သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၂ အကယ်ဒမီ ကလေး ဇာတ်ဆောင်ပါ ချီးမြှင့်


၂၀၁၂ အကယ်ဒမီဆုချီးမြှင့်ပွဲမှ အကယ်ဒမီဆုရှင်များ (ဝဲမှယာ) ဦးဝင်းကို၊ ယွန်းယွန်း၊ ဖွေးဖွေး၊ ချောရတနာ၊ ပြေတီဦး၊ ဦးဇော်မင်း၊ အောင်ကိုလတ်၊ ဦးတိုနီလင်း။
၂၀၁၂ အကယ်ဒမီဆုချီးမြှင့်ပွဲမှ အကယ်ဒမီဆုရှင်များ (ဝဲမှယာ) ဦးဝင်းကို၊ ယွန်းယွန်း၊ ဖွေးဖွေး၊ ချောရတနာ၊ ပြေတီဦး၊ ဦးဇော်မင်း၊ အောင်ကိုလတ်၊ ဦးတိုနီလင်း။
၂၀၁၂ ခုနှစ်အတွက် မြန်မာ ရုပ်ရှင်အကောင်းဆုံး အကယ်ဒမီ ဆုပေးပွဲ ကို လက်ပံ ဇာတ်ကား နဲ့ ဥ ဇာတ်ကားတို့က လွမ်းမိုးခဲ့တာပါ။ ဒီနှစ်အကယ်ဒမီပေး ပွဲမှာဆိုရင် ဝါနုတဲ့ သရုပ်ဆောင်တွေသာမက ၁၃ နှစ်ကြာ မပေးပဲ ထားခဲ့တဲ့ ကလေး သရုပ်ဆောင်ဆုကို ပါ ၂၀၁၂ အတွက် အကယ်ဒမီဆုပေးခဲ့ဖြစ် ပါတယ်။ အပြည့်အစုံကိုတော့ အကယ်ဒမီပေးပွဲကို စောင့်ကြည့် သတင်းယူထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် ကပြောပြမှာပါ။

၂၀၁၃ ခုနှစ် ဒီဇင်ဘာလ မှာ ကျင်းပခဲ့တဲ့ ၂၀၁၂ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်အကယ်ဒမီ ဆုပေးပွဲအခမ်းအနားဟာ အရင်နှစ်တွေနဲ့ မတူပဲ ခမ်းခမ်းနားနား ကျင်းပခဲ့တာပါ။ ရုပ်ရှင်ဆိုတာဟာ အနုပညာ၊ စီးပွားရေး နဲ့ နည်းပညာတွေ ပေါင်းစပ်ပြီးတော့ ယှဉ်ပြိုင်နိုင်စွမ်းရှိရှိနဲ့ နောက်ပိုင်းမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကိုပါ ဖိတ်ခေါ်နိုင်အောင် ကြိုးစားပါလို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ရန်ကုန်မှာ ကျင်းပခဲ့တဲ့ ဆုပေးပွဲမှာ ပြောပါတယ်။

"ဆူလွယ်နပ်လွယ် ထုတ်လုပ်မှုများဟာ ပြည်တွင်း၊ ပြည်ပဈေးကွက် များမှာ ရေရှည်ရှင်သန်နိုင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခု မဖြစ်နိုင်ဘူးဆိုတာ လူတိုင်းသိကြပါတယ်။ ဒါကြောင့် အနာဂတ်ကာလမှာ ကျနော်တို့ ယှဉ်ပြိုင်နိုင်စွမ်းရှိဖို့အတွက်ဆိုရင် အနုပညာရှင်များနဲ့ တတ်သိပညာရှင်များအနေနဲ့ ရုပ်ရှင်နယ်ပယ် လုပ်ငန်းအတွင်း ကို ပြည်တွင်းပြည်ပမှ ရင်းနှီးမြုတ်နှံသူများ ဝင်ရောက်လာအောင် ဆွဲဆောင်စည်းရုံးနိုင်ဖို့ အရေးကြီးတယ်လို့ တင်ပြလိုပါတယ်။"

အကယ်ဒမီ သမိုင်းမှာ ရှားရှားပါးပါး ပေးလေ့ရှိတဲ့ ကလေးသရုပ်ဆောင်ဆု ကိုတော့ ၁၃ နှစ် အကြာမှာ ၂၀၁၂ ခုနှစ်ဆုပေးပွဲမှာ ပြန်ပြီးပေး ခဲ့တာဖြစ်ပါတယ်။ ဆုရခဲ့တဲ့ ယွန်းယွန်းက ကလေးသရုပ်ဆောင်ဆု နဲ့ အကယ်ဒမီ ရခဲ့တာဟာ ပရိတ်သတ်ရဲ့ အားပေးမှုကြောင့် ဖြစ်တယ်လို့ သူကပြောပါတယ်။

"အခုလို ဒီဆုကို ရရှိဖို့ ပိုင်ဆိုင်ခွင့်ရတာဟာ ပရိတ်သတ်ကြီးရဲ့ အားပေးမှုတွေ ရာခိုင်နှုန်း အများကြီးပါဝင်တယ်လို့ သမီးယုံကြည်ပါတယ်။ လွန်ခဲ့တဲ့ ရက်တော်တော်များများကတည်းကမှ သမီးအတွက် သရုပ်ဆောင်ဆုအတွက် ထိုက်ထိုက်တန်တန်ရဖို့ မျှော်လင့်ပြီးတော့ ဆုတောင်းပေးခဲ့ကြတဲ့ ပရိတ်သတ်ကြီးကိုလည်း သမီးရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ ရင်ထဲမှာ အမြဲတမ်းသိမ်းထားပါ့မယ်လို့ ပြောချင်ပါတယ်။"

