သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြိုတင် မဲလက်မှတ်ပေါ် ကိုယ်စားလှယ်လောင်း အမည် လွဲမှားမှု ရှိ


ကြိုတင်မဲပေးနေသူတစ်ဦး။ (အောက်တိုဘာ ၃၀၊ ၂၀၁၅)
ကြိုတင်မဲပေးနေသူတစ်ဦး။ (အောက်တိုဘာ ၃၀၊ ၂၀၁၅)

ဒီရက်ပိုင်းအတွင်း လာမယ့် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲတွေ စတင်လက်ခံနေရာမှာ မဲလက်မှတ်တွေမှာ ပါဝင်ယှဉ်ပြိုင်မယ့် ပါတီနဲ့ ကိုယ်စားလှယ်လောင်း အမည်တွေ မပါ ဝင်တာတွေ ရှိသလို့ တချို့ဒေသတွေ မှာတော့ ပယ်ဖျက်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်တွေ ပါဝင်နေတာတွေရှိနေပါတယ်။ လတ်တလောကြိုတင်မဲပေးရာမှာ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက်ကိုမိုးဇော်က တင်ပြမှာဖြစ်ပါတယ်။

လာမယ့် တနင်္ဂနွေနေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲတွေကို ပြီးခဲ့တဲ့လ ၂၉ရက်နေ့က စတင်လက်ခံခဲ့တာဖြစ်ပြီး ဒီရက်ပိုင်းတွေ အတွင်းမှာတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတချို့မှာ မဲလက်မှတ် အမှားအယွင်းရှိတဲ့ သတင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ်အတွင်းမှာ ကျားခေါင်းပါတီခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အမှတ်တံဆိပ်နဲ့ ကိုယ်စားလှယ်လောင်းအမည်တွေ မဲလက်မှတ်တချို့မှာ မပါဝင်တာတွေ ရှိနေတယ်လို့ SNLD ပါတီရဲ့ အထွေထွေ အတွင်းရေးမှုး ဦးစိုင်းညွှန့်လွင်က ပြောပါတယ်။

"ကျနော်တို့ မဲရုံကိုယ်စားလှယ် လုပ်မယ့်သူတွေက ကြိုတင်မဲပေးတဲ့အခါကျတော့ SNLD Logo နဲ့ SNLD စိုင်းထွန်းအောင်ပေါ့ ကိုယ်စားလှယ် Candidate ကို ပေးဖို့ကြည့်လိုက်တော့ ဘာမှ မပါဘူး။ မပါဘူးဖြစ်နေတော့ complain လုပ်ကြတယ်။ အဲ့တာ သုံးရက်ခြား တခုဖြစ်နေတယ်။ လောလောဆယ်တော့ ဒါကို ရွေးကောက်ပွဲကော်မရှင်ကို မြို့နယ်ကနေ တဆင့် ပြည်နယ်အထိ တင်ထားကြတယ်လေ။"

မိုင်းပန်မြို့နယ်မှာ ကျားခေါင်းခေါ် SNLD ပါတီ၊ ကျားဖြူခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ SNDP၊ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီတို့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့ဖက်က အခြေအနေကို ဦးစိုင်းညွှန့်လွင်က အခုလို ဆက်ပြောပါတယ်။

"မိုင်းတုံမှာ ပြည်သူ့အဆင့်ရှိတယ်။ နောက် border guards ပေါ့ နယ်ခြားစောင့်တပ်ပေါ့။ အဲ့ဒီ့တပ်တွေက သူတို့ တပ်လုံးအလိုက်ပေါ့။ အားလုံးကို သူတို့မဲစာရင်းရှိတဲ့အတိုင်း တခါတည်း လာထုတ်ယူသွားတာရှိတယ်။"

ဒီအဖြစ်အပျက်ကိုတော့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကို တင်ပြထားကြောင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်မှာတော့ ကြိုတင်မဲတွေမှာ မဲရုံမှူး ခရီးသွားနေတာကြောင့် မဲရုံမှူး လက်မှတ်မပါဘဲ ထည့်ခိုင်းတာတွေ ရှိနေတာကြောင့် ကန့်ကွက်ထားကြောင်း ဦးစိုင်းညွန့်လွင်ကပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှာတော့ ပယ်ဖျက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်ဟာ မဲလက်မှတ်တွေမှာပါဝင်နေတယ်လို့ NLDပါတီက စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်သန့်ဝေကျော်က ပြောပါတယ်။

" CPP ပါတီက ကိုဘမ့်ဗွေ့လျမ်ခုံးက ခရိုင်ကော်မရှင်နဲ့ တိုင်းကော်မရှင်နဲ့ က စိစစ်တယ်ပေါ့နော်။ စိစစ်တဲ့အခါမှာ သူက အသက်မပြည့်တဲ့အတွက် သူက ပြန်ပြီးတော့ နှုတ်ထွက်လိုက်တယ်လို့ ပြောတယ်။ အဲ့ဒီ့မဲလက်မှတ်တွေက တိုင်းဒေသကြီး မဲဆန္ဒနယ် တစ် မှာ မဲလက်မှတ် ထွက်လာတဲ့အခါကျတော့ သူ့နာမည်ပါနေတယ်။"

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့မှာတော့ စင်္ကာပူနိုင်ငံမှာ ပေးခဲ့တဲ့ ကြိုတင်မဲတွေဟာ ချိတ်မပိတ်ဘဲ နဲ့ အင်းတော်ရွေးကောက်ပွဲကော်မရှင် ကို ရောက်ရှိလာတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့ဝင် ဦးသန်းဇော်ဦးက ပြောပါတယ်။

" စင်ကာပူက အင်းတော်ကိုပေါ့နော် ပြည်သူ့အတွက်ကို ၁၆စောင်၊ အမျိုးသားလွှတ်တော်အတွက်ကို ၁၅စောင်၊ တိုင်းဒေသကြီးအတွက်ကို ၁၆စောင် ကြိုတင်မဲ ရောက်လာတယ်ပေါ့နော်။ ပို့လိုက်တာက တိုင်းကော်မရှင်ကနေ အင်းတော်ကော်မရှင်ကို ပို့လိုက်တာ ၊ ပို့တဲ့အချိန်မှာ အိတ်ကနေ ပလက်စတစ်အိတ်နဲ့ ကြက်ပေါင်ကွင်းနဲ့ စည်းပြီးမှ ပို့တယ်။ ချိပ်မပိတ်ပဲနဲ့ ပို့တယ်။ အဲ့တော့ လုံခြုံမှု မရှိဘူးပေါ့ဗျာ မဲက ။ တိုင်းကော်မရှင်ကို ကျနော်တို့ လှမ်းမေးတယ်ပေါ့။ လှမ်းမေးတော့ တိုင်းကော်မရှင်ဥက္ကဋ္ဌက သူတို့ကို သံရုံးက ပို့ပေးတာလည်း ဒီအတိုင်းပဲ ပို့ပေးတာတဲ့ အဲ့လိုပဲ ဖြေပါတယ်ခင်ဗျ။"

စင်္ကာပူကရောက်လာတဲ့ ကြိုတင်မဲတွေကို နိုင်ငံရေးပါတီအသီးသီးက ကိုယ်စားလှယ်တွေရှေ့မှာ သက်သေထားပြီး အင်းတော်ရွေးကောက်ပွဲကော်မရှင်က မဲပုံးထဲကို ထည့်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

XS
SM
MD
LG