သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတရဲ့လွတ်ငြိမ်းခွင့် နိုင်ကျဉ်း တချို့သာ လွတ်မြောက် AHRC ဝေဖန်


ကိုအောင်မင်းနိုင် (ဘယ်)၊ ကိုရန်နိုင်ထွန်း (ညာ)။
ကိုအောင်မင်းနိုင် (ဘယ်)၊ ကိုရန်နိုင်ထွန်း (ညာ)။
ပြီးခဲ့တဲ့ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ မြန်မာသမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းခွင့် အမိန့်မှာ လက်ကျန်နိုင်ငံရေးအကျဉ်းသား တော်တော်များများ ပြန်လွတ် လာပေမဲ့လို့ လယ်ယာမြေသိမ်းဆည်းခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဆန္ဒပြလှုပ်ရှားကြတဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ လယ်သမားတွေ အတော်များများ အကျုံးမဝင်ဘဲ အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေဆဲဖြစ်တယ်လို့ AHRC အာရှလူ့အခွင့်အရေးအဖွဲ့အစည်းက ပြောပါတယ်။

အခြားရာဇဝတ်မှုတွေနဲ့တွဲပြီး အကျဉ်းချခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား အချို့လည်း မလွတ်ဘဲ ကျန်နေသေးတယ်လို့ AHRC က မြန်မာရှေ့နေ ဦးမင်းလွင်ဦးကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းတဲ့အခါမှာ သူက အခုလို စဖြေခဲ့ပါတယ်။

ဖြေ။ ။ “ထိခိုက်တဲ့ အမှုတွေ တော်တော်များများကတော့ လွတ်လာတာကို ကျနော်တို့ တွေ့ရတယ်။ ကျန်တဲ့သူတွေက ဘယ်လိုလူတွေ ကျန်နေသလဲဆိုတော့ လယ်ယာမြေတွေနဲ့ ပတ်သက်ပြီးတော့ တောင်သူ လယ်သမားတွေရဲ့ အခွင့်အရေး တောင်းဆိုတဲ့သူတွေ တော်တော်များ များက နိုင်ငံရေးပုဒ်မ မဟုတ်တဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ အရေးယူခံထားရတဲ့အတွက် မလွှတ်ပေးသေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ကျန်ခဲ့တယ်ဆိုတာတွေကို ကျနော်တို့ တွေ့ရတယ်။”

မေး။ ။ အဲ့ဒါက လယ်သမားအရေး လှုပ်ရှားတဲ့သူတွေကို ပြောတာလား ခင်ဗျ။
ဖြေ။ ။ “ဟုတ်ပါတယ် လယ်သမားအရေး လှုပ်ရှားတဲ့သူတွေ၊ လယ်ယာမြေအရေးအတွက် လယ်သမားတွေကိုယ်တိုင် အခု လွတ်မြောက်လာခြင်း မရှိဘူးဆိုတာတွေကို ကျနော်တို့ သိရပါတယ်။”

မေး။ ။ သူတို့ကို ဘယ်လိုပုဒ်မမျိုးတွေနဲ့ စွဲချက်တင်ထားလို့ပါလဲခင်ဗျ။
ဖြေ။ ။ “ဟုတ်ကဲ့ပါ အကျိုးစီးပွား ဖျက်ဆီးမှုတို့ ဘာတို့ဆိုတာတွေက ရှိသေးတာကိုး။ အဲတော့ မိမိရဲ့လယ်ယာမြေထဲမှာ မိမိပိုင်တဲ့ လယ်ယာမြေထဲကို ကိုယ်က ဝင်ပြီးတော့ ထွန်တယ်။ အဲတော့ နဂိုပိုင်ရှင်တွေက စစ်တပ်က သိမ်းဆည်းထားတဲ့ သူတွေဖြစ်တဲ့အခါကျတော့ ပိုင်နက်ကျူးကျော်မှုတို့၊ အကျိုးစီးပွားဖျက်ဆီးမှုတို့ စတာတွေနဲ့ အရေးယူခံနေရတဲ့အတွက် အဲ့ဒီလူတွေက လွတ်မြောက်လာခြင်းမရှိဘူးဆိုတာကို ကျနော်တို့ တွေ့ရတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ ဦးသိန်းစိန်အစိုးရကို တောင်းဆိုချင်တာကတော့ လက်လုပ်လက်စား တောင်သူလယ်သမားတွေရဲ့ အရေးကို အဓိက ဦးစားပေးပြီးတော့ လွှတ်ပေးသင့်တယ်။”

မေး။ ။ ဒီလွှတ်ပေးဖို့ကိစ္စမှာ နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီမျိုးဆိုတာကလည်း သမ္မတက ဖွဲ့ပေးထားတဲ့ အဖွဲ့အစည်းရှိပါတယ်ခင်ဗျ။ အဲတော့ အဲ့ဒီအဖွဲ့အစည်းကိုတော့ ဒီလယ်သမားတွေက နိုင်ငံရေးပယောဂနဲ့ သူတို့ ဖမ်းခံထားရတယ်ဆိုတာမျိုး တင်ပြတာမျိုးရော ရှိပါသလား။
ဖြေ။ ။ “အင်း အဲ့ဒီဥစ္စာကျတော့ ကျနော်တို့ မြန်မာနိုင်ငံ တဝှမ်းလုံးမှာ ဖြစ်နေတဲ့အခါကျတော့ ဒီနိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီကလည်း အလှမ်းမမှီတာမျိုး ရှိနိုင်တယ်။ ဒီမြန်မာနိုင်ငံ အနှံ့အပြားမှာ တောတွေ ရွာတွေမှာ ဖြစ်နေတဲ့ကိစ္စတွေကို သူတို့အနေနဲ့ လက်လှမ်းမမှီတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အလှမ်းမှီသော်ငြားလည်းပဲ အစောကလို ဒီပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၄၇ အကျိုးစီးပွား ဖျက်ဆီးမှုတို့နဲ့ ငြိစွန်းနေတယ်ဆိုတဲ့ ဥစ္စာမှာ တောင်းဆိုတဲ့သူတွေ ကိုယ်တိုင်ကိုယ်ကလည်း ဘယ်လို လွတ်မြောက်အောင် တောင်းဆိုပေးရမယ်ဆိုတာကို ဥပဒေအရ အကြံပေးတဲ့သူမရှိလို့ ဒီလို ကျန်နေတယ်လို့ ကျနော်ကတော့ ထင်မြင် ယူဆပါတယ်။”

