သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AFC U-19 မြန်မာအသင်း အဆုံးအဖြတ်ပွဲ


AFC U-19 Championship (သတင်းဓာတ်ပုံ- http://www.the-afc.com)
AFC U-19 Championship (သတင်းဓာတ်ပုံ- http://www.the-afc.com)

မြန်မာနိုင်ငံမှာ ဒီကနေ့ ကစားမယ့် မြန်မာနဲ့ ထိုင်းတို့ရဲ့ AFC U-19 ဘောလုံး ပွဲမှာ မြန်မာအသင်းအနိုင်ရဖို့အတွက် စိတ်ဓါတ်က အရေးကြီးတယ် လို့ မြန်မာ့လက်ရွေးစင်ဟောင်း ဦးအေးမောင်ကြီးက ပြောသလို ပရိတ်သတ် အနေနဲ့လည်း ပထမပွဲထက်ပိုပြီး အားပေးဖို့ သူကတိုက်တွန်းလိုက်ပါတယ်။ ထိုင်းနဲ့ မြန်မာတို့ရဲ့ ပွဲကြိုသုံးသပ်ချက်အပြင်၊ မနေ့က ကစားသွားခဲ့တဲ့ ပွဲအခြေအနေကို ကိုရန်နိုင်က စုစည်းတင်ပြပေးထားပါတယ်။

AFC U-19 Championship ဘောလုံးပွဲတွေကို အောက်တိုဘာ ၁၀ ရက်နေ့က ကစားကြတာမှာ - ရန်ကုန်မှာ ကစားတဲ့ အုပ်စု B ပွဲတွေမှာတော့ ဥဇဘက်ကစ္စတန် က အင်ဒိုနီးရှားကို ၃ ဂိုး ၁ ဂိုး နဲ့ နိုင်ပြီး၊ သြစတြေးလျ နဲ့ ယူအေအီးတို့ ၁ ဂိုးစီ သရေကျသွားခဲ့ပါတယ်။ အုပ်စု D ပွဲတွေကို နေပြည်တော်မှာ ကစားကြတာမှာ ပထမပဲွဲမှာ အီရတ်အသင်းက အိုမန်ကို ၆ ဂိုး ဂိုးမရှိ နဲ့ ဂိုးပြတ် အနိုင်ရ သွားပြီး၊ မြောက်ကိုရီးယား နဲ့ ကာတာတို့ ကစားတဲ့ ဒုတိယပွဲမှာတော့ ကာတာက မြောက်ကိုရီးယားကို ၃ ဂိုး ၁ ဂိုး နဲ့ အနိုင်ရသွားပါတယ်။

ဒီကနေ့မှာတော့ အုပ်စု A နဲ့ အုပ်စု C က ပွဲစဉ်တွေကစားမှာပါ။ အုပ်စု A ပထမပွဲ အဖြစ်နဲ့ အီရန် နဲ့ ရီမင်တို့ မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲမှာ ကစားမှာဖြစ်ပြီး ၊ ဒုတိယပွဲကိုတော့ အိမ်ရှင် မြန်မာအသင်းနဲ့ ထိုင်းတို့ ညနေ ၆ နာရီခွဲမှာ ကစားကြမှာပါ။ ပထမပွဲမှာ အီရန်ကို နိုင်ထားတဲ့ ထိုင်းအသင်းရဲ့ အားသာချက်တွေ ကို မြန်မာ့ဘောလုံးရွှေခေတ်ရဲ့ လက်ရွေးစင်ဟောင်းဦးမျိုးဝင်းညွန့် အခုလို သုံးသပ် ပါတယ်။

"ယိုးဒယားက ဘောလုံးဖျက်တာလေးတွေက ငြိမ်တယ်ဗျ။ ဥပမာဆိုပါတော့ ဗျာ နောက်ကပဲ ဘောလုံးကို အလယ်ကို ဖျက် အလယ်ကိုနေ ရှေ့ကိုပဲ ဖျက်၊ ဖျက် များသောအားဖြင့် ဘောလုံး ပျက်တာ နည်းတယ်။ သူတို့ခြေထောက် ထဲမှာ ဘောလုံး ရ တာ များတယ်။ ကျနော်တို့ဆီက တခါတလေ ပေးလိုက်ရင် ဟို လူက ရှေ့ပြေး ပေးတာက နောက်၊ ဒါမျိုးတွေပေါ့။ နောက်ပြီးတော့ လူကျပ်နေ တဲ့နေရာကို ထည့်ပေးလိုက်တာတို့ ဟိုကဖျက်လို့ လွယ်တာမျိုးတွေ အဲ့တာမျိုးတွေ ယိုးဒယားက သိပ်မရှိဘူး။ ယိုးဒယားက ပေးလိုက်ရင် ကိုယ့်လူ ကိုယ် ဘောလုံး မြဲမြဲကိုင်လို့ရအောင် ပေးနိုင်တယ်။ Time နဲ့ Space မှာ ဒီကောင်တွေက တော်တော်ကောင်းတယ်။"

