သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AFC U19 မြန်မာ့ခြေစွမ်း ပရိသတ်အားရ


မြန်မာ-ကာတာ အကြိတ်နယ်။ (ဓာတ်ပုံ- မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်)
မြန်မာ-ကာတာ အကြိတ်နယ်။ (ဓာတ်ပုံ- မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်)

မြန်မာနိုင်ငံမှာ ကျင်းပနေတဲ့ AFC U – 19 Championship ဆီမီးဖိုင်နယ်မှာတော့ အိမ်ရှင်မြန်မာ ယူ-၁၉ အသင်းဟာ ကာတာကို ရှုံးပြီး ဗိုလ်လုပွဲနဲ့ လွဲချော်သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း အာရှကအသင်းကောင်းတသင်းဖြစ်တဲ့ ကာတာကို ခြေရည်တူကစားပြီး အချိန်ပိုကျမှ အရှုံးပေးလိုက်ရတဲ့အတွက် မြန်မာအသင်းရဲ့ ခြေစွမ်းကို အာရကျေနပ်တယ်လို့ ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေကရော၊ ပရိသတ်တွေကပါ ပြောလိုက်ပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို ကိုရန်နိုင်က တင်ဆက်ပေးထားပါတယ်။

ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ မနေ့ တနင်္လာနေ့ကကစားတဲ့ မြန်မာနဲ့ ကာတာတို့ရဲ့ AFC U-19 Championship ဒုတိယဆီမီးဖိုင်နယ်ပွဲ ပွဲကတော့ အချိန်ပို မိနစ် ၁၂၀ အထိ ရေကုန်ရေခမ်း အကြိတ်အနယ်ကစားခဲ့ကြတာပါ။ အိမ်ရှင်မြန်မာပရိသတ်တွေရဲ့ အားပေးသံနဲ့အတူ မြန်မာအသင်းကလည်း ခြေစွာနေတဲ့ ကာတာအသင်းကို အစွမ်းကုန် ယှဉ်ကစားသွားခဲ့ပါတယ်။

ကာတာဦးဆောင်ခဲ့တာကို မြန်မာ ၂ ဂိုးပြန်သွင်းလို့ ဦးဆောင်ခဲ့ပြီးမှ ကာတာဘက်က ပြန်သွင်းသွားလို့ မိနစ် ၉၀မှာ ဘတပြန် ကျားတပြန်ဖြစ်နေပြီး နောက်ဆုံးအချိန်ပိုမှာ ကာတာက ၁ ဂိုးထပ်သွင်းပြီး နောက်ဆုံးမှာ ကာတာက ၃ ဂိုး ၂ ဂိုး နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲနဲ့ ပတ်သက်ပြီး World Football ဂျာနယ်ရဲ့ အယ်ဒီတာချုပ်ကိုဇော်မျိုးသန့် ပြောတာကတော့ -

“ကောင်းပါတယ်၊ ပရိသတ်ကတော့ အကြိုက်ပေါ့၊ အဓိက-ကတော့ စုစည်းညီညွတ်မှု အားကောင်းကောင်းနဲ့ ကစားသွားပြီးတော့ ကမ္ဘာ့အဆင့် ၂၂ ဗျာ၊ ကာတာဆိုတာတော့ အာရှမှာ တော်တော်ကိုအဆင့်မြင့်မြင့် နိုင်ငံအပြင်ကို ဒီ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲလည်း ကျင်းပခွင့်ရထားတဲ့အသင်းပေါ့နော်။ အာရှနဲ့ အရှေ့တောင်အာရှကြားထဲမှာ ကွာခြားချက်တွေ အများကြီးရှိပါတယ်။ အဲဒီလို အသင်းမျိုးကို ရှိန်မနေဘဲနဲ့လေ-သူသေ ကိုယ်သေ ကစားသွားနိုင်တယ် ဆိုတော့ - ဒါ၊ မြန်မာ ယူ ၁၉ အသင်းရဲ့ စည်းလုံးညီညွတ်မှုနဲ့ ကြိုးစားအားထုတ်မှုကတော့ အသိအမှတ်ပြုရမှာပေါ့ ဆရာရယ်။ အဓိက ကတော့ Set-Piece တွေကနေပြီးတော့ ဂိုးရအောင် ဖန်တီးတဲ့နေရာမှာ ကာတာက ဗမာထက် အများကြီး သာတယ်ဗျ။ Set - Piece ပေးလိုက်ရတဲ့ဂိုး သုံးဂိုးစလုံးက ဒေါင့်ကန်ဘောတို့၊ ပြစ်ဒဏ်ဘောတို့ ကနေပြီး ပေးလိုက်ရတာကိုး။ နောက်တခုကတော့ ခန္ဓာကိုယ်ထွားကျိုင်းမှုနဲ့ အရပ်အမောင်းပေါ့လေ။ အရပ်အမောင်းကလည်း သာတဲ့အခါကျတော့ သူတို့က အဲဒီအချက်ကိုပဲ ကောင်းကောင်း အသုံးချသွားတာပါ။”

