သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေးအရေး အရင်းခံအကြောင်းရှာဖို့ AI တိုက်တွန်း


မြန်မာရေတပ်က ကယ်တင်ထားတဲ့ လှေစီးပြေး (၇၀၀) ကျော်ကို စတင်တွေ့ရှိစဉ်။
မြန်မာရေတပ်က ကယ်တင်ထားတဲ့ လှေစီးပြေး (၇၀၀) ကျော်ကို စတင်တွေ့ရှိစဉ်။

လှေစီးပြေးဒုက္ခသည်တွေအရေးနဲ့ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ရော ဒေသတွင်းနိုင်ငံတွေနဲ့ပါ ပိုပြီး ပူးပေါင်း လုပ်ကိုင်ဖို့လိုတယ်လို့ လူ့အခွင့်အရေးအဖွဲ့ကြီး AI ကပြောလိုက်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေအတွင်း လှေစီးပြေး ဒုက္ခသည်တွေ အရေးနဲ့ပတ်သက်လို့ အာဆီယံနိုင်ငံတွေဘက်က လုံလောက်တဲ့ပြင်ဆင်မှုတွေ အခုချိန်ထိ မလုပ်သေးတဲ့အတွက် လာမယ့် အောက်တိုဘာလ ပွင့်လင်း ရာသီရောက်ရင် လှေစီးပြေးတွေ ပိုများလာလိမ့်မယ်လို့လည်း ဆိုပါတယ်။ အိန္ဒိယသမုဒ္ဒရာအတွင်း ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံ ဘက် ကနေ ရွှေ့ပြောင်းထွက်လာတဲ့လူတွေနဲ့ ပတ်သက်လို့ နိုင်ငံပေါင်း (၁၇) နိုင်ငံပါတဲ့ အစည်းအဝေးတရပ်ကို မေလ (၂၉) ရက်နေ့က ဘန်ကောက်မြို့မှာ ကျင်းပပြီးတလအကြာမှာ ခုလိုပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။ အကြောင်းစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ နန်းလောင်ဝ်ကတင်ပြထားပါတယ်။

Andaman ပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်ဘက်က လူထောင်ပေါင်း များစွာဟာ နှိပ်စက်ညှင်းပမ်းမှုနဲ့ ဆင်းရဲမွဲတေမှုတွေကြောင့် အသက်အန္တရာယ် များလှတဲ့ ပင်လယ်ခရီးကိုဖြတ်ပြီး ပိုကောင်းတဲ့ဘဝတခုရဖို့မျှော်လင့်ချက်နဲ့ လူအတော်များများဟာ အသက်ကိုစွန့်ပြီး နေရပ်ရင်းကိုစွန့်ပြီး နှစ်စဉ် ထွက်ခွာနေကြပါတယ်။ နိုင်ငံတကာရဲ့အဆို မြန်မာအစိုးရရဲ့ နှိပ်စက်ညှင်းပမ်းမှုကနေ ထွက်ပြေးကြတယ်လို့ဆိုတဲ့ လှေစီးပြေးတွေအရေးမှာ မြန်မာအစိုးရရဲ့ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး AI အဖွဲ့က အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသရေးရာစည်းရုံးလှုပ်ရှားမှု ဒါရိုက်တာ Joseph Benedict က အခုလိုပြောပါတယ်။

“ဒီအကြပ်အတည်းနဲ့ပတ်သက်လို့ မြန်မာအစိုးရက အစည်းအဝေးကိုတက်ရောက်ခဲ့တဲ့အပြင် ပါဝင်ဆွေးနွေးမှုတွေလည်း လုပ်ခဲ့ပါတယ်။ ဒေသတခုလုံး ရင်ဆိုင်နေရတဲ့ ဒီအရေးနဲ့ပတ်သက်လို့ ဆက်ပြီး ချိတ်ဆက်လုပ်ဆောင်ဖို့လိုတယ်လို့ထင်ပါတယ်။ မြန်မာနိုင်ငံကနေ လူပေါင်းထောင်ချီ လှေတွေနဲ့ ထွက် လာနေကြတာကိုတော့ ငြင်းလို့မရပါဘူး၊ အထူးသဖြင့်ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ ကိုရော အခြားဒေသတွေမှာပါနှိပ်စက်ညှင်းပန်းခံနေရတဲ့လူတွေ အရေးဖြေရှင်းဖို့ သိပ်ကိုလိုဒ အပ်နေပါတယ်။ ဒါကြောင့် ဒေသတွင်းနိုင်ငံတွေထဲ ခိုးဝင်နေကြတဲ့လူတွေရဲ့ အရေးနဲ့ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။”