ရီမင်နဲ့ ပထမပွဲတုန်းက မြန်မာအသင်း ဟာ ဘောလုံးအပေးအယူ လုပ် တာတွေ နှေးပြီးတော့ ကစားကွက် မမိတာကြောင့် တိုက်စစ်ကလည်း မထိရောက်ဘူး လို့ ဦးမျိုးဝင်းညွန့်က သုံးသပ်ပါတယ်။

" ဘောလုံး ရတာနဲ့ တပြိုင်နက်တည်း ကိုယ့်ဆီမှာ ခြေထောက်ထဲမှာ သိပ်ထားလို့ မရဘူး။ ခပ်မြန်မြန် သူက Pass လုပ်ရတယ်။ ဥပမာ Wing Flag ကို Pass လုပ်ရင်လုပ်မယ်။ ဒါမှမဟုတ် ကိုယ့်ဟာကိုယ် ပြေးလမ်းကြောင်း ချရင် ချမယ်။ သူ့လည်း ပြေးခိုင်းပေါ့။ ကျနော်တို့ဆီက ဘောလုံး အကိုင်များတယ်။ ကျနော်တို့ အသင်းမှာ စိတ်ပူစရာက အဲ့တာပဲ။ အလယ်နဲ့ရှေ့နဲ့ ချိတ်တဲ့ဟာ အပေါ်မှာ ချိန်ကိုက်မဖြစ်တာရယ်၊ အကိုင်များလို့ Block ဖြစ်သွားတာရယ် နောက် ကိုယ်က တက်ဖိပြန်တော့ ကောင်တာကို ဝင်လာတဲ့အခါကျရင် များသောအားဖြင့် Right Side ရယ် Center Defender တွေရယ် ကြားထဲက ဘောလုံးက ဝင်တာများတယ်။"

မြန်မာအသင်းဟာ ပထမပွဲမှာ သရေကျထားတာကြောင့် အုပ်စုကနေ တက်ဖို့အတွက် ထိုင်းနဲ့ပွဲမှာ အနိုင်ရဖို့ သိပ်ကို အရေးကြီးတယ် လို့ မြန်မာ့ဘောလုံးရွှေခေတ်ရဲ့ လက်ရွေးစင်ဟောင်း နောက်တဦးဖြစ်တဲ့ ဦးအေးမောင်ကြီးက ပြောပါတယ်။ ဒီပွဲမှာ မြန်မာအသင်း အခြေအနေကောင်းနိုင် ပါ့မလား ဆိုတဲ့အပေါ်မှာ ဦးအေးမောင်ကြီးပြောတာကတော့

" ဟာ.. မကောင်းလို့တော့ မရတော့ဘူး သူတို့။ ပွဲစဉ် အနေအထားအရ ဒါ ဒုတိယပွဲပေါ့ သုံးပွဲကတော့ အီရန်နဲ့ပေါ့။ အီရန်က ဒီဘက်ပိုင်းမှာ အကောင်းဆုံး အသင်းလို့ သူ့ဘာသာ တွက်ထားတာပေါ့။ တကယ်လည်း ကောင်းပါတယ်။ ဒါပေမဲ့ သူက အခု အမှတ်လျော့သွားပြီဆိုတော့ သူနဲ့ကိုယ်နဲ့နောက်ဆုံး တွေ့ရင် သူက ကိုယ့်ကို သွန်တော့မှာ။ ပွဲစဉ် အနေအထားအရ ဒီ ဒုတိယပွဲမှာ နိုင်ထားမှ သူ့ကို ကျနော်တို့က နောက်ဆုံးပွဲမှာ ထိန်းကစားလို့ရသွားမှာ။ ထိုင်းနဲ့ပွဲမှာ ကိုယ်က နိုင်ထားဖို့ လိုတယ်။ နိုင်ဖို့ဆိုတာ ခုနက ကျနော်ပြောသလို ဒီအချိန်က ဘာမှပြောမနေနဲ့ စိတ်ဓာတ်ပဲ။ ကိုယ့်စိတ်ဓာတ်ကို ကိုယ်ပံ့ပိုးဖို့ပဲ စွန့်စားဖို့တော့ လိုလာပြီပေါ့နော်။ အကဲစမ်းနေလို့တော့ မရဘူး။ ဘယ်အချိန်ရမလဲ မစောင့်နဲ့ ရတဲ့အချိန် ချတော့ပဲ။

