သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲကြောင့် ရခိုင်ဒေသခံများ တိမ်းရှောင်


ရခိုင်တပ် AA နဲ့ မြန်မာစစ်တပ် စစ်ဖြစ်နေတဲ့နေရာပြမြေပုံ။ (သတင်းဓာတ်ပုံ-ပြန်ကြားရေး MOI)
ရခိုင်တပ် AA နဲ့ မြန်မာစစ်တပ် စစ်ဖြစ်နေတဲ့နေရာပြမြေပုံ။ (သတင်းဓာတ်ပုံ-ပြန်ကြားရေး MOI)

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ အစိုးရတပ်နဲ့ ရခိုင်တပ်မတော် (AA) အကြား ဒီကနေ့ထိ ကြိုးကြားတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်ပွား ရာ ဒေသက တောင်ပေါ်ကျေးရွာနေ ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ရခိုင်ပြည်နယ်မြောက်ပိုင်း က ဒေသခံတချို့က ပြောပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနကတော့ ပြီးခဲ့တဲ့သင်္ကြန်ရက်အတွင်း ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် အစိုးရတပ်ဖက်က အကျအဆုံးရှိခဲ့ကြောင်းနဲ့ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအတွက် AA လက်နက်ကိုင်အဖွဲ့ကို ဆက်လက်ရှင်းလင်းနေကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်၊ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ် အစပ်ဒေသတွေမှာ ဒီလ ၁၆ရက်နေ့က တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဒီကနေ့အထိလည်း ပစ်ခိုက်တိုက်ခိုက်တာတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေကို AA တပ်ဖွဲ့က ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက အခုလို ပြောပါတယ်။

“၁၆ ရက်နေ့ ညနေပိုင်းကစပြီးတော့ သူတို့ဘက်ကနေ လက်နက်ကြီးတွေနဲ့ အဝေးကနေလှမ်းပြီးတော့ ပစ်နေတယ်။ ၁ရ ရက်နေ့မှာလည်း သူတို့ဘက်ကနေပြီးတော့ ထပ်ပြီးတော့ ပစ်နေတယ်။ ဒီနေ့တော့ သူတို့ဘက်နဲ့ ကြိုကြားကြိုကြားပစ်ခတ်မှုတွေကတော့ အခုအချိန်အထိရှိနေကြတုန်းပဲ။ အရင်တိုက်ပွဲဖြစ်တဲ့နေရာတွေပေါ့ဗျာ အဲဒီ လောရမတောင်တို့၊ ပုဏ္ဏားကျွန်းမြို့နယ် ထဲက ရသေ့ တဝိုက်ပေါ့ဗျာ။”

ပြီးခဲ့တဲ့ သင်္ကြန်ရက်အတွင်းက အဓိက တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကတော့ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ရသေ့တောင်မြို့နယ် လောရမတောင်တန်းဒေသနဲ့ ပုဏ္ဏားကျွန်းမြို့နယ်-ကျောက်တော်မြို့နယ်အစပ် ယိုးချောင်း အထက်နတ်သရွေးကျေးရွာအနီး (၂)နေရာ တိုက်ပွဲဖြစ်ပွား ခဲ့တာပါ။

ပုဏ္ဏားကျွန်းမြို့နယ်က မြို့နယ်ထောက်ထောက်ကူပြုကော်မတီဝင်တဦးကတော့ တိုက်ပွဲဖြစ်ပွားရာဒေသက ရွာသားတွေ တိမ်းရှောင်နေတာကြားရကြောင်းနဲ့ အဖမ်းအဆီးသတင်းတော့ မကြားသိရကြောင်း ပြောပါတယ်

“တိုက်ပွဲကြောင့်လူထုတွေက အပေါ်ကရွာတွေက အောက်ကို ရှောင်ပြီးတော့ နေရတယ် လို့ ကြားပါတယ်။ အစစအရာရာ အခက်အခဲရှိတယ်လို့ကြားပါတယ်။ အဖမ်းအဆီးကတော့ ကျနော်တို့မကြားသေးပါဘူး”

ဒီလ ၁၈ရက်နေ့ နေ့စွဲနဲ့ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ရာမှာတော့ AA တပ်ဖွဲ့ဝင် ၁၀၀လောက်ဟာ ဒီလဆန်းပိုင်းကစတင်ပြီး ကျောက်တော်မြို့နယ်အတွင်း စိမ့်ဝင်လှုပ်ရှားလာကြောင်းနဲ့ တပ်မတော်စစ်ကြောင်းတွေက သင်္ကြန်ကာလအတွင်း နယ်မြေရှင်းလင်းရာမှာ တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားပြီး ယာယီတပ်ရင်းမှုးတဦးနဲ့ အရာရှိ စစ်သည်တချို့ ကျဆုံး၊ ဒဏ်ရာရခဲ့ကြောင်း ဖော်ပြပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက်မှာ အစိုးရစ်ကြောင်းက ဆက်သွယ်ရေးမြောင်းနဲ့ ပစ်ကျင်းတွေ တူးဖော်ထားတဲ့ယာယီအခြေပြုစခန်းသိမ်းယူခဲ့သလို လက်လုပ်မိုင်း၊ အခြားအသုံးအဆောင်တွေကို သိမ်းဆည်းရမိကြောင်း ဖော်ပြပါတယ်။

AA ခေါ် ရခိုင်တပ်မတော်ဟာ ကချင်ပြည်နယ် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIO ဌာနချုပ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး ပြီးခဲ့တဲ့နှစ် မတ်လနဲ့ ဒီဇင်ဘာလတွေမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကနေတဆင့် ပလက်ဝနဲ့ ကျောက်တော်မြို့နယ်တွေအတွင်းကို ဝင်ရောက်လာခဲ့တာကြောင့် အစိုးရတပ်က တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း အစိုးရထုတ်သတင်းစာတွေမှာဖော်ပြပါတယ်။

လက်ရှိအခြေအနေမှာလည်း အစိုးရစစ်ကြောင်းတွေက နယ်မြေရှင်းလင်းတာတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG