သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြုပြင်ရေး ဖိအားပေးဖို့ အိမ်ဖြူတော်ရှေ့ဆန္ဒပြ


ဝါရှင်တန်ဒီစီ၊ သမ္မတအိမ်ဖြူတော်ရှေ့မှာ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက လက်ပံတန်းမှာ အကြမ်းဖက်ဖြိုခွဲ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားပြည်သူတွေကို လွှတ်ပေးရေး တောင်းဆိုဆန္ဒပြနေစဉ်။ (မတ်လ ၂၂၊ ၂၀၁၅)
ဝါရှင်တန်ဒီစီ၊ သမ္မတအိမ်ဖြူတော်ရှေ့မှာ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက လက်ပံတန်းမှာ အကြမ်းဖက်ဖြိုခွဲ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားပြည်သူတွေကို လွှတ်ပေးရေး တောင်းဆိုဆန္ဒပြနေစဉ်။ (မတ်လ ၂၂၊ ၂၀၁၅)

အကျဉ်းထောင်ထဲမှာ ဖမ်းဆီးခံထားရတဲ့ အမျိုးသားပညာရေးဥပဒေဆန့်ကျင်ဆန္ဒပြတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ အမြန်ဆုံး လွတ်မြောက်ရေးနဲ့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဖြစ်လာအောင် သမ္မတဦးသိန်းစိန်အစိုးရကို အမေရိကန်သမ္မတ အိုဘားမားအနေနဲ့ ဖိအားပေး တိုက်တွန်းဖို့ မတ်လ (၂၁) ရက်နေ့က ဝါရှင်တန်ဒီစီမြို့တော် သမ္မတအိမ်ဖြူတော်ရှေ့မှာ မြန်မာ့အရေး လှုပ်ရှားသူတွေက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ကျောင်းသားသပိတ်ကို အစိုးရက အကြမ်းဖက်နှိမ်နှင်းဖြိုခွဲခဲ့တာကို ဆန့်ကျင်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုက ဝါရှင်တန်ဒီစီ၊ မေရီလန်း၊ ဗာဂျီနီးယားပြည်နယ်တွေမှာနေထိုင်နေတဲ့ မြန်မာမိသားစုတွေဟာ မတ်လ (၁၄) ရက်နေ့ကစပြီး အပတ်စဉ် စနေနေ့တိုင်း သမ္မတ အိမ်ဖြူတော်ရှေ့မှာ ဆန္ဒပြနေကြတာပါ။ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို သမ္မတဦးသိန်းစိန်အစိုးရ လွှတ် မပေးမချင်း ဆန္ဒပြသွားမှာဖြစ်တယ်လို့ ဆန္ဒပြပွဲစီစဉ်သူတဦးဖြစ်တဲ့ မအတာက ပြောပါတယ်။

“ဘာဖြစ်လို့လဲဆိုတော့ လက်ရှိအခြေအနေမှာ လက်ပံတန်းမှာ ငြိမ်းချမ်းစွာနဲ့ဆန္ဒပြပြီးတော့မှ သူတို့ရဲ့ပညာရေးအတွက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို လူမဆန်စွာ ရိုက်နှက်ပြီးတော့မှ ဖမ်းဆီးပြီးတော့မှ ထောင်ချထားတဲ့အတွက် လာပြီးတေ့ာမှ ဆန္ဒပြတာဖြစ်ပါတယ်။ ကျောင်းသား တွေကို အဲဒီလို ဖမ်းဆီးရိုက်နှက်တာကို ရှုတ်ချတယ်။ ကျောင်းသားတွေ တယောက်မကျန် ပြန်လွှတ်ပေးဖို့အတွက် ကျမတို့က တွန်းအားပေးတဲ့အနေနဲ့ White House ရှေ့မှာ လာရောက်ပြီးတော့ ဆန္ဒပြတာဖြစ်ပါတယ်။”

မေး။ ။ အမေရိကန်သမ္မတအိမ်ဖြူတော်ရှေ့မှာပေါ့နော်၊ ရွေးချယ်ပြီးတော့ ဘာကြောင့်ဆန္ဒပြရပါလဲရှင့်။

