သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး အကျိုးတော်ဆောင်တချို့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်


ပြန်လည်လွတ်မြောက်လာမယ့် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကို အင်းစိန်ထောင်ရှေ့မှာ မျှော်လင့် စောင့်စားနေသည့် မိသားစုဝင်များ။
ပြန်လည်လွတ်မြောက်လာမယ့် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကို အင်းစိန်ထောင်ရှေ့မှာ မျှော်လင့် စောင့်စားနေသည့် မိသားစုဝင်များ။
သမ္မတအိုဘားမား မြန်မာနိုင်ငံကို ရောက်လာခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့က အကျဉ်းသားပေါင်း ၆၀ ကျော်ကို မြန်မာအစိုးရက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။ အဲဒီလွတ်လာသူတွေ ထဲ နိုင်ငံရေးအကျဉ်းသား ၄၀ ကျော် ပါဝင်ခဲ့တာမှာတော့ လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်သူတွေလည်း ပါဝင်ခဲ့တဲ့အတွက် ဟောင်ကောင် အခြေစိုက် AHRC ခေါ် အာရှ လူ့အခွင့်အရေးကော်မရှင်က ကြိုဆိုလိုက်ပါတယ်။ ရှေ့နေ ဦးမင်းလွင်ဦးကတော့ AHRC ဥပဒေ အကြံပေးဖြစ်ပါတယ်။

“သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေး ကွန်ယက်က ဦးမြင့်အေး၊ ကိုရန်ရွှေ၊ ကိုဇော်ဇော်အောင် နောက်ပြီးတော့ လူငယ်ရှေ့နေဖြစ် တဲ့ စောကျော်ကျော်မင်းတို့ ပြန်လည် လွတ်မြောက်လာတဲ့ ကျနော်တို့ ဒါတွေကို ကြိုဆိုပါတယ်။ ကမ္ဘာ့ကြက်ခြေနီအဖွဲ့ကိုလည်း အကျဉ်းထောင်တွေအတွင်း ဝင်ရောက်ခွင့်ပြုမယ်၊ နိုင်ငံတကာ စံချိန် စံညွှန်းတွေနဲ့အညီ အကျဉ်းထောင်တွေရဲ့ စံချိန်တွေကို မြှင့်တင်မယ်ဆိုတဲ့ စီမံချက်ကို သိရတဲ့အတွက် ဒါတွေကို ကျနော်တို့ ကြိုဆိုပါတယ်။”

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် ရှိနေသေးတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကတော့ ပြောထားတာပါ။ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လည်လွတ်မြောက်လာဖို့ လိုအပ်နေသေးတယ်လို့ ရှေ့နေ ဦးမင်းလွင်ဦး က ပြောပါတယ်။

“လူ့အခွင့်အရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီးတော့ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ စီတန်း ခွင့်၊ လွတ်လပ်စွာ ယုံကြည်ခွင့်၊ စတာတွေနဲ့ ပတ်သက်ပြီးတော့လည်း ဖမ်းဆီးထိန်းသိမ်းခြင်း ခံနေရ တဲ့ လူတွေလည်း ကျန်နေသေးတယ်ဆိုတာကို ကျနော်တို့ ဒီနေ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ထည့်သွင်း ဖော်ပြထားပါတယ်။ ဥပမာ ပြောရလို့ရှိရင် ကျနော်တို့ လေတပ်စခန်းတွေအတွင်းမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အင်တာနက်မှာ စာရေးတင်မိလို့ နှစ်ရှည်ထောင်ဒဏ် အပြစ်ပေးခြင်းခံနေရတဲ့ ဗိုလ်ကြီး နေလင်းထွေး၊ နောက်ပြီးတော့ တခါ ဧရာဝတီသတင်း ဌာန ကို မြောက်ကိုရီးယားနဲ့ဆက်စပ်တဲ့ အဏုမြူဗုံးဆိုင်ရာကိစ္စရပ်တွေ၊ သတင်းတွေ၊ ဓာတ်ပုံတွေ ပေးပို့ တယ်ဆိုပြီးတော့ သေဒဏ်၊ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရတဲ့ ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်၊ နောက်ပြီးတော့ မိုးပြာဂိုဏ်းဆိုပြီးတော့ သီးသန့် ထေရ ဝါဒဂိုဏ်း ထူထောင်မယ်ဆိုလို့ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရတဲ့ အရှင်ဉာဏတို့ ယနေ့ထက်တိုင် ဖမ်းဆီး ထိန်းသိမ်းခြင်း ခံနေရသေး တယ်ဆိုတာတွေကို ကျနော်တို့ ထုတ်ဖော် ရှင်းပြထားပါတယ်။

“ထိုနည်းတူစွာပဲ မှားယွင်းပြီးတော့ ဖမ်းဆီးထိန်းသိမ်းထားခြင်း ခံနေရတဲ့သူတွေလည်း မြောက်များစွာ ရှိနေသေးတယ်ဆိုတာကို အခု ပြန်လည် လွတ်မြောက်လာတဲ့ အမှုတွေပေါ်မှာ ပေါ်ပေါက် တဲ့ ပေါ်ပေါက်ချက်တွေ၊ စစ်ဆေးချက်တွေအရ ကြည့်မယ်ဆိုလို့ရှိရင် မြန်မာ နိုင်ငံအတွင်းမှာ မတရား အသင်းနဲ့ဆက်သွယ်မှု၊ နောက် ဗုံးပေါက်ကွဲမှုတွေနဲ့ ဆက်သွယ်မှု- စတဲ့ အမှုတွေမှာ လက်သည်တရားခံ အစစ်အမှန်ကို ရှာဖွေ မရတဲ့အခါမှာ နီးစပ်ရာလူကို ဆွဲပြီးတော့ နှိပ်စက်ညှင်းပမ်း အတင်းအကျပ် ထွက်ချက်တွေ ရယူပြီးတော့ တရားရုံးတွေမှာတင်၊ နှစ်ရှည်ထောင်ဒဏ် အပြစ်ပေး တာတွေက အစိုးရတရပ်အနေနဲ့ မလုပ်သင့်တော့ဘူး၊ ပြင်ဆင်ဖို့ လိုအပ်လာပြီဆိုတာကိုလည်း ကျနော်တို့ ဆက်လက် တင်ပြထားပါတယ်။”

နိုင်ငံရေးယုံကြည်ချက်ကြောင့် မတရားဖမ်းဆီးခံရပြီးတော့ ပြန်လွတ်ခဲ့ကြသူတွေရဲ့ဘဝ ပြန်လည် ထူထောင်ရေးနဲ့ ဖမ်းဆီးထောင်ချ ခံရစဉ်အတွင်းမှာ နှိပ်စက်ညှင်းပန်း ခံခဲ့ကြရသူတွေအတွက် သက်ဆိုင်ရာ အစိုးရအနေနဲ့ တာဝန်ယူပြီး လိုအပ်သလို ကူညီဆောင်ရွက်ပေးသင့်တဲ့ အကြောင်းလည်း AHRC က တိုက်တွန်းခဲ့ပါတယ်ရှင်။
XS
SM
MD
LG