သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှစ်လေးလုံး အခမ်းအနားအတွက် ဝန်ကြီးများ ငွေလှူ


မြန်မာနိုင်ငံ ခေတ်သစ်သမိုင်းရဲ့ ဒီမိုကရေစီအရေး တောင်းဆို လှုပ်ရှားမှုတွေထဲက အကြီးမားဆုံး လှုပ်ရှားမှုကြီးလို့ ဆိုရမယ့် ရှစ်လေးလုံး အရေးတော် ပုံကြီး ဖြစ်ပေါ်ခဲ့တဲ့ ၂၄ နှစ် ပြည့် နှစ်ပတ်လည် အခါသမယမှာ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေး ဖို့အတွက် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေက တောင်းဆိုလိုက်ပါတယ်။ ဒီအတောအတွင်း ဒီ နှစ် ပတ်လည် ပွဲ ကျင်းပဖို့ အခမ်းအနား ပြင်ဆင်နေကြတဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ ဆီကို ပြည်ထောင်စု ဝန်ကြီးတွေ ကိုယ်တိုင် သွားရောက် အားပေးခဲ့ပြီး အခမ်းအနား ကျင်းပရေး အတွက် အလှုငွေ ထည့်ဝင် လှုဒါန်းသွားခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်တဲ့အနေနဲ့ အကျဉ်းကျနေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လည်း ပြန်လွှတ်ပေးသင့်ပြီလို့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုကိုကြီး က တောင်းဆို လိုက်ပါတယ်။

ကိုကိုကြီး ။ “နိုင်ငံသားတွေအားလုံး ပါဝင်နိုင်တဲ့ အခြေအနေကို ဖန်တီးပေးဖို့ဆိုရင် ထောင် အသီး သီးမှာ အကျဉ်းကျနေကြခံနေရဆဲ ဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ နိုင်ငံရေး လှုပ်ရှား မှုကြောင့် ဆက်စပ်ပြီးတော့ ထိန်းသိမ်း ခံနေရတဲ့ သူတွေကို လွှတ်ပေးဖို့က အရေးကြီးဆုံးပါ၊ နောက် ကျနော် တို့ နိုင်ငံမှာ အရေးတကြီးလိုအပ်နေတဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးလို့ ပြောရင် သမိုင်း ကို မှန်မှန်ကန်ကန် လက်ခံနိုင်ဖို့ အရေးကြီးပါတယ်၊ အဲလို လက်ခံတဲ့ နေရာမှာ နိုင်ငံရေး အကျဉ်း သားတွေ နိုင်ငံရေးကြောင့် ထိန်းသိမ်း ခံထားရတဲ့သူတွေကို အသိအမှတ်ပြုဖို့ဟာလည်း အရေးကြီး ဆုံးပါ၊ ဒီတော့ ဒီနေ့ ဒီအချိန်ခါမှာ ထောင်အသီးသီးမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လည် လွတ်မြောက်ရေးနဲ့ နိုင်ငံအသီးသီးမှာ ရောက်ရှိ နေ တဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူ အားလုံး အာမခံချက်ရှိရှိနဲ့ ကိုယ့်နိုင်ငံကို ပြန်လာနိုင်ဖို့ ဟာ နိုင်ငံ ပြုပြင်ပြောင်းလဲရေး၊ ပြန်လည် ထူထောင်ရေး အတွက် အရေးကြီးဆုံး လို့ ပြောချင်ပါ တယ်”

ရှစ်လေးလုံးရဲ့ ထူးခြားချက်ဟာ ခေါင်းဆောင် တဦးတယောက်ရဲ့ ဦးဆောင်မှုအောက်မှာ ဖြစ်ပေါ်ခဲ့တာ မဟုတ်ဘဲ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖိနှိပ်ခံ တပါတီ အာဏာရှင်စံနစ်အောက်က လွတ်မြောက်အောင် တတိုင်းပြည်လုံးက တညီတညွတ်တည်း တောင်းဆို ဆန္ဒပြခဲ့ကြတာဖြစ်တဲ့ အတွက် ဒါဟာ တိုင်းပြည် ပြုပြင် ပြောင်းလဲရေးလုပ်ငန်းတွေမှာ လူထုရဲ့ အခန်းကဏ္ဍ အရေးကြီး တယ်ဆိုတာကို ပြသလိုက်တာပဲလို့လည်း ကိုကိုကြီးက ပြောပါတယ်။

၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နေ့ကစလို့ အဲဒီ လူထု ဆန္ဒပြပွဲတွေ၊ သပိတ်စခန်းတွေ၊ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေလည်း တခုချင်း ဖြိုခွင်း ဖျက်ဆီးခံ ခဲ့ရပြီး ထောင်ပေါင်းများစွာသော အပြစ်မဲ့ ပြည်သူတွေ အသက်ဆုံးရှုံးခဲ့ကြရတာပါ။ အဲဒီအချိန်က စလို့ မြန်မာနိုင်ငံဟာလည်း စစ်အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ အမှောင်ဖုံးတဲ့ ခေတ်တခေတ် ကို ဖြတ်သန်းခဲ့ရပြန်ပါတယ်။

ဒီနှစ်ပတ်လည်ပွဲ ကျင်းပဖို့ အခမ်းအနား ပြင်ဆင်နေတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေရှိရာ မန္တလေးမြို့ ဒက္ခိဏရာမ ဘုရားကြီးကျောင်း အလယ် တိုက် ရှိရာကို အင်္ဂါနေ့ ညနေစောင်း မှာပဲ ပြည်ထောင်စု ဝန်ကြီးတွေဖြစ်ကြတဲ့ မီးရထားဝန်ကြီး ဦးအောင်မင်းနဲ့ စက်မှုဝန်ကြီး ဦးစိုးသိန်း တို့ လာရောက် အားပေး ခဲ့ကြပြီး အလှုငွေတွေပါ ထဲ့ဝင်သွားတဲ့အတွက် ဒါဟာ အစိုးရအနေနဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးကို တနည်းအားဖြင့် အသိအမှတ်ပြုလိုက်တာပဲလို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောပါတယ်။

ကိုကိုကြီး ။ “ပြည်ထောင်စုဝန်ကြီးတွေပေါ့နော်.. စက်မှုဝန်ကြီး ဦးစိုးသိန်း နဲ့ ရထားဝန်ကြီး ဦးအောင်မင်း.. သူတို့အဖွဲ့ လာပြီးတော့ ကျနော်တို့ အခမ်း အနား ပြင်ဆင်နေတဲ့ နေရာကို လာပြီးတော့ ဆရာတော်တွေကိုလည်း နဝကမ္မအလှူငွေ နှစ်သိန်း လှူဒါန်းသွားတယ်၊ ပြီးတော့ ကျနော် တို့ကိုလည်း ဒီအခမ်းအနားအတွက် ၁၀ သိန်းပေါ့၊ ဦးအောင်မင်းက ၅ သိန်း၊ ဦးစိုးသိန်းက ၅သိန်း၊ ကျနော်တို့ကို လှူဒါန်း သွားတယ်၊ ဒါ ပြည်ထောင်စု ဝန်ကြီးတွေ အနေနဲ့ ၈ လေးလုံး အထိမ်းအမှတ်ပွဲကို အခမ်းအနားနေ့မှာ မတက်ရောက်နိုင်ပေမဲ့ သူတို့ ခုလို လာပြီးတော့ ပူးပေါင်း ဆောင်ရွက်မှု ပြတယ်ဆိုတာဟာ ကျနော်တို့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အလားအလာကောင်းတွေလို့ ကျနော်တော့ မျှော်လင့်ပါတယ်။ ခုလိုမျိုး ပြည်ထောင်စု ဝန်ကြီး တွေ အဆင့် လာရောက်ပြီးတော့ အခမ်းအနား ပြင်ဆင်နေတဲ့ နေရာမှာ လာရောက်ပြီးတော့ အားပေး သွားတယ်၊ ဆွေးဆွေးနွေးနွေးနဲ့ ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ လက္ခဏာဟာ ၈လေးလုံး အရေးတော်ပုံကြီးအပေါ်မှာ ထားတဲ့ သဘောထားပေါ့လေ၊ ဒါ ပျော့ပြောင်းတဲ့ သဘောထား၊ အရေးတော်ပုံကြီးကို အသိအမှတ်ပြုတဲ့ သဘောထားကို ပြသတယ်လို့ ကျနော်တော့ အဲသလို ယူဆပါတယ်”

