့တာကတော့ လယ်သမား အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေပဲ ဖြစ်နေတယ်။”

လယ်သမားအစစ်အမှန်တွေပါဝင်တဲ့ လယ်သမားသမဂ္ဂတွေ ပေါ်လာဖို့ လိုအပ်ပြီး လယ်သမားသမဂ္ဂတွေကို လွတ်လပ်စွာ ဖွဲ့စည်း လှုပ်ရှားခွင့်ပေးမှ တိုင်းပြည် တည်ဆောက်ရေး ကိစ္စတွေမှာ လယ်သမားတွေအားလုံး ပါဝင်ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့လည်း ၈၈ မျိုးဆက်အဖွဲ့က ပြောပါတယ်။
XS
SM
MD
LG