သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လယ်သမားတွေ အကြွေးကျေအောင် ထမင်းလျှော့စားဖို့ ဝန်ကြီး ဦးမြင့်လှိုင် တိုက်တွန်း


ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးနဲ့ ဖွံ့ဖြိုးရေးအတွက် လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီးရဲ့ ဧရာဝတီတိုင်း ခရီးစဉ်အတွင်းမှာ လယ်သမားတွေကို ခြိုးခြံချွေတာဖို့ တိုက်တွန်းတဲ့ မှတ်ချက်အပေါ် ဒေသခံတွေက မကျေမနပ် ဖြစ်နေကြပါတယ်။ ခြိုးခြံချွေတာရေး အတွက် ထမင်းလျှော့စားပါလို့ ဝန်ကြီးက ပြောခဲ့တာကြောင့် အခုလို မကျေမနပ် ဖြစ်နေတာပါ။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံက အခြေခံ တောင်သူလယ်သမားတွေ၊ ဝင်ငွေနည်း လူနေမှုဘဝ တိုးတက်မြင့်မားစေ ဖို့ တိကျတဲ့ ရည်မှန်းချက်တွေထားပြီး အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိတယ်ဆိုပြီး လယ်ယာနဲ့ စိုက်ပျိုးရေး၊ ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်နဲ့အဖွဲ့က ပြောခဲ့ပါတယ်။

ဦးမြင့်လှိုင်နဲ့အဖွဲ့ဟာ လယ်သမားတွေရဲ့ အခြေအနေကို ကွင်းဆင်းလေ့လာခဲ့ရာမှာတော့ ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်က လယ်ယာကဏ္ဍ ဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းတွေနဲ့ လယ်ယာကဏ္ဍတွေမှာ အကူအညီပေးမယ့် လုပ်ငန်းတွေကို သွားရောက်ဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးချိန်မှာ အကြွေးတင်ပြီး အဆင်မပြေဖြစ်နေတဲ့ လယ်သမားတွေကို လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က အခုလို ပြောသွားပါတယ်။

“ကြွေးတင်တာကို ဆပ်လို့ရအောင် ထမင်းတစ်နပ် လျှော့စားပေါ့။ တလပြည့်လို့ရှိရင် ငါ ဘယ်လောက် ဆပ်နိုင်မလဲ၊ ခြောက်လဆိုရင် ဘယ်လောက်ဆပ်နိုင်မလဲ၊ ငါနဲ့ ငါ့မိသားစုတွေ လည်း တစ်နပ်လျှော့စားမယ်၊ ဒီလိုစိတ်ဓာတ်မျိုး- ဥပုသ်စောင့်တဲ့သဘောမျိုးပေါ့ဗျာ။ ကုသိုလ် လည်းရ၊ ဝမ်းလည်းဝပေါ့။၊ ငါတို့ ဥပုသ်စောင့်နေတယ်- ဒီလိုစိတ်ဓာတ်နဲ့လုပ်လိုက်ရင် အကြွေးကျေသွားမှာပေါ့။ ရလာပါလိမ့်မယ်ကွာ၊ ရလာပါလိမ့်မယ်ကွာနဲ့ နေရင် မရရင် ကြွေး မကျေဘူး၊ အကြွေးမကျေရင် သံသရာထဲက လွတ်မှာမဟုတ်ဘူး။ နောင်ဘဝကျရင် ကျွန်ပြန်ဖြစ်လိမ့်မယ်။”

လယ်ယာစိုက်ပျိုးရေး၊ ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်အနေနဲ့ အကြွေးတင်နေတဲ့ လယ်သမားတွေကို ထမင်းတနပ်ပဲ လျှော့စားပါဆိုတဲ့ ဖြေရှင်းနည်းထက် လယ်သမားတွေရဲ့ လက်ရှိ ဖြစ်နေရတဲ့ အခက်အခဲတွေကို နားလည်စာနာပြီး ဖြေရှင်းပေးဖို့ တာဝန်ရှိတယ်လို့ လယ်သမားအရေးဆောင်ရွက်နေသူ ဦးဌေးက ပြောပါတယ်။

