သုံးရလွယ်ကူစေသည့် Link များ

မဲ မထပ်အောင် ကော်မရှင် အစီအစဉ် လုပ်ထား


မဲစာရင်းကြည့်ရှု့နေတဲ့ပြည်သူများ။
မဲစာရင်းကြည့်ရှု့နေတဲ့ပြည်သူများ။

ကြိုတင်မဲပေးပြီး သူတွေ အနေနဲ့ နောက်တခါ ထပ်မံ မဲမပေးနိုင်အောင် ကြိုတင် မဲပေးသူ နာမည်တွေကို မြို့နယ်ရွေးကောက်ပွဲ ကော် မရှင်တွေမှာ ကပ်ထားမှာဖြစ် တယ်လို့ ရွေးကောက်ပွဲကော်မရှင်ကပြောပါတယ်။ ဒီပြင် ကြိုတင်မဲပေးသူ နာမည်တွေကို ရွေး ကောက်ပွဲကျင်းပချိန်မှာ မဲပေးမယ့်စာရင်းထဲမှာ ဖျက်ထားပြီး ကြိုတင်မဲပေးပြီးကြောင်းတခါထဲရေးသွင်းထားမယ် လို့လဲပြောပါ တယ်။ ဒီသတင်း အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း ကမေခကပေးပို့ထားပါတယ်။

ကြိုတင်မဲတွေနဲ့ပတ်သတ်ပြီး ကြိုတင်မဲပေးသူတွေအနေနဲ့ ၂ခါပြန်မဲပေးနိုင် တယ်လို့ ဝေဖန်နေကြတဲ့အပေါ် ရွေးကောက်ပွဲကော်မ ရှင်က ဒီလိုဝေဖန်နေမှုတွေအပေါ် အခုလို ပြောဆိုလိုက်ပါတယ်။

“ကြိုတင်မဲပေးတဲ့လူတွေရဲ့ ၁(၁) ပုံစံ၊ ၁(၂) ပုံစံ၊ ၁(၃) ပုံစံ တွေကို မဲရုံတွေမှာ ကပ်ထားပါတယ်။ မဲရုံမှူးတွေက အဲဒါတွေကို ကြိုတင်မဲပေးပြီးသားဆိုတဲ့အကြောင်းတွေကို မဲစာရင်းတွေမှာ မှတ်ထားပါတယ်။ လာရောက်လို့ရှိရင် ဖမ်းပြီးတော့ အရေးယူပါ့မယ်။ နှစ်ခါပေးတဲ့ အတွက်ကြောင့် မြင်သာစွာ ကျနော်တို့ လုပ်ထားပါတယ်။ မရှင်းတဲ့ပါတီရှိရင် ကျနော့်ဆီကို လာမေးပါလို့ လမ်းညွှန်လိုက်ပါ ။ ပြည်ပကို ကြိုတင်မဲလက်မှတ်တွေ ထုတ်ပေးပြီးပါပြီ။ ၃၄,၀၀၀ ကျော် ခန့်မှန်းခြေရှိပါတယ်။ ၃၇ နိုင်ငံကနေ တောင်းခံထားပါတယ်။ ပုံစံ ၁(၃) နဲ့ စနစ်တကျ သက်ဆိုင်ရာမြို့နယ်တွေမှာ ပြုစုထားပါတယ်။ ပုံစံ ၁ (၃) မှာ ပါတဲ့ စာရင်းအတိုင်းပဲ၊ မဲလက်မှတ်တွေကို ထုတ်ပေးနေပါပြီ။”

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကညွှန်ကြားရေးမှုး ဦးမြင့်နိုင်က ကြိုတင်မဲနဲ့ပတ်သတ်ပြီး ခုလိုပြောပြခဲ့တာပါ။

ကြိုတင်မဲပေးတာမှာ အပိုင်း ၃ပိုင်းခွဲထား ပါတယ်။ ဆေးရုံတက်နေရ သူများ၊ ထောင်ကျခံနေရသူများနဲ့ ခရီးသွားမည့်သူတွေ အတွက် ပုံစံ ၁-၁ နဲ့ဖြည့်မှာဖြစ်ပြီး ရှေ့တန်းရောက်တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့သူတို့မိသားစုတွေကိုတော့ ပုံစံ ၁-၂နဲ့ဖြည့် ရမှာဖြစ်ပါတယ်။

ပြည်ပရောက်နေသူတွေအတွက် ပုံစံ ၁-၃နဲ့ဖြည့်ရမှာ ဖြစ်တယ် လို့ ရွေးကောက်ပွဲကော်မရှင်ကပြောပါတယ်။ ပြည် တွင်းနေကြိုတင်မဲတွေနဲ့ ပတ်သတ်ပြီး ဦးမြင့်နိုင်က ခုလိုပြောပါတယ်။

“ကျန်တဲ့ တပြည်လုံးအတိုင်းအတာနဲ့ကတော့ ဆေးရုံတက်နေတာတွေ၊ သင်တန်းတက်နေရတာတွေ၊ အချုပ်ကျနေရတာတွေ ဒါတွေကတော့ ရွေးကောက်ပွဲလည်း ဝေးသေးတဲ့အခါကျတော့ ကြိုတင်မဲတွေလျှောက်ပါပြီ။ တချို့ရွေးကောက်ပွဲနီးတဲ့အခါကျရင် ဆေးရုံကနေ ဆင်းသွားမှာဖြစ်တယ်။ တချို့အချုပ်က လွှတ်သွားမှာဖြစ်တယ်။ ဒါတွေနဲ့ဆိုတော့ စာရင်းအတိအကျခန့်မှန်းလို့မရသေးပါ။ မကြာခင်ကျနော်တို့ အကြမ်းဖျင်းသိရမှာပါ။ မကြာခင် ကြေညာကပ်ထားမှာပါ။ တပ်မှာရောက်နေတဲ့ တပ်မတော်သားတွေနဲ့ အတူနေမိသားစုတွေနဲ့ ပုံစံ ၁(၂) နဲ့ ပြုစုထားမှာပါ။

