သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပတ်ကြာ ဆီးရီးယား အပစ်ရပ်ရေး သဘောတူ


ဆီးရီးယားနိုင်ငံတွင်းက စစ်မြေပြင်။
ဆီးရီးယားနိုင်ငံတွင်းက စစ်မြေပြင်။

ဆီးရီးယားနိုင်ငံမှာ တိုက်ခိုက်တာတွေ ရပ်ဆိုင်းရေးကို သီတင်းတပတ်အချိန်အတွင်း စတင်ဖို့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ အကြား သဘောတူထားပြီလို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဂျွန် ကယ်ရီကပြောပါတယ်။

ဒီသဘောတူညီချက်ဟာ မိမိတို့ စောင့်ဆိုင်းနေတဲ့ ဖြစ်ထွန်း တိုးတက်မှု ဖြစ်နိုင်ဖွယ် ရှိပါတယ်လို့ Munic သဘောတူညီချက်ရခဲ့တဲ့ ဂျာမနီနိုင်ငံမှာလုပ်တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အစည်းအဝေးရဲ့သဘာပတိ Jan Egeland ကပြောပါတယ်။

ဆီးရီးယားအကျပ်အတည်းအတွက် အဖြေရှာတဲ့လမ်းကြောင်းမှာ အရေးကြီးတဲ့ အဆင့်ဖြစ်တယ်လို့ တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က ဒီကနေ့ Twitter မှာရေးပါတယ်။

ဒါပေမဲ့လည်း ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအနေနဲ့ သူတို့ရဲ့တပ်ဖွဲ့တွေကို ဆီးရီးယားက မြေပြင်တိုက်ပွဲ တခုခုမှာ ပါဝင်ဖို့ လုပ်မှာမျိုး ကိုတော့ ရုရှားနိုင်ငံခြားရေး ဝန်ကြီး Dmitry Medvedev က သတိပေး ထားပါတယ်။ မြေပြင်စစ်ဆင်ရေးဟာ အားလုံးကို စစ်ပွဲတပွဲ ထဲ ဆွဲခေါ်သွားလိမ့်မယ်လို့ ဒီကနေ့ ထုတ်ပြန်ချက်တခုထဲမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောထားတာပါ။

တိုက်ခိုက်မှုတွေ ရပ်ဆိုင်းမယ့်ကိစ္စဟာ IS ၊ Al-Nusra တပ်ဦးအပါအဝင် အကြမ်းဖက်ဝါဒ ကိုင်စွဲတဲ့ တခြားအဖွဲ့တွေနဲ့တော့ မဆိုင်ဘူးလို့ ဝန်ကြီးကယ်ရီ က မြူးနစ်မြို့မှာ သတင်းထောက်တွေကိုပြောပါတယ်။

တိုက်ခိုက်မှုတွေ ရေရှည်မှာ လျော့ကျသွားအောင် လုပ်ဖို့ စံပုံစံတွေကို လေ့လာ ဆန်းစစ်ရေး အမေရိကန်နဲ့ရုရှားတို့ ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ၁၇ နိုင်ငံပါ ဆီးရီးယား အထောက်အကူပြုရေး နိုင်ငံတကာအဖွဲ့က လုပ်ဆောင်သွားမယ်လို့ ဝန်ကြီးကယ်ရီကပြောပါတယ်။

XS
SM
MD
LG