မနက်ဖြန် ကျင်းပမယ့် ရှစ်လေးလုံး နှစ်ပတ်လည်ပွဲဟာလည်း ဖြတ်သန်းလာခဲ့တဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေအတွင်း အသက်ပေး စတေး ခဲ့ကြသူ တွေ၊ အနစ်နာခံခဲ့ကြသူတွေအားလုံးအတွက် ရည်စူးပြီး လုပ်ဆောင်တာဖြစ်တယ်လို့ ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနား ဖြစ်မြောက်ရေး တာဝန်ခံ ၈၈ မျိုးဆက်ကျောင်းသားခေါင်းတဦးဖြစ်သူ ကိုပြုံးချိုက ပြောပါတယ်။

ကိုပြုံးချို ။ “ကျနော်တို့က အနစ်နာခံ ဆုံးရှုံးသွားခဲ့ရတဲ့ လူတွေအတွက် အမြဲတမ်း အမှတ်ရနေ တာ ဖြစ်တယ်၊ ကျနော်တို့ ဘာတွေပဲ လုပ်နေ လုပ်နေ သူတို့တတွေရဲ့ ရည်မှန်းချက်တွေ၊ ယုံကြည် ချက်တွေ အပေါ်မှာပဲ ထည့်သွင်းစဉ်းစား ဆောင်ရွက်နေတာ ဖြစ်တယ်၊ ကျနော်တို့နဲ့အတူတူ လက်တွဲ ခဲ့ကြ တဲ့ သူတွေ ဒီလို လမ်းခွတ်လပ်မှာ ကျဆုံးခဲ့ကြရသူတွေအတွက် ကျနော်တို့ တတ်နိုင် သလောက် ကုသိုလ်ပြုတယ်၊ အမျှအတန်း ပေးဝေတာ ဖြစ်တယ်၊ ပြီးတော့ သူတို့ရဲ့ ယုံကြည် ချက်တွေ အတွက် သူတို့ရဲ့ လိုလားမှုတွေအတွက်၊ ကျနော်တို့ ဒီမှာ စုဝေးကြပြီးတော့ ဘယ်လို အကောင်းဆုံး ဖော်ဆောင် နိုင်မလဲ.. သူတို့ရဲ့ ရည်မှန်းချက်တွေ၊ ကျနော်တို့ ပေးခဲ့တဲ့ ကတိတွေကို ဘယ်လောက်ထိ ပြည့်ပြည့်၀၀ နဲ့ ညီညီညွတ်ညွတ် ပါဝင်ဆောင်ရွက်နိုင်မလဲ ဆိုတာတွေပါ ကျနော် တို့ ဒီမှာ အချင်းချင်း မျှဝေကြမှာ ဖြစ်ပါတယ်”

ဒီ အခမ်းအနားကို နိုင်ငံရေးပါတီအသီးသီးက ခေါင်းဆောင်တွေ၊ ပြည်နယ်တိုင်းအသီးသီးက ကိုယ်စားလှယ်တွေ တတ်နိုင်သလောက် အများဆုံး တက်ရောက်နိုင်အောင် စီစဉ် ဖိတ်ကြားထား တယ် လို့ ကိုပြုံးချိုက ပြောပါတယ်။ မနက်ဖြန်ကျင်းပမယ့် ရှစ်လေးလုံး အခမ်းအနားကို ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ရဲ့ Facebook အင်တာနက် စာမျက်နှာကနေလည်း တိုက်ရိုက် ထုတ်လွှင့် သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ် ခင်ဗျား။
XS
SM
MD
LG