မဲရုံတွေနဲ့ ကော်မရှင်ရုံးတွေမှာ မြင်သာထင်သာအောင် သေသေချာချာကပ်ထားပါ့မယ်။ ၁(၁) ပုံစံ၊ ၁(၂) ပုံစံ၊ ၁(၃) ပုံစံတွေကို ကြည့်ခြင်းအားဖြင့် ကြိုတင်မဲ ဘယ်သူတွေပေးနိုင်သလဲဆိုတာကို ထင်ထင်ရှားရှားမြင်နိုင်ပါတယ်။ ဘာမှ လျှို့ဝှက်ထားခြင်းမရှိပါဘူး။”

ကြိုတင်မဲတွေ မဲရုံတွေကို ပေးပို့မှာနဲ့ပတ်သတ်ပြီးလုပ်ဆောင်နေတဲ့အပေါ် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်က ကော်မရှင် ဥက္ကဌ ဦးခင်မောင်ကျော်က ခုလိုပြောပြပါတယ်။

“ကြိုတင်မဲမှာ ၂ ပိုင်းရှိတယ်။ မဲဆန္ဒနယ် ပြင်ပြရောက်တဲ့လူတွေက မဲပေးမယ့်နေ့ ညနေ ၄ နာရီ ပြီးရင် ကျနော်တို့ လက်ခံပေးလို့ရတယ်။ ရပ်ကွက်မှာနေတဲ့လူတွေက မဲဆန္ဒနယ်အတွင်းမှာ ရှိတဲ့လူတွေ။ နေမကောင်းလို့ သွားမထည့်နိုင်သူတွေ ၊ နောက် ဗိုက်ကြီးတာတို့ ၊ နဲနဲကျန်းမာရေးမကောင်းတဲ့လူတွေက ခရီးသွားစရာရှိတဲ့လူတွေက ရပ်ကွက်အတွင်းက ရပ်ကွက်ကော်မရှင်ရုံးမှာ တင်တဲ့လူတွေက မဲရုံမဖွင့်ခင် သူတို့က ပေးရတယ်။ မဲရုံဖွင့်တဲ့အချိန်အားလုံးရှေ့မှာ မဲပုံးထဲ ထည့်ပြီးတာနဲ့ နောက်ထပ် လက်မခံတော့ဘူးခင်ဗျာ။ ပေးတဲ့လူရဲ့ အမည်စာရင်းတွေလည်း ကပ်ပေးထားမယ် ခင်ဗျာ။ အရေအတွက် ဘယ်လောက်ရှိသလဲ၊ ဘယ်သူတွေပေးသလဲ စစ်ဆေးနိုင်အောင်လို့ ကပ်ထားပေးမယ် ခင်ဗျာ။ ကျနော်တို့ မဲစာရင်းထဲမှာ ဖျက်ထားပြီးတော့ ဘေးကနေပြီးတော့ ကြိုတင်မဲလို့ ကျနော်တို့က မှတ်ထားမယ် ခင်ဗျာ။”

ကြိုတင်မဲပေးလိုသူတွေအနေနဲ့ ပုံစံ ၁၅နဲ့ လျှောက်ရမှာပါ။ လျှောက်ရမယ့်ပုံစံကို ဦးခင်မောင်ကျော်က ခုလိုရှင်းပြခဲ့ပါသေးတယ်။

“ကြိုတင်မဲလိုချင်လို့ရှိရင် ကျနော်တို့ကို အကြောင်းကြားပြီးတော့ ပုံစံ ၁၅ တောင်းရမှာပါ ခင်ဗျာ။ ပုံစံ ၁၅ က အဓိကပြောရရင် ကိုယ်တိုင်လက်မှတ်ပါရမယ်။ ပြီးရင် ဌာနဆိုင်ရာအကြီးအကဲ လက်မှတ်ပါရမယ်။ ကိုယ်တိုင်ပဲ လက်မှတ်ထိုးလျှောက်မှ ရမယ်။”

လက်ရှိမှာ ကြိုတင်မဲပေးလိုသူတွေ အနေနဲ့ ရွေးကောက်ပွဲကော်မရှင်ရုံးတွေ မှာ လျှောက်ထားနိုင်ပြီဖြစ်ပါတယ်။ နိုင်ငံပြင်ပရောက်နေတဲ့ မဲဆန္ဒရှင်တွေအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်တွေကို့ အောက်တိုဘာလ ၃ ရက်နေ့က စတင်ပြီးတော့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေကနေ နိုင်ငံခြားရေးဝန်ကြီးဌာနကို လွှဲပြောင်းပေးနေပါတယ်။ ဒီလွှဲ ပြောင်း၊ လက်ခံခြင်း ဆောင်ရွက်ချက်တွေကို သက်ဆိုင်ရာနိုင်ငံရေးပါတီတွေနဲ့ ပြည်တွင်းပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အဖွဲ့တွေ လာရောက် လေ့လာနိုင်တယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖိတ်ခေါ်ထားပါတယ်။

ဒါပေမယ့် ပါတီတွေနဲ့ ရွေးကောက်ပွဲလေ့လာသူတွေက တော့ ကြိုတင်မဲကနေ မဲမသာမှုလုပ်ဆောင်လာနိုင်တာတွေရှိတယ်လို့ ထောက်ပြဝေဖန်မှုတွေရှိနေပါတယ်။

XS
SM
MD
LG