“လယ်သမားအများစုဟာ ဒီနှစ်ကာလမှာ အတိဒုက္ခရောက်နေကြရပါတယ်။ လယ်ယာမြေ အများစုဟာ ခရိုနီတွေ အပါအဝင် တပ်မတော်၊ တပ်ရင်းတပ်ဖွဲ့တို့၊ ဌာနဆိုင်ရာတို့၊ ကုမ္ပဏီတို့ သိမ်းပိုက်မှုကြောင့် လယ်မြေလက်လွှတ် ဆုံးရံှုံးရတာတွေလည်း တော်တော်များပါတယ်။ တဘက်ကလည်း မြို့မြေတွေ၊ ရွာမြေတွေ တိုးချဲ့တယ်ဆိုရင်လည်း လက်လွှတ် ဆုံးရှုံးရတာတွေ လည်း များပါတယ်။ သီးနှံဈေးနှုန်းတွေက ကျဆင်းပါတယ်။ လယ်သမားတွေ အဓိက အားထားရ တဲ့ ထွက်ကုန်ဖြစ်တဲ့ စပါးဈေးနှုန်းတွေက အတော်ကျဆင်းနေပါတယ်။ ဝယ်ယူရတဲ့ ဓာတ်မြေသြဇာတို့၊ ပိုးသတ်ဆေးတို့အပါအဝင် ဒီဇယ်ဆီတို့၊ ကျွဲနွားစရိတ်တွေ ဈေးတွေက အကုန်လုံး တက်နေပါတယ်။ အတော် အတိဒုက္ခ ရောက်ပါတယ်။

နိုင်ငံတော်ကနေ ချေးမယ်ဆိုတာကလည်း လယ်သမားတွေမှာ အပြည့်အဝ မရကြပါဘူး။ အပြည့်အဝမရတဲ့ အခါမှာ အပြင်ကနေ ယူတဲ့အခါမှာ အတိုးက အနည်းဆုံး လစဉ် ၅ % အနည်းဆုံးပေးရပါတယ်။ အတိုးတွေက ရှိနေပါတယ်။ အဲဒီကျတော့ ဒီလို အနေအထားမျိုးမှာ လယ်သမားတွေကို ထမင်းတနပ်လျှော့စားဖို့ ပြောတာကတော့ ဒါကတော့ လက်လွတ်စပယ်နိုင်လွန်းတယ်လို့ ကျနော်တို့ ထင်ပါတယ်။”

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရသစ်လက်ထက် ဆင်းရဲမွဲတေမှု ပပျောက်အောင် ဆောင်ရွက်နေတယ် ဆိုတာမျိုးတွေကိုလည်း ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့လည်း ထိရောက်တဲ့ ဆောင်ရွက်တာမျိုးတွေ အားနည်းနေသေးတဲ့ အတွက်လည်း မြန်မာနိုင်ငံ၊ အဓိက လူတန်းစား နှစ်ရပ်ဖြစ်တဲ့ လယ်သမားနဲ့ အလုပ်သမားတွေ ရဲ့ ဘဝတွေဟာ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ မမြင်ရသေးဘူးလို့ အလုပ်သမား အရေး ဆောင်ရွက်နေသူတွေက ဆိုပါတယ်။

ဆင်းရဲမွဲတေမှု ပပျောက်ဖို့အတွက် လယ်သမားတွေရဲ့ဘဝတွေကို မြှင့်တင်ပေးဖို့ လိုအပ်တယ်လို့ လယ်သမားအရေးဆောင်ရွက်နေသူ ဦးဌေးက ဆက်ပြောပြပါတယ်။

“ဆင်းရဲမွဲတေမှု ပပျောက်အောင်၊ အလုပ်သမား၊ လယ်သမားတွေအတွက် အကျိုးရှိအောင် ဘယ်လို ပိုမို လုပ်ပေးနိုင်မလဲ၊ အဲဒီရှုဒေါင့်ကနေ စဉ်းစားကြရမှာ ဖြစ်ပါတယ်။ အဲလိုမဟုတ်ဘဲနဲ့ လယ်သမားတွေအနေနဲ့ ထမင်းတနပ် လျှော့စားဖို့ဆိုရင် ဒီစကားမျိုးကတော့ မသင့်ပါဘူး။”

ဝန်ကြီးဦးမြင့်လှိုင်ကတော့ အစိုးရသစ်အနေနဲ့ အခြေခံ တောင်သူလယ်သမားတွေရဲ့ ဝင်ငွေနဲ့ လူနေမှုဘဝ တိုးတက်မြင့်မားလာစေဖို့ တိကျတဲ့ ရည်မှန်းချက်တွေ ချမှတ်ထားပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့အကြောင်း၊ လယ်သမားတွေရဲ့ နိုးကြားထကြွစွာ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်တဲ့အကြောင်း၊ စက်မှုလယ်ယာ လုပ်ငန်းစဉ် စနစ်ကို ပြောင်းလဲ တဲ့နေရာမှာ အားလုံးပါဝင်ဖို့ လိုအပ်ကြောင်းတွေကိုလည်း လယ်သမားတွေနဲ့ တွေ့တဲ့ အချိန်မှာ ပြောဆိုသွားခဲ့ပါတယ်ရှင်။
XS
SM
MD
LG