သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဖြိုးဖြိုးအောင် လွတ်မြောက်ရေးလှုပ်ရှားမှု AI စတင်


မဖြိုးဖြိုးအောင်
မဖြိုးဖြိုးအောင်

မြန်မာနိုင်ငံမှာ ပညာရေးလွတ်လပ်ခွင့် ဦးဆောင်လှုပ်ရှားနေသူ ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်လွတ်မြောက်ရေး နိုင်ငံတကာ လှုပ်ရှားမှုကြီးကို AI ခေါ် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက စတင်လိုက်ပါတယ်။ ဒါဟာ နိုဝင်ဘာလ (၈) ရက်နေ့ ရွေးကောက်ပွဲ မတိုင်ခင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေသူအားလုံး လွတ်မြောက်ရေး အောက်တိုဘာလ (၈) ရက်နေ့ကစတင်ခဲ့တဲ့ AI အဖွဲ့ကြီးရဲ့ Campaign လှုပ်ရှားမှု တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံတင်ပြပေးထားပါတယ်။

သာယာဝတီအကျဉ်းထောင်မှာ (၇)လ နီးပါး ထိန်းသိမ်းခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ခေါင်းဆောင် တဦးဖြစ်သူ မဖြိုးဖြိုးအောင်ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ မြန်မာအစိုးရကို တောင်းဆိုတဲ့အနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကနေ ပါဝင်လက်မှတ်ရေးထိုးကြဖို့ AI အဖွဲ့ကြီးရဲ့ အင်တာနက်စာမျက်နှာမှာ စတင်လှုံ့ဆော်ထားပါတယ်။ ကျောင်းသားခေါင်းဆောင် ဖြိုးဖြိုး အောင်ကိုဖမ်းဆီးတာဟာ နိုင်ငံတကာဥပဒေကိုချိုးဖောက်တာဖြစ်တယ်လို့လည်းအာရှပစိဖိတ်ရေးရာတာဝန်ခံ Olof Blomqvist က ဗွီအိုအေကို အခုလိုပြောပါတယ်။

“အခုလို မတရားဖမ်းဆီးထောင်ချခံထားရသူတွေထဲမှာ ဖြိုးဖြိုးအောင်ရဲ့အမှုဟာ အဓိကထင်ရှားတဲ့အမှုတခုဖြစ်နေပါတယ်။ သူဟာ အခြား တက်ကြွလှုပ်ရှားတဲ့ ကျောင်းသားကျောင်းသူပေါင်းအယောက် ၁၀၀ နီးပါးနဲ့အတူ ဒီနှစ်အစောပိုင်းက ဖမ်းဆီးခံခဲ့ရပြီး တဖက်သတ် စွဲချက်တင် ခံထားရတာပါ။ လက်ရှိလောလောဆယ်မှာ ထိမ်းသိန်းခံနေရဆဲဖြစ်ပြီး ထောင်ဒဏ် (၉) နှစ်ထိ ရင်ဆိုင်ရဖို့ရှိနေပါတယ်။ သူ့ကိုဖမ်းဆီးတာဟာ တရားမဝင်ဖမ်းဆီးခြင်းဖြစ်သလို မြန်မာအစိုးရကလိုက်နာပ့ါမယ်ဆိုတဲ့ နိုင်ငံတကာဥပဒေကိုလည်း ချိုးဖောက်နေတယ်လို့ AI အဖွဲ့ကြီးက မြင်ပါတယ်။ ဒါကြောင့်သူ့ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးစေချင်ပါတယ်။”

ဒါ့အပြင် မဖြိုးဖြိုးအောင်အပါအဝင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေသူ (၁၀၀) နီးပါးကို အားလုံး အမြန်ဆုံးလွှတ်ပေးရေး မြန်မာအစိုးရကို ဖိအားပေးတောင်းဆိုတဲ့လှုပ်ရှားမှုမှာ တကမ္ဘာလုံးမှာရှိနေတဲ့ AI အဖွဲ့ဝင် သန်းနဲ့ချီ ပါဝင်လာရေး စည်းရုံးကြိုးစားသွားမှာ ဖြစ်တယ်လို့ Olof Blomqvist ကပြောပါတယ်။