ထိုင်းအစိုးရရဲ့လူကုန်ကူးမှုအပေါ် ပြင်းထန်တဲ့နှိမ်နှင်းမှုကြောင့်ကမ်းကပ်ဖို့ခက်ခဲလွန်းတဲ့အတွက် လူကုန်ကူးသူတွေဟာ ထောင်နဲ့ချီတဲ့လှေစီးပြေးတွေကို စွန့်ခွါသွားကြတာကြောင့် သူတို့တွေဟာ ပင်လယ်ထဲမှာမျောနေကြပြီး အစာရေစာ ပြတ်လပ်တာနဲ့ကြုံခဲ့ရတဲ့အပြင် လူသေဆုံးမှုတွေလည်း အများအပြား ရှိခဲ့တာပါ။

နိုင်ငံတကာကအာရုံစိုက်လာကြတဲ့ ဒီဒုက္ခသည်များအရေးနဲ့ပတ်သက်လို့ အိန္ဒိယသမုဒ္ဒရာတွင်း ပုံမှန်မဟုတ်သောနည်းနဲ့ ရွှေ့ပြောင်းနေထိုင်ကြသူများ ဆိုင်ရာ အထူးအစည်းအဝေးကို ဘန်ကောက်မြို့မှာ မေလ (၂၉) ရက်နေ့က ကျင်းပခဲ့ပါတယ်။

“ကပ္ပလီပင်လယ ်နဲ့ဘင်္ဂဘားပင်လယ်အော်တွင်းက လှေစီးပြေးအရေးနဲ့ပတ်သက်လို့ဆွေးနွေးပွဲကို နိုင်ငံပေါင်း (၁၇) နိုင်ငံတက်ရောက်ခဲ့တဲ့ ဘန်ကောက် အစည်းအဝေးပြီးသွားတာ တလရှိပေမယ့်လည်း အရှေ့တောင်အာရှဒေသတွင်း ပင်လယ်ထဲ မျောနေတဲ့လှေစီးပြေးတွေအရေး ကိုင်တွယ် ဖြေရှင်းဖို့ လုံလောက်တဲ့ လုပ်ဆောင်မှုတွေလုပ်လာတာ မတွေ့ရသေးဘူးလို့ AI ဘက်ကယုံကြည်ပါတယ်။ အင်ဒိုနီးရှားနဲ့ မလေးရှားဘက်က လှေစီးပြေး (၇) ထောင်ကို တနှစ်ယာယီလက်ခံထားဖို့ သဘောတူပေမယ့် ဒီထက် လုပ်ဆောင်ပေးဖို့လိုပါတယ်။ ပင်လယ်ထဲ လှေတွေထပ်တွေ့လာရင် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေ ပိုပြီး ပူးပေါင်းလုပ်ကိုင်ဖို့လိုပါတယ်။ မြန်မာအစိုးရဘက်က ရိုဟင်ဂျာလူနည်းစုတွေကို စနစ်တကျ ခွဲခြားဆက်ဆံနေတာတွေကို ရပ်ဆိုင်းဖို့လည်းလိုပါတယ်။ ဒါမှသာအောက်တိုဘာလအတွင်း ပွင့်လင်းရာသီရောက်ရင် လှေစီးပြေးကြမယ့်အရေးကိုကာကွယ်နိုင်ပြီး လူ့အသက်ဆုံးရှုံးမှုတွေလည်း ရှိမှာမဟုတ်တော့ပါဘူး။”

