သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ABSDF ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်ရောက်


ABSDF ကျောင်းသားတပ်မတော်ခေါင်းဆောင်ပိုင်းနဲ့ ပြည်တွင်း ၈၈ မျိုးဆက် ကျောင်းသားတို့ တွေ့ဆုံကြစဉ်။ (ဒီဇင်ဘာ ၁၉၊ ၂၀၁၂) ဓာတ်ပုံ/ ၈၈ မျိုးဆက်
ABSDF ကျောင်းသားတပ်မတော်ခေါင်းဆောင်ပိုင်းနဲ့ ပြည်တွင်း ၈၈ မျိုးဆက် ကျောင်းသားတို့ တွေ့ဆုံကြစဉ်။ (ဒီဇင်ဘာ ၁၉၊ ၂၀၁၂) ဓာတ်ပုံ/ ၈၈ မျိုးဆက်
ကျောင်းသားတပ်မတော်လို့ အများသိကြတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ် တပ်ဦး ABSDF က ခေါင်းဆောင်တချို့ ပထမဆုံးအကြိမ် ပြည်တွင်းမှာ ရောက်နေကြပါတယ်။ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့အပြင် ပြည်တွင်း နိုင်ငံရေးအင်အားစုတွေနဲ့ပါ တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်နဲ့ ရောက်နေကြ တဲ့ ABSDF ခေါင်းဆောင်တွေရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ဗွီအိုအေရဲ့ ရန်ကုန်အခြေစိုက် သတင်းထောက် ကိုအောင်ရဲမောင်မောင် က တွေ့ဆုံမေးမြန်းထားပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ကျောင်းသားတပ်မတော် ABSDF လက်ရှိ ခေါင်းဆောင်ပိုင်းတွေဟာ ဒီကနေ့မှာ မြန်မာနိုင်ငံအတွင်းကို ပြန်လည်ရောက် ရှိခဲ့ပြီး နိုင်ငံရေးအင်အားစုတွေနဲ့ တွေ့ဆုံသွားမယ်လို့ ADSDF ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုက ဗီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

ABSDF ခေါင်းဆောင်ပိုင်းက တာဝန်ခံ တွေဟာ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ ဒီကနေ့မှာ တွေ့ဆုံခဲ့ပြီးတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံဖို့လည်း ကြိုးစားနေတယ် လို့ ကိုကျော်ကိုက ဗွီအိုအေကို ပြောပါတယ်။

“ဒီနေ့မှာပဲ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဖြစ်တယ်၊ အဲဒီတွေ့ဆုံပွဲမှာ ကျနော်တို့ အားရပါတယ်။ ဝမ်းလည်းဝမ်းသာတယ်။ နောက်တစ်ခုက သူတို့နဲ့ ကျနော်တို့ကြားထဲမှာ ရှိတဲ့ အမြင်တွေ ဖလှယ်နိုင်တယ်။ နောက်တစ်ခုက ရှေ့ခရီးစဉ်အတွက် ပွင့်ပွင့်လင်းလင်း အကြံပြုကြတယ်၊ ဆွေးနွေးကြတယ်ပေါ့။”

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ရော တွေ့ဖို့ရှိသေးလား။

“ကျနော်တို့ ကြိုးစားနေပါတယ်။”

ADSDF ဗဟို ကော်မတီဝင်တွေဟာ ဒီကနေ့မှာ ၈၈ ကျောင်းသားများ အဖွဲ့က ခေါင်းဆောင်ပိုင်းတွေနဲ့ တွေ့ဆုံခဲ့ ပြီး နေ့လည်ပိုင်းမှာ မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အခုလို ပြည်ပက အင်အားစုတွေ ပြည်တွင်းကို ပြန်လည်ဝင်ရောက်လာတာနဲ့ ပတ်သက်ပြီး မြန်မာ ငြိမ်းချမ်းရေး စင်တာက ဒေါက်တာမင်းဇော်ဦးက-

“အစိုးရဘက်ကရော အစိုးရနဲ့အတူတူ လုပ်နေတဲ့လူတွေကြားထဲမှာလည်း လုပ်ပေးရမှာက ဒီလိုလူတွေ ပြန်ဝင်လာတဲ့အခါမှာ လက်ရှိစံနစ်က သူတို့ကို အရင်တုန်းကလိုမျိုး ကန့်သတ် ချုပ်နှောင်တာတွေ မရှိအောင် ကျနော်တို့က အဲဒီအခက်အခဲတွေကို တတ်နိုင်သလောက် ဖယ်ရှားပေးရမှာပေါ့။ ဥပမာ- မတရားအသင်း ကိစ္စမျိုးတွေ ဘာတွေ - ဒါမျိုးတွေနဲ့ ကင်းလွတ်မှု သူတို့ ပြန်လာပြီး လှုပ်ရှားလို့ ရမှာပါ။ ဒီလိုဟာမျိုးတွေကို စံနစ်မှာ ဥပဒေအရ တချို့ အကန့်အသတ် ရှိတဲ့ ဟာတွေကို ကျနော်တို့က အဲဒီ အကန့်အသတ်တွေကို ဖယ်ပေးဖို့ လိုတာပေါ့။

တဖက်က ပြန်ဝင်လာတဲ့သူတွေ ဘက်ကလည်း ဒီလိုမျိုး ပြန်ဝင်လာပြီး လှုပ်ရှားတဲ့အခါမှာ လက်ရှိ သွားနေတဲ့ အပြောင်းအလဲရဲ့ အကျပ်အတည်းတွေ၊ စိန်ခေါ်မှုတွေကို နားလည်ပြီးတော့ တဘက်နဲ့တဘက် အပြန်အလှန် နားလည်မှုရှိတဲ့ လှုပ်ရှားမှုမျိုးတွေ ဖြစ်ဖို့ လိုတယ်ပေါ့ဗျာ။”