မြန်မာယူ-၁၉အသင်းဟာ ဒီပွဲရှုံးသွားခဲ့တာကြောင့် နောက်ဆုံးဗိုလ်လုပွဲနဲ့ လွဲချော်သွားခဲ့ပေမယ့်လည်း သူတို့ရဲ့ ခြေစွမ်းကို အထူးပဲ အားရကျေနပ်မိတယ် လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူ ဦးစိုးမိုးကျော်က ဗွီအိုအေကို ပြောပါတယ်။

“ကလေးတွေကို အရမ်းကျေးဇူးတင်တယ်။ ကလေးတွေကို အရမ်းချီးကျူးတယ်၊ သူတို့ ၁၀၀ % ကစားသွားတာမဟုတ်ဘူး။ ၂၀၀ % လောက် ကစားသွားတာ။ သာမန်အားဖြင့် သူတို့ ဒီလောက် အားထုတ်ဖို့ မလွယ်ဘူး။ ဒါပေမယ့် အံ့သြလောက်အောင်ကို သူတို့ ခြေစွမ်းပြသွားတာ။ အဲဒီအတွက် တနိုင်ငံလုံးကရော၊ လူကြီးတွေကရော၊ ပရိသတ်တွေအားလုံးကရော အရမ်းကို စိတ်တိုင်းကျတယ်။ ကျေလည်း ကျေနပ်ပါတယ်။ ချီလည်း ချီးကျူးတယ်။ နောက်ထပ် ငါးမိနစ်လောက်သာ ဆက်ကစားရင် ကာတာပါ ဒုက္ခရောက်သွားနိုင်တယ်။”

မေး။ ။ အခု ကစားသမားတွေရဲ့ အခြေအနေကရော ဘယ်လိုရှိလဲ။ ဒီ ရလဒ်နဲ့ပတ်သက်ပြီး သူတို့ရဲ့အနေအထား ဘယ်လိုရှိလဲ။

ဖြေ။ ။ တချို့ကတော့ နိုင်ပြီးမှ ပြန်ရှုံးတော့ ကလေးတွေသဘာဝကတော့ ငိုတဲ့သူကငိုပေါ့။ ဒါပေမယ့် အားလုံးက ချီးကျူး၊ ဥက္ကဋ္ဌကြီးကိုယ်တိုင်ကလည်း ကလေးတွေကို သေချာနှစ်သိမ့်ပြီးတော့ Dressing Room ထဲမှာ ကလေးတွေအားလုံးကို ချီးကျူး။ နောက် ဒီက အကြီးအကဲတွေအားလုံးကလည်း ကျေနပ်တော့ ကလေးတွေလည်း ပြန်ပြီးတော့ cool down ဖြစ်သွားပြီး ပျော်တာပေါ့နော်။ ထိုက်ထိုက်တန်တန်လည်း ဂုဏ်ပြုအုံးမှာပါ။