ထိုင်းနဲ့ပွဲဟာ ခက်ခဲမှာဖြစ်ပေမယ့် မြန်မာအသင်းအနေနဲ့ အလားအလာကောင်းနိုင် ပါတယ်လို့ သူကပြောပါတယ်။ ဆိုတော့ ထိုင်းနဲ့ပွဲအပေါ်မှာ ဦးမျိုးဝင်းညွန့်ကရော ဘယ်လိုခန့်မှန်းပါသလဲ။

"ဒီထိုင်းအသင်းက ပြီးခဲ့တဲ့ ကစားတဲ့အသင်းလောက်တော့ Tough မဖြစ်ဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့လည်း လူလေးငါးယောက်လောက် အသစ်လေးတွေ ပါလာတယ်လေ။ သို့သော်လည်း ထိုင်းရဲ့ Play က အရင် ကစားတဲ့ပုံစံအတိုင်းပဲ သူတို့က အထိန်းအသိမ်းနဲ့ သွားနေတာ။ ဒါပေမဲ့ ဘာကွာသွားသလဲဆိုတော့ သူတို့က လျှင်မြန်မှုနဲ့ Experience မှာတော့ နည်းနည်းကွာတယ်။ ဗမာကတော့ ဒီလူပဲဆိုတော့ ဗမာက Combination လည်း ရနေပြီဆိုတော့ ကိုယ့်အိမ်မှာ လည်း ဖြစ်တဲ့ အတွက် ဗမာက ၇၅% လောက် ဗမာနိုင်ဖို့ များပါတယ်။

ရီမင်နဲ့ ပထမပွဲမှာ သုဝဏ္ဏကွင်း အထူးတန်း နဲ့ အရှေ့ဘက်တန်း အပြည့်အားပေး ခဲ့ကြတဲ့ မြန်မာပရိတ်သတ်ရဲ့ အားဟာ ထိုင်းနဲ့ပွဲမှာလည်း သိပ်ကို အရေးကြီးတဲ့ အတွက် ပထမပွဲထက်ကို ပိုပြီး အားပေးဖို့ ဦးအေးမောင်ကြီးက တိုက်တွန်း လိုက်ပါတယ်။

" ပရိတ်သတ်ရဲ့ အားပေးနေတဲ့ အသံက အရေးကြီးပါတယ်။ ငယ်တဲ့ကလေးတွေ အဖို့ ပိုပြီးတော့ အရေးကြီးပါတယ်။ ပရိတ်သတ်က ထိုင်းနဲ့ပွဲဆိုတော့ နဂိုကတည်းက ဘာပဲပြောပြော၊ အနိုင်ရချင်တဲ့စိတ်က ရှိနေတဲ့အခါကျတော့ ဒီ့ထက်ပိုပြီးတော့ နည်းနည်း အားပေးဖို့ရယ် နောက်ပြီးတော့ အားပေးတဲ့အခါမှာ တခါတလေကျတော့ ကိုယ့်ပရိတ်သတ် ကစားသမားတွေတောင် ကစားရင်းနဲ့ မျောသွား တယ်။ မျောသွားတဲ့အခါကျတော့ ငြိမ်သွားတဲ့အခါရှိတယ်။ မငြိမ်ပဲနဲ့ တောက်လျောက်ကို တွန်းအားပေးနေဖို့ လိုမယ်ထင်တယ်။ ဒါလည်း အားတအားပါပဲ။"

နေပြည်တော်မှာ ဒီကနေ့ကစားမယ့် အုပ်စု C မှာတော့ ပထမပွဲစဉ်အဖြစ် ဂျပန် နဲ့ ဗီယက်နမ်၊ တောင်ကိုရီးယား နဲ့ တရုတ်တို့ ကစားကြမှာဖြစ်ပါတယ်။

XS
SM
MD
LG