သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ABSDF မြောက်ပိုင်း ဖြစ်ရပ် နစ်နာခဲ့ရသူတွေ ရှင်းလင်း


ရန်ကုန်မြို့တွင် ပြုလုပ်တဲ့ ABSDF မြောက်ပိုင်း သတင်းစာ ရှင်းလင်းပွဲ i
ရန်ကုန်မြို့တွင် ပြုလုပ်တဲ့ ABSDF မြောက်ပိုင်း သတင်းစာ ရှင်းလင်းပွဲ i
ABSDF ခေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးရဲ့ ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင် မြန်မာပြည်ကို ပြန်လာချိန်မှာ ABSDF မြောက်ပိုင်းဒေသမှာ ၁၉၉၂ခုနှစ်က ဖြစ်ပျက်ခဲ့တဲ့ သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး မြောက်ပိုင်း ရဲဘော်ဟောင်းတွေက ဒီကနေ့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ တိုက်တိုက်ဆိုင်ဆိုင် ကျင်းပခဲ့ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲဟာ ပထမဆုံးအကြိမ် လူထုကို တရားဝင် တင်ပြတဲ့ပွဲဖြစ်ပြီး ဒီလို ရှင်းလင်းတင်ပြတာဟာ အနာဂတ်မှာ သင်ခန်းစာယူနိုင်ဖို့နဲ့ တရားမဏ္ဍိုင် ခိုင်မာစေဖို့ဖြစ်တယ်လို့ ပြောပါတယ်။ ဒီသတင်းကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲကို ABSDF မြောက်ပိုင်းကချင်ပြည်နယ်မှာ စစ်အစိုးရ သူလျိုအဖြစ် စွပ်စွဲဖမ်းဆီးခံရပြီးနောက် လွတ်မြောက်လာတဲ့ ကျောင်းသားဟောင်းတွေ က ရန်ကုန်မြို့တော်ဝင်နှင်းဆီခန်းမမှာ ဒီကနေ့ မနက်က ကျင်းပတာဖြစ်ပါတယ်။

ဒီလို သတင်းစာရှင်းလင်းပွဲကျင်းပရတဲ့အကြောင်းကို မြောက်ပိုင်းကျောင်းသား ရဲဘော်ဟောင်း တဦးဖြစ်တဲ့ ကိုညီညီကျော်က အခုလို ပြောပါတယ်။

“နှစ်၂၀ကျော် ကျနော်တို့ ကျောင်းသားတွေဟာပုံသဏ္ဍာန်အမျိုးမျိုးနဲ့ဖြတ်သန်းခဲ့တယ်။ လုပ်ခဲ့တယ်။ ကိုင်ခဲ့တယ်။ အဲဒီမှာ ကျနော်တို့ တွေ့လိုက်ရတဲ့ အတွေ့အကြုံကြီးက ကျနော်တို့ လိုချင်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လမ်းကြောင်းကို ပြောင်းသွား စေနိုင်တဲ့ အချက်မျိုးဖြစ်နေတယ်။ အဲဒီအချက်ကို ကျနော်တို့ ရှင်းရှင်းလင်းလင်း ပြောပြချင်တယ်။ ကျနော်တို့ ကြုံတွေ့ခဲ့တဲ့ အတွေ့အကြုံ၊ သို့မဟုတ် အသက်တွေပေးမှု၊ ဘဝတွေ ပေးမှုဟာ ဒီနေ့ ပြောင်းလဲလာတဲ့ အပြောင်းအလဲမှာ ကျနော်တို့ အထောက်အကူဖြစ်စေချင်တယ်။ နောင်အနာဂတ်အတွက်လည်း အသုံးချစေချင်တယ်။ အဲဒါကြောင့် ဒီဟာကို ရည်ရွယ်ပြီးလုပ်တာပါ။”

အခြားရည်ရွယ်ချက်တခုကတော့ တရားရေးမဏ္ဍိုင်ခိုင်မာစေဖို့နဲ့ တရားဥပဒေရဲ့ စောင့်ရှောက်မှုကို ရရှိစေဖို့ဖြစ်တယ်လို့ ကိုညီညီကျော်က ဆက်ပြောပါတယ်။

"နောက်တချက်ကတော့ ကျနော်တို့ တကယ်လိုအပ်နေတာဟာ တရားရေးမဏ္ဍိုင် ခိုင်မာတောင့်တင်းဖို့၊ ကျနော်တို့ နိုင်ငံသားတွေဟာ ဘယ်လိုနေရာမှာ ရောက်နေသည်ဖြစ်စေ တရားရေးမဏ္ဍိုင်ရဲ့ စောင့်ရှောက်မှု ကာကွယ်ပေးမှုကို ခံစားခွင့်ရစေချင်တယ်။ အဲဒီအတွက်လည်း အားကိုးအားထားပြုနိုင်တဲ့ တရားမဏ္ဍိုင်မျိုး ပေါ်ထွန်းလာဖို့ကို ရည်ရွယ်ပြီးတော့ ကျနော်တို့ရဲ့ အဖြစ်အပျက်တွေကို တင်ပြတာပါ။ ဒါ ပထမဆုံးအကြိမ် တရားဝင် ရှင်းလင်းတဲ့ပွဲပါ။"