မေး။ ။ ဟုတ်ကဲ့၊ ကျနော်တို့ကိုယ်တိုင်လည်း ဒီကနေ ကြည့်နေတာဆိုတော့ ဒီပွဲဟာ ခြေရည်တူ ကစားပြီးတော့မှ ၃ ဂိုး ၂ ဂိုးနဲ့ရှုံးပြီးတော့ ဗိုလ်လုပွဲနဲ့ လွဲသွားတယ် ဆိုပေမယ့်လည်း ကိုယ်ကိုယ်တိုင်လည်း ဒီပွဲကို ရှုံးတယ်လို့တော့ မခံစားရဘူးဗျ။ အမှန်အတိုင်း ပြောရရင်လေ။

ဖြေ။ ။ အင်း၊ ဟုတ်တယ်၊ ဒါကြောင့်မို့လည်း တချို့ပရိသတ်တွေက ဖေ့စ်ဘုတ်မှာတင်ထားတယ်၊ ဒီပွဲက ရှုံးသွားတာမဟုတ်ဘူးတဲ့၊ ပွဲမြန်မြန်ပြီးသွားလို့တဲ့။ အချိန်ကုန်သွားတာ၊ အဲလောက်အထိကို ရေးကြတယ်။

မြန်မာယူ-၁၉ အသင်းကလည်း ကာတာကို အစွမ်းကုန် ကြိုးစားကစားသွားခဲ့ သလိုပဲ မြန်မာဘောလုံးပရိသတ်တွေကလည်း ပွဲစဉ်တလျှောက်လုံးရော အခုကာတာနဲ့ပွဲမှာပါ မြန်မာအသင်းကို မနားတမ်း အားပေးသွားခဲ့ပါတယ်။ ဒါပေမဲ့ UAE နဲ့ ကွာတားဖိုင်နယ်အပြီးမှာ မြန်မာပရိသတ်တွေ ကွင်းထဲဝင်ပြီး အောင်ပွဲခံ ခဲ့တာကြောင့် AFC အာရှဘောလုံးအဖွဲ့ချုပ်က မြန်မာအသင်းကို ပြစ်ဒဏ် ချမှတ်ခဲ့ သလို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကလည်း ပရိသတ်ကို ထိန်းထိန်းသိမ်းသိမ်း အားပေးဖို့ ပန်ကြားခဲ့ရပါတယ်။ ဒီပွဲမှာ မြန်မာပရိသတ်ရဲ့အားပေးမှုနဲ့ ပတ်သက်ပြီး ဦးစိုးမိုးကျော်က အခုလို ပြောပါတယ်။

“ပရိသတ်တွေကလည်း -တကယ် သူတို့က စည်းကမ်းဖောက်ဖျက်တယ်လို့တော့ ဆိုလိုလို့ မရပါဘူး။ နှစ်ပေါင်း ၁၄၀ အတွင်း ကျနော်တို့ဘောလုံးဟာ တခါမှ ပထမဆုံးကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်ရမှာဖြစ်တော့ - သူတို့လည်း အပျော်လွန်ပြီးတော့ စိတ်လှုပ်ရှားမှုလွန်ကဲပြီးတော့ အသိလေး ခဏလွတ်ပြီးတော့ ကွင်းထဲ ဆင်းလာကြတာပါ။ နိုင်ငံတကာ စံနှုန်းစံထားနဲ့ ပြန်ကြည့်မယ်ဆိုရင် ကွင်းထဲကို ဘောလုံးနဲ့မဆိုင်တဲ့သူ ဝင်လို့မရဘူး။ အဲဒါကြောင့်လည်း ကျနော်တို့ကို AFC က အရေးယူတာပါ။ အရေးယူတယ်ဆိုတာလည်း လျှော့ပေါ့ပြစ်ဒဏ်ပါပဲ။ ကျနော်တို့က အဲဒီအပေါ်မှာ မူတည်ပြီးတော့ awareness လုပ်တယ်။ ပရိသတ်ကို မေတ္တာရပ်ခံတယ်။ မိုက်နဲ့လည်းအော်တယ်။ ပရိသတ်တွေက ကျနော်တို့ ကမ္ဘာ့ဖလားလည်း အောင်သွားတယ်ဆိုတာကို အသိအမှတ်ပြုပြီးတော့ အားလုံးပျော်ရွှင်ပြီးတော့ ပရိသတ်ရဲ့တုံ့ပြန်မှုက ထင်ထားတာထက်ပိုပြီး နူးညံ့ပျော့ပြောင်းစွာနဲ့ ကိုယ့်အသင်းကိုယ် လှိုက်လှိုက်လှဲလှဲ ချီးကျူးဂုဏ်ပြပြီးတော့ အေးအေးချမ်းချမ်းနဲ့ ပြီးသွားတဲ့အတွက် ပရိသတ်ကို ကျနော် အများကြီး ကျေးဇူးတင်ပါတယ်။ နောက်ပြီးတော့ ကျနော်တို့ ဘောလုံး အဖွဲ့ချုပ်အနေနဲ့လည်း ဒီပရိသတ်မျိုးဆက်ရှိရင် လှပတဲ့ အနာဂတ်တွေဖြစ်ဖို့ ကျနော်တို့ ယုံကြည်မှုတွေ တိုးပွားလာပါတယ်။ ပရိသတ်ကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ကိုယ်စားရော၊ ဘောလုံးအသင်းကိုယ်စားရော ကျေးဇူး အများကြီး တင်ပါတယ်။”

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူဦးစိုးမိုးကျော်ပါ။ ပထမ ဆီမီးဖိုင်နယ်ပွဲ မှာတော့ မြောက်ကိုရီးယားက ဥဇဘက်ကစ္စတန်ကို ၅ ဂိုး ဂိုးမရှိ နဲ့ နိုင်ခဲ့တာကြောင့် လာမယ့် အောက်တိုဘာ ၂၃ ရက်နေ့ ညနေ ၇ နာရီမှာတော့ မြောက်ကိုရီးယားနဲ့ ကာတာတို့ သုဝဏ္ဏအားကစားကွင်းမှာ ဗိုလ်လုကြမှာဖြစ်ပါတယ်ခင်ဗျာ။

ဒီသတင်းနဲ့ တစပ်တည်း ပြောရမယ်ဆိုရင်တော့ UAE နဲ့ ကွာတား ဖိုင်နယ်အပြီးမှာ မြန်မာပရိသတ်တွေကွင်းထဲဝင်ပြီး အောင်ပွဲခံခဲ့တာကြောင့် AFC အာရှဘောလုံးအဖွဲ့ချုပ်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို ဒေါ်လာ ၂ သောင်း ၄ ထောင်နဲ့ အတူ လာမယ့် ၂ နှစ်အတွင်း အိမ်ရှင်အဖြစ်ကစားမယ့် နိုင်ငံတကာပွဲတပွဲကို ပရိသတ်မပါဘဲကစားဖို့ ဆိုင်းငံ့ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ ဒီပြစ်ဒဏ်အပေါ်မှာ အယူခံဝင်ဖို့ရှိ မရှိဆိုတာဆိုတာနဲ့ပတ်သက်ပြီး မေးမြန်းကြည့်တဲ့ အခါမှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူ ဦးစိုးမိုးကျော်က

“ရှိပါတယ်ခင်ဗျ။ ဥက္ကကိုယ်တိုင်ကလည်း AFC အမှုဆောင်ကော်မတီဝင်လည်းဖြစ်တယ်၊ နောက် အာရှက လူငယ်ပြိုင်ပွဲများ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်တော့ သူက ပေါက်ပေါက်ရောက်ရောက်လည်းရှိတယ်။ ကျနော်တို့လည်း ဒီက လုံခြုံရေးအဖွဲ့တွေရော၊ တခြား တာဝန်ရှိသူတွေရော ပူးပေါင်းဆောင်ရွက်မှုတွေက မျှော်လင့်ထားတာထက် ပိုပြီး လုပ်ပေးနိုင်တဲ့အတွက် အားလုံးကလည်း ကျေနပ်တဲ့အတွက် ကျနော်တို့အယူခံဝင်မှုကို AFC အနေနဲ့ လက်ခံစဉ်းစားပြီးတော့ လျှော့ပေါ့ပြစ်ဒဏ်ချဖို့ ရှိမယ်လို့ မျှော်လင့်ပါတယ်။”

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူဦးစိုးမိုးကျော် ပြောသွားတာဖြစ်ပါတယ်။

XS
SM
MD
LG