သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလီဘန် အမေရိကန် ဆွေးနွေးပွဲ အာဖဂန်တက်ဖို့ ငြင်းဆို


အာဖဂန်အစိုးရက ကာတာနိုင်ငံမှာကျင်းပမယ့် တာလီဘန်နဲ့ ဆွေးနွေးပွဲကို တက်ရောက်မှာမဟုတ်ဘူးလို့ သမ္မတ ဟာမစ် ခါဇိုင်း (Hamid Karzai) က ပြောဆိုလိုက်ပါတယ်။ ဒီလို ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အာဖဂန်က ဦးဆောင်နိုင်မှသာ ပါဝင်တက်ရောက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန် ပြည်ထောင်စုက တာလီဘန်နဲ့ ဆွေးနွေးရေး အဆိုပြုထားတဲ့အပေါ် အာဖဂန်က အမေရိကန်နဲ့ ၂ နိုင်ငံ လုံခြုံရေးနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ် ဖြစ်နေတာကြောင့် စေ့စပ်ဆွေးနွေးဖို့ ဆိုင်းငံ့လိုက်ပါတယ်။

အမေရိကန်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်တွေနဲ့ လုပ်ရပ်တွေအကြား ကွဲလွဲနေတယ်လို့ အာဖဂန်အမျိုးသား လုံခြုံရေးကောင်စီက ဒီကနေ့ သတင်းထုတ်ပြန်လိုက်တာပါ။

ဂျာမဏီနိုင်ငံကို ရောက်ရှိနေတဲ့ သမ္မတ အိုဘားမားကတော့ အာဖဂန်အစိုးရရဲ့ တုံ့ပြန်ချက်ကို သူ မအံ့သြဘူးလို့ ဆိုပါတယ်။ အာဖဂန်အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ဟာ စိန်ခေါ်အကဲစမ်းမှုတွေ ရှိနေပေမဲ့လို့ ရှေ့ဆက် လုပ်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း သမ္မတ အိုဘားမား က ပြောပါတယ်။

ဆယ်စုနှစ်နဲ့ချီ ကြာခဲ့ပြီဖြစ်တဲ့ အာဖဂန်စစ်ပွဲ အဆုံးသတ်ရေး လုပ်ငန်းစဉ် ချမှတ်နိုင်ရေး တွန်းအားပေးတဲ့အနေနဲ့ အမေရိကန် ပြည်ထောင်စုက တာလီဘန်တွေနဲ့ ဒီသီတင်းပတ်နှောင်းပိုင်မှာ တရားဝင် စေ့စပ်ဆွေးနွေးတော့မှာ ဖြစ်ပါတယ်။

ကာတာနိုင်ငံ ဒိုဟာမြို့မှာ တာလီဘန်တွေက တရားဝင်ရုံး ဖွင့်လှစ်ခဲ့ပြီးနောက် အမေရိကန်က ဆွေးနွေးမယ့် အစီအစဉ်ကို အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။ အမေရိကန်က အခုလို အာဖဂန်ပြင်ပမှာ စစ်သွေးကြွတွေနဲ့ တရားဝင်တွေ့ဖို့ ဆုံးဖြတ် စီစဉ်တာဟာ အာဖဂန်အစိုးရရဲ့ အခန်းကဏ္ဍကို သေးသိမ်အောင် လုပ်လိုက်တာပဲလို့ အာဖဂန်အစိုးရက ရှုမြင်ပါတယ်။ တာလီဘန်တွေကလည်း ဟာမစ် ခါဇိုင်းအစိုးရနဲ့ စကားမပြောလိုဘူးလို့ ဆိုပါတယ်။

ဒိုဟာရောက် တာလီဘန် ကိုယ်စားလှယ်အဖွဲ့က အာဖဂန် အကြပ်အတည်းကို နိုင်ငံရေးအရ အဖြေရှာလိုတယ်လို့ ပြောပါတယ်။
စေ့စပ်ဆွေးနွေးကြတဲ့အခါ အမေရိကန်တို့အနေနဲ့ အာဖဂန် ပြည်သူလူထုအကျိုးကို စဉ်းစားပြီး သူတို့ရဲ့ ရိုးသားမှုကို ပြသနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။
XS
SM
MD
LG