ဖြေ။ ။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်အရေးအတွက် ဒီမိုကရေစီစစ်စစ်မှန်မှန် ရရှိဖို့အတွက်ပေါ့နော်၊ အမေရိကန်သမ္မတကို လာပြီးတော့မှ ဝိုင်းကူညီပေးဖို့အတွက် ပိုပြီးတော့မှ လုပ်ဆောင်ပေးဖို့ တွန်းအားပေးတဲ့အနေနဲ့ ဆန္ဒလာပြတာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အမေရိကန်နိုင်ငံက ဒီမိုကရေစီနိုင်ငံကိုး။ ဗမာပြည်ကို သူတို့အနေနဲ့ ပိုပြီးဖိအားပေးနိုင်မယ်လို့တော့ ယုံကြည်တယ်။

မေး။ ။ ဆိုတော့ အမေရိကန်ဘက်ကနေပြီးတော့ မြန်မာအစိုးရပေါ်မှာ ဘယ်လိုမျိုးတွေ ဖိအားပေးနိုင်တယ်လို့ရော မြင်လဲရှင့်။

ဖြေ။ ။ အဓိကအနေနဲ့ကတော့ ဟိုတချိန်တုန်းက သူတို့လုပ်ခဲ့သလိုပဲပေါ့နော်၊ Sanction ပဲ အဓိက-က။ Sanction ကို အဓိကလုပ်ရမယ်။ အဓိက-က ဗမာပြည်မှာ အစိုးရထဲမှာလည်း ဒီမိုကရေစီကို တကယ်လိုချင်တဲ့လူတွေရှိသလိုပဲ ဒီမိုကရေစီကို မလိုလားတဲ့ အစိုးရလူကြီးပိုင်းတွေလည်း ရှိနေတယ်လေ။ အဲဒီတော့ အဲဒီလိုမျိုး လုပ်နေတဲ့သူတွေကို Sanction အနေနဲ့ပိတ်ဆို့မှုတွေ၊ သူတို့သားသမီးတွေ နိုင်ငံခြားကို ပညာတော်သင်လို့မရအောင်၊ စီးပွားရေးတွေ လုပ်လို့မရအောင်၊ အခုဟာတွေက ပိတ်ဆို့နိုင်မယ်ဆိုရင်တော့ ပိုပြီးကောင်းမယ်လို့ထင်တယ်။

ဝါရှင်တန်ဒီစီက မြန်မာသံရုံးရှေ့မှာလည်း နေ့စဉ်ဆန္ဒပြပွဲပြုလုပ်တဲ့ရက်ပေါင်း (၁၁) ရက်မြောက်ရှိသွားပြီလို့ မအတာက ပြောပါတယ်။ အလားတူ အမေရိကန်ပြည်ထောင်စု နယူးရောက်မြို့က မြန်မာကောင်စစ်ဝန်ရုံးရှေ့အပါအဝင် ကနေဒါ၊ ဂျပန်၊ကိုရီးယားနဲ့ အိန္ဒိယနိုင်ငံတွေက မြန်မာ့အရေး လှုပ်ရှားသူတွေကလည်း ကျောင်းသားတွေအမြန်ဆုံးလွတ်မြောက်ရေး သက်ဆိုင်ရာ မြန်မာသံရုံးတွေရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကျောင်းသူကျောင်းသားတွေကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂအပါအဝင် အမေရိကန်အစိုးရနဲ့ ဥရောပ သမဂ္ဂတို့ကလည်း မြန်မာအစိုးရကို တိုက်တွန်းထားတာပါ။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဦးဆောင်တဲ့ ဒီမိုကရေစီ ပညာရေး ကျောင်းသားသပိတ် ပင်မစစ်ကြောင်းဟာ ဇန်နဝါရီလ (၂ဝ) ရက်နေ့ကတည်းက မန္တလေးမြို့ကနေ ရန်ကုန်မြို့ကို ချီတက်ဆန္ဒပြခဲ့ကြတာပါ။ ဒါပေမဲ့ ရန်ကုန်မြို့မရောက်ခင် ပဲခူးတိုင်း လက်ပံတန်းမြို့မှာ ပိတ်ဆို့ တားဆီးခံခဲ့ရပြီး မတ်လ (၁ဝ) ရက်နေ့မှာ အကြမ်းဖက်ဖြိုခွဲခံခဲ့ရပြီး ကျောင်းသူကျောင်းသား (၁ဝဝ) ကျော် အဖမ်းခံထားရပါတယ်။

XS
SM
MD
LG