အမျိုးသား သရုပ်ဆောင်ဆုကိုတော့ ပရိသတ် အများက မျှော်လင့် ထားတဲ့ ပြေတီဦးက ရရှိခဲ့ပြီးတော့ ဒုတိယအကြိမ် ရရှိခဲ့တဲ့ အကယ်ဒမီ ဖြစ်ပေမဲ့ သူ့အနေနဲ့ ရင်ခုန်နေရဆဲ ဖြစ်တယ်လို့ သူကပြောပါတယ်။

"ကျနော် အရမ်းရင်ခုန်ပါတယ်။ ကျနော် ပထမတစ်ကြိမ်ထက် ဒီတစ်ကြိမ်ကို ဘာဖြစ်လို့မှန်းကို မသိဘူး။ အရမ်းကို ရင်ခုန်ပါတယ်။ ကျနော်တို့ လက်ပံအဖွဲ့သားတွေ အတွက် အရမ်းကို ရင်ခုန်ပါတယ်။ မျှော်မှန်းမထားပေမဲ့ ဒီဆုကို ရရှိတဲ့အတွက် အရမ်းကိုဝမ်းသာပါတယ်။ တနိုင်ငံလုံးမှာ အားပေးနေကြတဲ့ ပရိတ်သတ်တွေ အားလုံးကို အရမ်းကို ကျေးဇူးတင်ပါတယ်။"

အမျိုးသမီး ဇာတ်ဆောင်ဆုကိုတော့ ဝါရင့် မင်းသမီးကြီးတွေ အကယ်ဒမီ စာရင်းပေါက်နေတဲ့ ကြားက ဝါရင့်သရုပ်ဆောင်မဟုတ်တဲ့ ဖွေးဖွေးက ဆွတ်ခူးခဲ့တာပါ။ ပထမဆုံး အကယ်ဒမီဆု ဖြစ်လို့ မမျှော်လင့်ပဲ ရရှိခဲ့တဲ့ ဆု တစ်ဆု ဖြစ်တယ်လို့လည်း ဖွေးဖွေးကပြောပါတယ်။

" ဒီကားကို ဖွေးလွန်ခဲ့တဲ့ လေးနှစ်က ရိုက်ထားတာပါ။ အဲ့ဒီ့အချိန်မှာ သရုပ်ဆောင်အသစ်ပါ။ ဖွေးဖွေးကို ဘယ်သူမှလည်း မသိသေးဘူးပေါ့နော်။ ဦးဝိုင်းက အကုန်လုံးသင်ပေးပါတယ်။ ပုံစံဝင်အောင်လို့ပေါ့နော်။ အဲ့ဒီ့အချိန်မှာတုန်းက ခံယူချက်က အနုပညာကိုချစ်တယ်။ ရူးသွပ်တယ်။ ဒါကြောင့် ဒီကားကိုရိုက်ခဲ့တာပေါ့နော်။ အကယ်ဒမီတွေဘာတွေမဟုတ်ဘူး။ ဒါပေမဲ့ ဖွေးဖွေး ပထမဆုံးနဲ့ အရမ်းကြိုးစားခဲ့ဲတဲ့ကားပါ။ အရမ်းကိုဝမ်းသာပါတယ်။"

၂၀၁၂ ခုနှစ် အကယ်ဒမီဆုပေးပွဲ အခမ်းအနားမှာ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ အတတ်ပညာ ဆုတွေကိုတော့ အသံနဲ့ ပတ်သက်ပြီး ကယန်းအလှ ရုပ်ရှင် ဇာတ်ကားနဲ့ ဦးတိုနီလင်း၊ တေးဂီတ အကောင်းဆုံးဆု ကိုတော့ မွေခံထိုက်စေ ဇာတ်ကားနဲ့ ဂီတမှူး ဝင်းကို၊ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်မှုဆုကိုတော ဥ ဇာတ်ကားနဲ့ ဦးဇော်မင်း (ဟံသာမြေ) ၊ အကောင်းဆုံး ဓာတ်ပုံဆုကိုတော့ ကယန်းအလှ ဇာတ်ကားနဲ့ ဦးအောင်ကိုလတ်တို့ က ရရှိသွားခဲ့တာပါ။

အကယ်ဒမီအတွက် အဓိက အရေးပါတဲ့ သရုပ်ဆောင်ဆုနဲ့ ဒါရိုက်တာ ဆုတွေကိုတော့ တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ ဇာတ်ကားနဲ့ ကလေး သရုပ်ဆောင်ဆု ကို ယွန်းယွန်း၊ အမျိုးသမီးဇာတ်ပို့ဆုကိုတော့ ဥ ဇာတ်ကား နဲ့ ချောရတနာ၊ အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုကိုတော့ လက်ပံ ဇာတ်ကားနဲ့ ဖွေးဖွေး အကောင်းဆုံး ဒါရိုက်တာဆုကိုတော့ ဥ ဇာတ်ကား နဲ့ ကိုဇော် (အာရုဏ်ဦး) တို့ က ရရှိခဲ့ပါတယ်။

ဒီနှစ် ၂၀၁၂ ခုနှစ် အတွက် အကယ်ဒမီ ဆုပေးပွဲမှာတော့ အကောင်းဆုံး ဇာတ်ကားဆုနဲ့ အမျိုးသား ဇာတ်ပို့သရုပ်ဆောင်ဆုကိုတော့ ချီးမြင့်ခဲ့ ခြင်း မရှိခဲ့ပါဘူး။
XS
SM
MD
LG