သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AIDS ရောဂါအပေါ် အမြင်မှန်ဖို့ ဒေါ်စုတိုက်တွန်း


ဇူလိုင်လ ၂၅ ရက်နေ့က AIDS ရောဂါတိုက်ဖျက်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာညီလာခံတွင် မိန့်ခွန်းပြောကြားနေ သည့် ဒေါ်အောင်ဆန်းစုကြည်။ ဇူလိုင် ၂၅၊ ၂၀၁၂
ဇူလိုင်လ ၂၅ ရက်နေ့က AIDS ရောဂါတိုက်ဖျက်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာညီလာခံတွင် မိန့်ခွန်းပြောကြားနေ သည့် ဒေါ်အောင်ဆန်းစုကြည်။ ဇူလိုင် ၂၅၊ ၂၀၁၂
AIDS ရောဂါကို ပြဿနာတရပ်လိုမျိုး လူ့အသိုင်းအဝိုင်းတခုလုံးက မှန်မှန်ကန်ကန် တုန့်ပြန် ကိုင်တွယ်သွားဖို့လိုမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သတိပေး တိုက်တွန်းသွားပါ တယ်။ နိုင်ငံတကာ AIDS ညီလာခံမှာ သတင်းသွားယူခဲ့တဲ့ ကိုသားညွန့်ဦးက ဖဲကြိုးနီ ဆုပေးပွဲ အကြောင်း သတင်းပေးပို့ထားပါတယ်။
နှစ်နှစ်တခါ ကျင်းပတဲ့ နိုင်ငံတကာ AIDS ညီလာခံမှာ ပေးအပ်တဲ့ ဖဲကြိုးနီဆုဟာ လူထုအကြား AIDS ရောဂါ ကာကွယ်ရေးနဲ့ အသိပညာပေးရေး ဆောင်ရွက်နေကြတဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေကို ဂုဏ်ပြုအပ်နှင်းတဲ့ဆုဖြစ်ပါတယ်။ မြန်မာနိုင်ငံက ဆုရရှိတဲ့ The Help Myanmar အဖွဲ့ဟာ MSM လို့ခေါ်တဲ့ လိင်တူချင်းဆက်ဆံသူတွေအကြား AIDS ရောဂါ ကူးစက် မှု ကာကွယ်ရေးနဲ့ ပညာပေးရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ မန္တလေးအခြေစိုက် လူမှုအဖွဲ့အစည်း တခုဖြစ်ပါတယ်။
အခု ၂၀၁၂ နိုင်ငံတကာ AIDS ညီလာခံရဲ့ ဖဲကြိုးနီဆုပေးပွဲ ကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဗွီဒီယိုမိန့်ခွန်းပေးပို့ပါတယ်။ လူမှုအသိုင်းအဝိုင်းတွေ အားကောင်းလာမှ ဒီမိုကရေစီနဲ့ ဒီမိုကရေစီကိုအခြေခံတဲ့ လူမှုအဆောက်အအုံတွေ အားကောင်းလာမှာဖြစ်တယ်လို့ဆိုပြီး လူမှုအသိုင်းအဝိုင်းတွေရဲ့ အရေးပါမှုကို ထောက်ပြပါ တယ်။ AIDS ရောဂါလို ပြဿနာကို လူမှုအသိုင်းအဝိုင်းကနေ မှန်မှန်ကန် တုန့်ပြန်နိုင်ဖို့ လိုမယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။
