သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြိုတင်မဲပေးပွဲနဲ့ အခက်အခဲ


ကြိုတင်ဆန္ဒမဲပေးမှု။
ကြိုတင်ဆန္ဒမဲပေးမှု။

မြန်မာ့နိုင်ငံရေးမှာ သမိုင်းဝင်မယ့် ၂၀၁၅ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပဖို့ ၂ရက်ပဲ လိုတော့တဲ့ အချိန် မှာ ကြိုတင်မဲပေးတာနဲ့ပတ်သက်လို့ အခက်အခဲ တစ်ချို့ကြုံတွေ့နေရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ကျောက် တံတားမြို့နယ်ရှိ ကြိုတင်မဲပေးတဲ့ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးကို ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြထားပါတယ်။

မြန်မာ့နိုင်ငံရေးမှာ သမိုင်းဝင်မယ့် ၂၀၁၅ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ မကျင်းပမီ နှစ်ရက်အလို နိုဝင်ဘာ ၆ရက်နေ့မှာ မဲရုံအဖွဲ့ဝင်တွေ နဲ့ ရွေးကောက်ပွဲနေ့မှာ မိမိ မဲဆန္ဒနယ်ပြင်ပရောက်နေမယ့်သူတွေ ကြိုတင်မဲတွေ ပေးနေကြပါပြီ။ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆောင်ရွက်မှု အားနည်းချက် တချို့ရှိတာကြောင့် ကြိုတင်မဲလာပေးသူတွေ အခက်အခဲတချို့ ကြုံတွေ့နေရတာတွေလည်း ရှိပါတယ်။

ကြိုတင်မဲပေးရာမှာ ပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ရဲ့ ကျောက်တံတားမြို့နယ် တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်မြလှစံက အခုလို ပြောပြပါတယ်။

"မနက်ဖြန်ကနေ ကြိုတင်မဲ လာပေးမယ့်သူတွေ ရဲ့ အခက်အခဲကတော့ အမတို့ပါတီက ကိုယ်စားလှယ်ပေါ့။ မဲရုံစောင့်တဲ့ကိုယ်စားလှယ်ကနေ လှမ်းဆက်တယ်။ လှမ်းဆက်တော့ ဒီမှာကတော့ ဆရာမတွေ မဲလာပေးမယ်။ မနက်တုန်းက တခါ လာပေးတဲ့အခါမှာ ဆရာမတယောက်က မဲရုံ (၂) နဲ့ (၃) နဲ့ကို မှားထည့်သွားတယ်။ အခု တယောက်က ကြိုတင်မဲပေးဖို့ကိစ္စ လုပ်နေတဲ့အခါကျတော့ တံဆိပ်တုံးမှာ ကော်ကပ်နေတဲ့အတွက်ကြောင့် မဲပေးမယ့်စာရွက်မှာ နှိပ်လိုက်တဲ့အခါမှာ တံဆိပ်က လုံးဝ မပေါ်ဘူးဖြစ်တယ်။ ဒါတွေဟာ ပြည်သူတွေအတွက် အများကြီး အခက်အခဲဖြစ်တယ်။"

မဲပေးရာမှာ အသုံးပြုတဲ့ တံဆိပ်တုံး မတော်တဆ ပျက်စီးချို့ယွင်းသွားလို့ ကြိုတင်မဲပေးတာ ရပ်နားလိုက်ရတာမျိုးကတော့ မဖြစ် သင့်ဘူးလို့ သူကပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အတွေ့အကြုံအားနည်း တာကြောင့် ပြည်သူတွေ အနေနဲ့ ကြိုတင်မဲပေးရာမှာ အစီအစဉ်တကျ မဖြစ်တာမျိုးတွေတော့ ရှိတယ်လို့ ကြိုတင်မဲလာထည့်သူ ဦးထွန်း ဝင်းက ပြောပါတယ်။

" ကိုယ့်ရပ်ကွက်အနေအထားအရဆိုရင်တော့ ဒါတွေက ကျနော်တို့က လုပ်နေကျ မဟုတ်တဲ့အခါကျတော့ ကိုယ့်အတွက် နည်းနည်းလေးတော့ ဘယ်လိုခေါ်မလဲ စိတ်ထဲမှာ မလုပ်ဖူးတော့ တမျိုးကြီးတော့ ဖြစ်နေတာ အမှန်ပါပဲ။ ဒါပေမဲ့ အခက်အခဲတော့ မရှိပါဘူး။ ကျနော်ကတော့ ဘယ်လိုအပြောင်းအလဲကိုမြင်လဲဆိုရင် ဒါ ရွေးကောက်ပွဲဟာ ပါတီကို ရွေးကောက်ကြတာပါပေါ့နော်။ အနိုင်ရလာမယ့်ပါတီကို ကျနော်တို့က ကြိုဆိုပါတယ်။ မည်သည့်ပါတီမဆိုပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အပြောင်းအလဲအတွက် ပြည်သူလူထုအများစုက မဲထည့်တာ တဦးတယောက်တည်းတော့ မဟုတ်ပါဘူး။ အဲ့တော့ အနိုင်ရလာမယ့်ပါတီကို ကျနော်တို့က ကြိုုဆိုပါတယ်။ "