မေလတုန်းက ထိုင်းနိုင်ငံအနီးပင်လယ်ထဲ မျောနေကြတဲ့ ဒုက္ခသည်ပေါင်း ၈,ဝဝဝ လောက်ဟာ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်က ဖြစ်ဖို့များတယ်လို့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာအဖွဲ့ IOM က ခန့်မှန်းပါတယ်။ လှေစီးပြေးတွေအရေး နိုင်ငံတကာအနေနဲ့ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်နိုင်မလဲဆိုတဲ့မေးခွန်းနဲ့ပတ်သက်လို့ AI အဖွဲ့က Benedict က ခုလိုပြောပါတယ်။

“လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆယ်စုနှစ်နဲ့ချီကြာအောင်ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ ဒီအကြပ်အတည်းက ရေရှည်ဖြစ်နေတာပါ။ နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့ မြန်မာအစိုးရနဲ့ပူးပေါင်း လုပ်ကိုင်ပြီး အချိန်အခါသင့်တိုင်း မြန်မာ့လူ့အခွင့်အရေးအခြေအနေကိုထောက်ပြဖို့လိုပါတယ်။ အထူးသဖြင့် ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးကိုသတိပြုမိစေဖို့နဲ့ ဒါမှသာ သူတို့တွေငြိမ်းချမ်းစွာနေထိုင်ပြီး လူမှုရေးစီးပွါးရေးအခွင့်အရေးတွေကို ကာကွယ်မှုတွေ ရလာမှာပါ။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဒါတွေကို မြန်မာနိုင်ငံအတွင်း လက်ရှိလုပ်ကိုင်နေတဲ့ ကုလသမဂ္ဂကတဆင့် လုပ်ကိုင်နိုင်သလို အာဆီယံနိုင်ငံတွေကတဆင့်လည်း လုပ်ကိုင်နိုင်ပါတယ်။”

အာဆီယံနိုင်ငံတွေ၊ သြစတြေးလျနဲ့ ဘင်္ဂဘားဒေ့ရှ်နိုင်ငံအစိုးရတွေကို ဒုက္ခသည်တွေနဲ့ပတ်သက်တဲ့ဒီအကြပ်အတည်းကိုဖြေရှင်းဖို့ အရေးပေါ်ပြင်ဆင်မှုတွေ လုပ်ဖို့ AI အဖွဲ့က တိုက်တွန်းထားပါတယ်။ ဒီလိုလုပ်ဆောင်တဲ့နေရာမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ တိုးမြှင့်လုပ်ဆောင်ဖို့၊ ဒုက္ခသည်တွေရဲ့ လူ့အခွင့်အရေးကို ကာကွယ်ဖို့၊ လေးစားလိုက်နာဖို့အပြင် ခုလိုလူတွေလှေစီးပြေးနေကြတဲ့အကြောင်းရင်းတွေကို ရှာဖွေဖို့လည်း တိုက်တွန်းထားပါတယ်။ အဓိကအချက်အနေနဲ့ မြန်မာအစိုးရအနေနဲ့ သူတို့အခေါ် ရိုဟင်ဂျာလူနည်းစုတွေကို စနစ်တကျ ခွဲခြားဆက်ဆံနေတာကို ရပ်ဆိုင်းဖို့ AI အဖွဲ့က မြန်မာအစိုးရကို တောင်းဆိုထားတာပါ။ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ APHR ကလည်းလူကုန်ကူးမှုတိုက်ဖျက်ရေး၊ ခိုလှုံခွင့်တောင်သူများကို ကာကွယ်ရေး၊ ဒုက္ခသည်များဆိုင်ရာအကြပ်အတည်းရဲ့ အကြောင်းရင်းနဲ့ မြန်မာပြည်က ရိုဟင်ဂျာများအပေါ်ညှင်းပမ်းနှိပ်စက်မှုအကြောင်း ဆွေးနွေးဖို့ မနက်ဖြန် ကွာလာလာမ်ပူမြို့မှာ တွေ့ဆုံဆွေးနွေးကြမယ်လို့ APHR က ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်ရှင်။

XS
SM
MD
LG