၁၉၉၁ ခုနှစ် ကုန်ပိုင်းမှာ ကချင်ပြည်နယ်မှာ အခြေစိုက်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF မြောက်ပိုင်းမှာ စစ်အစိုးရရဲ့သူလျိုတွေ အဖွဲ့တွင်းရောက်ရှိနေတယ်ဆိုပြီး ဖမ်းဆီးဖော်ထုတ်တဲ့ အဖြစ်အပျက်ဖြစ်ခဲ့ပါတယ်။

၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့မှာ ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော်အပါအဝင် ကျောင်းသား ၁၅ ဦး မြန်မာအစိုးရရဲ့ သူလျိုအဖြစ် စွဲချက်တင်ပြီး ခေါင်းဖြတ်သတ်ခဲ့သလို စစ်ဆေးစဉ်မှာ လူ၂၀သေဆုံးခဲ့ရတယ်လို့ ကိုညီညီကျော်က ပြောပါတယ်။ အခြား သူလျိုအဖြစ် စွပ်စွဲဖမ်းဆီးခံရသူ ၇၀ကျော်ကတော့ အကျဉ်းထောင်ကနေ လွတ်မြောက်သွားခဲ့ပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲဟာ ABSDF ဗဟို ဥက္ကဌတွေဖြစ်တဲ့ ဒေါက်တာနိုင်အောင်နဲ့ ကိုမိုးသီးဇွန်တို့ မြန်မာပြည်ကို ခေတ္တပြန်လာချိန်နဲ့လည်း တိုက်ဆိုင်နေတာဖြစ်ပါတယ်။ ဒီလိုတိုက်တိုက်ဆိုင်ဆိုင် အချိန်ကိုက် ဆောင်ရွက်ရတဲ့အပေါ်မှာတော့ ကိုညီညီကျော်က အခုလို ဆက်ပြောပါတယ်။

“အားလုံးလိုလားနေတာက ပွင့်လင်းပြီးတော့ ထင်သာမြင်သာရှိတဲ့အခြေအနေမျိုးမှာ ရှင်းရှင်းလင်းလင်း ဖြစ်စေချင်ပါတယ်။ ဒါကြောင့်မို့ ABSDF ခေါင်းဆောင်ကြီးတွေကို ကျနော်တို့က ပုတ်ခတ်နေတာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့နဲ့သူတို့တွေဟာ တကယ်တမ်းခေတ်ပြိုင်လုပ်ဖော်ကိုင်ဖက်တွေပါပဲ။ ကျနော်တို့ အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ တာဝန်ယူမှုအရတော့ ဖြေရှင်းရမယ့် အပိုင်းတွေကို အများမြင်သာအောင် ထင်သာမြင်သာဖြေရှင်းစေချင်ပါတယ်။”

ဒီကနေ့ ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ ဒေါက်တာနိုင်အောင်ကတော့ ပွင့်လင်းမြင်သာတဲ့အချိန်မှာ အမှန်တရား ဖော်ထုတ်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

“ကျနော်တို့ ထားတဲ့ သဘောထားကတော့ တရားဥပဒေစိုးမိုးမှုရှိတဲ့အချိန်၊ ပွင့်လင်းမြင်သာ ရှိတဲ့အချိန် အဲဒီအချိန်မျိုးမှာ အမှန်တရားဖော်ထုတ်ရေး အတွက်ကို သေသေချာချာ လုပ်သင့်တယ်လို့ ထင်တယ်။ ကျနော်တို့လည်း ပူးပေါင်းပါဝင်မယ်။ အဲဒီအချိန်မှာ အစိုးရပိုင်းက တာဝန်ရှိသူတွေလည်း ပူးပေါင်းပါဝင်ဖို့ လိုမယ်။ အဲလို အနေအထားမျိုး ရှိမှပဲ လုပ်လို့ ကောင်းမယ်။ နောက်တခုက အဲလိုမျိုး တရားဥပဒေစိုးမိုးတဲ့အနေအထားဖြစ်လား မဖြစ်လားဆိုတာက ကျနော်တို့ ကျနော့်အနေနဲ့ ဘာနဲ့ ကြည့်မလဲဆိုရင် မြန်မာပြည်မှာ ဖြစ်သမျှ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အဲဒါတွေ အားလုံးကိုလည်း အဲလိုအချိန်မျိုးမှာ အမှန်တရားဖော်ထုတ်ရေးအတွက်ကို ပွင့်ပွင့်လင်းလင်းခွင့်ပြုလာပြီဆိုရင်တော့ ပိုပြီးကောင်းတာပေါ့။”

လောလောဆယ်မှာတော့ မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်ဖို့ ဆွေးနွေးနေဆဲဖြစ်တဲ့ ABSDF ဗဟိုက မြောက်ပိုင်းဒေသမှာဖြစ်ခဲ့တဲ့ အရေးအခင်းကို အဖြစ်မှန်ဖော်ထုတ်ဖို့အတွက် အမှန်တရားနှင့် တရားမျှတမှု ဖော်ထုတ်ရေးအလုပ်အဖွဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်နေပါတယ်။ ABSDF အဖွဲွ့ဟာ ၁၉၈၈ ဒီမိုကရေစီရေး ဆန္ဒပြပွဲအပြီးမှာ စစ်အစိုးရကို လက်နက် ကိုင်တော်လှန်ဖို့ အတွက် ကျောင်းသား လူငယ်တွေ ဦးဆောင်ပြီး ဖွဲ့စည်းခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။
XS
SM
MD
LG