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ကျောင်းသားတပ်မတော် ABSDF က ဥက္ကဋ္ဌ ကို သံခဲ အပါအဝင် ဗဟိုကော်မတီဝင် ၉ ဦး ပြည်တွင်းကို ပြန်လည် ဝင်ရောက်လာ တာဖြစ်တယ်လို့ ကိုကျော်ကိုက ပြောပါတယ်။

ပြည်တွင်းမှာ သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေး ဖြစ်စဉ် တိုးတက်မှုတွေကို လေ့လာဖို့ လာခဲ့တာဖြစ်သလို ABSDF ရဲ့ ပြည်တွင်းခရီးစဉ်မှာ အခြား ရည်ရွယ်ချက် ၃ ခုလည်း ရှိသေးတယ်လို့ ကိုကျော်ကိုက ပြောပါတယ်။

“အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကျနော်တို့လာပြီး လေ့လာတယ်။ ဒုတိယတချက်ကတော့ ကျနော်တို့ရဲ့ မကဒ- ရှေ့ခရီးဆက်သွားနိုင်ဖို့ဆိုရင် ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ အကြံဉာဏ်၊ သူတို့ရဲ့ အကြံပြုမှု၊ သူတို့ရဲ့အသံတွေ ကျနော်တို့ နားထောင်မယ်၊ ဆွေးနွေးမယ်၊ ကျနော်တို့ အမြင်တွေ ဖလှယ်မယ်။ တတိယတခုကတော့ ကျနော်တို့ ရဲဘော်ဟောင်းတွေနဲ့ မိသားစုတွေနဲ့ ကျနော်တို့ ပြန်တွေ့ဖို့ပေါ့။ အဓိကကတော့ ခရီးစဉ်ရည်ရွယ်ချက်ကတော့ သုံးခုပေါ့။”
ပြည်တွင်းကို ပြန်ဝင်လာတဲ့ ကျောင်းသားခေါင်းဆောင်တွေဟာ လက်ရှိအချိန်မှာ မြန်မာငြိမ်းချမ်းရေး စင်တာမှာ ပဲ နေထိုင်မှာဖြစ်ပြီးတော့ သူတို့ရဲ့ခရီးစဉ်ဟာ ၂ ပတ်ခန့်ကြာမယ်လို့ လည်း ကျောင်းသားခေါင်းဆောင် ကိုကျော်သူရက ပြောပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ကျောင်းသားတပ်မတော် ABSDF ဟာ ပြည်တွင်းက အာဏာပိုင်တွေနဲ့လည်း တွေ့ဆုံဖို့ရှိပြီး ဆက်လက် ဆွေးနွေးဖို့ ကိစ္စတွေလည်း ရှိတယ်လို့ ADSDF ခေါင်းဆောင်ပိုင်းတွေက ပြောပါတယ်။

“နိုဝင်ဘာလထဲက ဦးအောင်မင်းတို့နဲ့ တွေ့တဲ့အချိန်မှာ ကျနော်တို့ ဒီ သဘောတူညီချက် ရတာပေါ့နော်။ နံပါတ်တစ်ကတော့ ဒီ-တွေ့ဆုံဆွေးနွေးပွဲတွေ ကျနော်တို့ ဆက်လုပ်သွားမယ်။ ဒုတိယတချက်ကတော့ ကျနော်တို့ ဗမာပြည်ကို လေ့လာရေးခရီးစဉ် လာဖို့ အဲဒီရဲ့ သဘောတူညီမှုအောက်မှာပဲ ဒီလမှာပဲ ကျနော်တို့ ထွက်ခဲ့တယ်။”

အခုလို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ကျောင်းသားတပ်မတော် ABSDF ပြည်တွင်း ပြန်လည် ရောက်ရှိလာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီးတော့ အခုတကြိမ် ပြန်လည် ဝင်ရောက်လာမှုဟာ မြဝတီဘက်မှာ စုရပ်လုပ်ပြီး နယ်စပ်ဘက်ကနေ ပြည်တွင်းကို ဝင်ရောက်လာ ခဲ့တာ ဖြစ်တယ်လို့လည်း ဗဟိုကော်မတီအဖွဲ့ဝင် ကိုစောမောင်ဦးက ပြောပါတယ်။
၁၉၈၈ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပါဝင်ခဲ့တဲ့ ဒီမိုကရေစီလိုလားတဲ့ လူထုအုံကြွမှုကြီးကနေ သန္ဓေတည်ခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဟာ မြန်မာပြည်က စစ်အစိုးရကို လက်နက်စွဲကိုင် တိုက်ပွဲဝင်ခဲ့တာ အခုဆိုရင် (၂၃) နှစ် ကျော်ခဲ့ပါပြီ။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၉ ရက်နေ့ကတော့ ABSDF အဖွဲ့ဟာ စစ်တပ်ရဲ့ ကျောထောက်နောက်ခံ ယူထားတဲ့ အရပ်သားအစိုးရရဲ့ ကိုယ်စားလှယ်အဖွဲ့ဖြစ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ ထိုင်း-မြန်မာ နယ်စပ်မှာ ပဏာမ တွေ့ဆုံ စကားပြောဆိုခဲ့ပါ တယ်။

ဒီရက်ပိုင်းတွေအတွင်းမှာ မြန်မာငြိမ်းရေး စင်တာမှာ လူ့ဘောင်သစ်ဒီမို ကရက်တစ်ပါတီ၊ အမျိုး သမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) တွေက ခေါင်းဆောင်ပိုင်းတွေ ဟာ ပြည်တွင်း ပြန်ရောက်ခဲ့ကြပြီး ငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်ခင်ဗျာ။
XS
SM
MD
LG