မေး။ ။ ဟုတ်ကဲ့ လယ်ယာမြေပုဒ်မတွေနဲ့ လယ်ယာမြေကိစ္စတွေနဲ့ပတ်သက်ပြီး ငြိစွန်းပြီးတော့ အခု ထောင်ထဲမှာရှိနေတာ ခန့်မှန်းချက်အရဆိုရင် ဘယ်လောက်လောက် ရှိမလဲ။
ဖြေ။ ။ “ကျနော်တို့ သိသလောက်ကတော့ဗျာ ပထမဦးဆုံး ၂၀၀ ကျော်ရှိတယ်။ ၁၃၀ လောက်လွတ်သွားပြီ။ ၇၀ ကျော်ကျန်သေးတယ်။ အဲတော့ အဲ့ဒီလူတွေ ဘယ်လောက်ရှိသလဲဆိုတာ ၇၀ အထိလည်းရှိနိုင်တယ်။ ၇၀ ရဲ့ အထက်အထိလည်း ရှိနိုင်တယ်။”

မေး။ ။ စစ်တပ်က သူတို့သိမ်းထားတဲ့ လယ်တွေကို ပြန်ပြီးတော့ ပေးပါ့မယ်ဆိုတဲ့ဟာမျိုး ပြောခဲ့တာရှိတော့ -
ဖြေ။ ။ “ဒီ ကျနော်တို့ တပ်ရင်းတပ်ဖွဲ့တွေကို တိုးချဲ့တဲ့အခါမှာ လိုအပ်တဲ့ မြေဧရိယာတွေ၊ ပိုယူတဲ့ကိစ္စရပ်တွေမှာတော့ သူတို့က ပြန်ပေးဖို့ ကတိပေးထားတာတွေ ရှိပါတယ်။ သို့သော်လည်းပဲ အဲ့ဒီ ပြန်ပေးဖို့လိုတဲ့ ကိစ္စရပ်တွေမှာ ပေးနိုင်တဲ့ မြေစာရင်းက အဓိကကျတယ်။ ဒါ သူက မြေတိုင်းရမယ်၊ မူလပိုင်ရှင် ဘယ်သူဖြစ်တယ်၊ ဘယ်သူ့ကို ပြန်ပေးရမယ်ဆိုတာကို သူက ဆောင်ရွက်ပေးရမှာ။ အဲ့ဒီလိုဆောင်ရွက်တဲ့ အခါမှာ အစောက ချစားလာဘ်စားမှုတွေ ရှိနေတဲ့အခါကျတော့ မူလပိုင်ရှင်ဖြစ်တဲ့ တောင်သူလယ်သမားက အခုချိန်ထိကို ပြန်မရသေးဘူးဆိုတာ ကျနော်တို့ သိနေရတယ်။ စစ်တပ်ကနေပြီးတော့ အထက်အာဏာပိုင်တွေကနေပြီးတော့ ပေးခိုင်း လိုက်တယ်။ ဥပမာ - ကာကွယ်ဦးစီးချုပ်ကနေပြီးတော့ ကဲ ဒီလယ်ယာမြေတွေကို မင်းတို့ပိုနေတဲ့ ဘယ်နှစ်ဧကကိုတော့ မင်းတို့ ပြန်ပေးလိုက်ပါဆို ပြီးတော့ ပြန်ပေးခိုင်းလိုက်တယ်။ အဲ့ဒီလိုပေးခိုင်းလိုက်တဲ့အခါမှာ တပ်ရင်းမှူးတို့ အခြေချ တာဝန်ရှိတဲ့သူတွေကနေပြီးတော့ သီးစားချထားဖို့ကိစ္စရပ်တွေ စီမံဆောင်ရွက်တာတွေရှိတယ်။ နောက်ပြီးတော့တခါ တပ်မတော်ရိက္ခာအတွက် သူတို့ကို လုပ်ခိုင်းတဲ့ကိစ္စတွေ ရှိနေတယ်ဆိုတာကို ကျနော်တို့ တွေ့ရတယ်။ ဒါကြောင့်လည်း တောင်သူလယ်သမားတွေ မိမိလယ်ယာမြေကို မိမိထွန်ယက်နိုင်ဖို့ ပြန်ပေးပါဆိုပြီး တောင်းတဲ့အခါမှာ အစောကလိုမျိုးပေ့ါနော် အဖမ်းခံရတဲ့အဆင့်ထိ ရောက်နေတယ်။ အခု ပြန်မလွတ်သေးတဲ့ တောင်သူ လယ်သမား တော်တော်များများဟာ အဲ့ဒီလိုမျိုး ကိစ္စရပ်တွေမှာ ပါဝင်ပတ်သက်နေသူတွေ ဖြစ်တယ်။”
XS
SM
MD
LG