AI အဖွဲ့ရဲ့လှုပ်ရှားမှုမှာ ထိန်းသိမ်းခံထားရတဲ့ ပုဂ္ဂိုလ်တစ်ဦးချင်းစီအလိုက် ကမ္ဘာသိအောင်ထုတ်ဖေါ်တောင်းဆိုသွားမှာဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

“ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသူ တစ်ဦးချင်းစီလွတ်မြောက်ရေး အလေးထားလှုပ်ရှားမှုဟာ AI အဖွဲ့ကြီးရဲ့ အဓိကလုပ်ငန်းစဉ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အဖြစ်အပျက်တွေကိုပြန်ကြည့်မယ်ဆိုရင်လည်း ဒီလှုပ်ရှားမှုရဲ့ထိရောက်မှုတွေကို မကြာခဏ တွေ့ခဲ့ရပါတယ်။ ၂၀၁၄ ခုနှစ်က ရခိုင်ပြည်နယ်မှာ အသိုင်းအဝိုင်းနှစ်ခုကြား ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ ရိုဟင်ဂျာမူဆလင်တစ်ဦးဖြစ်သူ ဒေါက်တာ ထွန်းအောင် ဖမ်းဆီးခံရတုန်းက သူ့လွတ်မြောက်ရေးအတွက် AI အဖွဲ့ကြီးက ကြိုးပမ်းလှုပ်ရှားခဲ့ပြီးနောက် ဒီနှစ်အစောပိုင်းမှာ သူဟာ အကျဉ်းထောင်ကနေလွတ်မြောက်လာခဲ့ပါတယ်။”

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ငြိမ်းချမ်းစွာဆန္ဒပြချီတက် တောင်းဆိုလှုပ်ရှားခဲ့ကြတဲ့ ကျောင်းသူကျောင်းသားတွေကို လွန်ခဲ့တဲ့ မတ်လက လက်ပံတန်းမြို့မှာ အစိုးရအာဏာပိုင်တွေက အကြမ်းဖက်နှိမ်နင်းဖမ်းဆီးခဲ့တာပါ။ လက်ရှိသာယာဝတီထောင်နဲ့အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားကျောင်းသူပေါင်း ၆၀ ကျော်ရှိနေပါတယ်။

အခုလို မြန်မာနိုင်ငံမှာ မတရားဖမ်းဆီးခံထားရသူတွေကို ရွေးကောက်ပွဲမကျင်းပခင် လွှတ်ပေးဖို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုနေကြချိန်မှာပဲ မအူပင်နည်းပညာတက္ကသိုလ်ကျောင်းသူ မစန္ဒီချောကို အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေချိုးဖောက်မှု စွပ်စွဲချက်နဲ့ မနေ့က မအူပင်မြို့ရဲအာဏာပိုင်တွေကဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

စစ်ယူနီဖောင်းဝတ်စုံကို စစ်စိမ်းရောင်ကနေ အစိမ်းနုရောင်အဖြစ် ပြောင်းလဲလိုက်တာကို အင်တာနက်ပေါ်မှာ ဝေဖန်ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး အဖွဲ့အစည်းတစ်ခုခု (သို့) ပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက်အောင် ဂုဏ်သိက္ခာကျဆင်းအောင် သတင်းအချက်အလက်ကို အီလက်ထရောနစ် နည်းပညာနဲ့ ပြုလုပ်ဖြန့်ချီခဲ့တယ်ဆိုပြီး မစန္ဒီချောကို ပုဒ်မ ၃၄ (ဃ) အီလက်ထရောနစ်ဆက်သွယ်ရေး ဥပဒေပုဒ်မနဲ့ အာဏာပိုင်တွေဘက်က စွဲချက်တင်ထားပါတယ်။

XS
SM
MD
LG