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ကြိုတင်မဲနဲ့ ပတ်သက်တဲ့အတွေ့အကြုံတွေ ရှိခဲ့တာကြောင့် အခုတစ်ခေါက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာလည်း ကြိုတင်မဲကြောင့် ရွေးကောက်ပွဲ တရားမျှတမှုထိခိုက်မှာကို လူထု က စိုးရိမ်နေကြဆဲဖြစ်ပါတယ်။

နိုင်ငံရေးပါတီရဲ့ မဲရုံကိုယ်စားလှယ်တစ်ယောက် အနေနဲ့တော့ ကြိုတင်မဲ ထည့်တဲ့ဖြစ်စဉ် ကို သေချာလေ့လာ စောင့်ကြည့်သွားမှာဖြစ်သလို လူထုကတော့ ကြိုတင်မဲနဲ့ ပတ်သက်လို့ အရင်ကတည်းက သံသယတွေ ကြီးစိုးခဲ့ တာမို့ မယုံကြည်ကြဘူးလို့ မဝါဝါမင်းက ပြောပါတယ်။

"အခုမှ စဖွင့်တဲ့အချိန်မှာ လူတွေဟာ ကသောကရောနဲ့ ဖြစ်နေကျတော့ အစီအစဉ် မကျသေးဘူး။ လူတွေကတော့ အရင်သံသယတွေနဲ့ပေါ့နော်။ သံသယတွေနဲ့ မယုံကြည်မှုတွေက များတယ်။ များတဲ့အတွက် ဒါပေမဲ့ အမတို့အခြေအနေမှာတော့ အမတို့ရပ်ကွက်မှာ ကြိုတင် မဲပေးတဲ့နေရာမှာ တော့ သံသယရှိစရာတော့ မရှိဘူး။ ပွင့်ပွင့်လင်းလင်း ပြထားတယ်။"

ကြိုတင်မဲထည့်ရာမှာ မဲပေးဖို့ အသုံးပြုရမယ့် တံဆိပ်တုံးချို့ယွင်းသွားတာမို့ မဲထည့်ဖို့ ခေတ္တရပ်နားလိုက်ရတာ နဲ့ပတ်သက်လို့ ကိုသန့်ဇင်ဦးက သူ့အတွေ့အကြုံကို အခုလိုပြောပါတယ်။

" အရင်ဆုံးစမ်းတာတော့ A4 စာရွက်မှာ အရင်ဆုံးစမ်းလိုက်တာပေါ့နော်။ ကျနော့်ဆီမှာ ထည့်မယ့်အချိန်မှာ ကော်က ကပ်နေတယ်။ ကော်က ကပ်တော့ ကျနော်က သူတို့ကို ပြောပြလိုက်တယ်။ မှင်က မရတော့ နည်းတော့ နည်းနေတာပေါ့ မှင်က။

ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့တော့ ပြည်သူတွေ သံသယကင်းရှင်းအောင် တတ်နိုင်သမျှ ကြိုးစားဆောင် ရွက်နေပြီး နိုဝင်ဘာ ၈ရက် ရွေးကောက်ပွဲနေ့မှာ ဖြစ် လာနိုင်တဲ့ ပြဿနာတွေကိုလည်း ကြိုတင် စဉ်းစားပြီး ပြင်ဆင်မှု တွေတော့ လုပ်ထားတယ်လို့ ကျောက်တံတားမြို့နယ် အမှတ် ၆ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြင့်က ပြောပါတယ်။

" ကျနော်တို့ ကော်မရှင်အဖွဲ့ခွဲအနေနဲ့ကတော့ကာ အတတ်နိုင်ဆုံး ဖြစ်လာနိုင် တဲ့ ပေါ်ပေါက်လာနိုင်တဲ့ အခက်ခဲတွေ အကြောင်းအရာတွေ အဲ့တာတွေကို ကြိုတင်ပြီးတော့ စဉ်းစားထားပါတယ်။ အဲ့ဒီ့ဟာတွေကို ကြိုတင်ပြီးတော့ စဉ်းစားပြီးတဲ့အခါကျတော့ ပြင်ဆင်နိုင်သရွေ့ပြင်ဆင်ထားပါတယ်။ လိုအပ်တဲ့ဟာတွေကို မြို့နယ်ကော်မရှင်ကို ဆက်ပြီးတော့ သတင်းပို့ဖို့ စီမံထားတာရှိပါတယ်။

အန်ကယ်လ်တို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့အနေနဲ့ကတော့ အဲ့ဒီ့သံသယတွေ မဖြစ်အောင် ကြိုးစားပြီးတော့ ဆောင်ရွက်ခဲ့တာတွေရှိပါတယ်။ အတတ်နိုင်ဆုံး ကြိုးစားပြီး ဆောင်ရွက်ခဲ့တာတွေရှိပါတယ်။ ဒါကြောင့်မို့ ချို့ယွင်းတာတွေ ရှိကောင်းရှိနိုင်ပါတယ်။ ရှိလည်း ရှိမှာပါ။ "

ရွေးကောက်ပွဲ ကြိုတင်မဲပေးမှု အခက်အခဲတွေနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲကော်မရှင် တာဝန်သူကို မမြင့်မြင့်ခိုင်က မေးမြန်းထားတာကို တင်ပြခဲ့တာပါ။

XS
SM
MD
LG