“မြန်မာနိုင်ငံမှာရှိတဲ့ ရွာအဆင့်ဖြစ်ပါစေ၊ မြို့နယ်အဆင့်ဖြစ်ပါစေ၊ ကျယ်ပြန်တဲ့အဆင့်ဖြစ်ပါစေ ကျမတို့ လူမှုအသိုင်းအဝိုင်းရဲ့တုန့်ပြန်မှုဟာ ဘယ်လောက်အရေးကြီးသလည်း၊ အရေးပါ သလည်းဆိုတာ သတိပြုမိလာကြဖို့ လိုအပ်ပါတယ်။ ဒါကြီးဟာ ပြဿနာတရပ်ဖြစ်တယ်ဆိုတာ လူမှုအသိုင်းအဝိုင်းအတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့်သိရှိလာဖို့လိုပါတယ်။ ဒီပြဿနာ ရေရှည်ဖြစ် မသွားအောင် ဖြေရှင်းကိုင်တွယ်ကြရမယ်ဆိုတာ သတိပြုမိဖို့လိုပါတယ်။”
လူမှုအသိုင်းအဝိုင်းလို့ ဆိုတဲ့နေရာမှာ လူမှုအဖွဲ့အစည်း အုပ်စုတွေကိုတင် ဆိုလိုတာမဟုတ်ပဲ အဲဒီ လူ့အဖွဲ့အစည်းထဲမှာရှိတဲ့ နောက်ခံအမျိုးမျိုးနဲ့ လူသားအားလုံး ပါဝင်စုရုံးလာမှုကို ဆိုလို တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မြန်မာနိုင်ငံထဲမှာတော့ AIDS ရောဂါ နဲ့ပတ်သက်လို့ လူထုရဲ့ တကယ်တမ်းသိနားလည်မှု လိုနေသေးတယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။
“အခြေခံအားဖြင့် ကျမတို့လူထုအနေနဲ့ HIV ရောဂါပိုးဆိုတာဘာလဲ တကယ်တမ်း သိနား လည်ဖို့လိုပါတယ်။ ဒါဟာ ကျမတို့အတွက် ကြောက်စရာကောင်းတဲ့အရာ မဟုတ်ဘူးဆိုတာ သိဖို့လိုပါတယ်။ HIV ရောဂါပိုး ကူးစက်ခံရသူတွေကို ခွဲခြားဆက်ဆံမှုမျိုး မရှိသင့်ဘူးဆိုတာ နားလည်ဖို့လိုပါတယ်။ ဒီလူတွေဟာ ကျမတို့ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ဆိုး မဟုတ်ဘူး ဆိုတာ သိဖို့လိုပါတယ်။”
အခု ၂၀၁၂ ဖဲကြိုးနီဆုရှင်တွေထဲက The Help Myanmar အဖွဲ့ဟာ လိင်ကတဆင့် ကူးစက်တဲ့ HIV ရောဂါပိုးကူးစက်မှု ကာကွယ်ရေးလုပ်ငန်းတွေအတွက် အဓိက ဆုရရှိတာဖြစ်ပါတယ်။ ဒီဆုကိုတော့ The Help Myanmar အဖွဲ့ကိုယ်စား အဖွဲ့ထူထောင်သူ သက်မွန်ဖြိုး ခေါ် မဖြိုးနဲ့ ကိုအောင်မျိုးတို့က လက်ခံယူခဲ့တာပါ။ ဒီဆုရတာကြောင့် သူတို့လုပ်နေတဲ့ လုပ်ငန်းတွေအပေါ် အားတတ်မှု ရစေတယ်လို့ မဖြိုးက ပြောပါတယ်။
မဖြိုး။ ။ ကျမတို့ လုပ်မယ့် အလုပ်တွေကို ဒီလို အသိအမှတ်ပြုခံရတဲ့ အတွက်ကိုလည်း ဆက်လုပ်ဖို့ အတွက်ကိုလည်း ဘယ်လိုလည်း ဆိုတော့ အားရှိတယ်။ ဆက်လုပ်ဖို့ အတွက်ကိုလည်း ကျမတို့က သန္နိဋ္ဌာန် ခိုင်ခိုင်မာမာနဲ့ လုပ်နိုင်ဖို့ အတွက်ကို ကမ္ဘာ့ အသိုင်းအဝိုင်းက ဒီလို အသိအမှတ်ပြုပေးတဲ့ အတွက်ကြောင့်မို့လို့ အရမ်းကို ကျေနပ်အားရမိတယ်။
သားညွန့်ဦး။ ။ မဖြိုးက အခု ဖဲကြိုးနီ ဆုကို ရတယ်။ ဒီဆုက အခု မဖြိုးတို့ လုပ်နေတဲ့ အလုပ်အတွက် ဘယ်လောက်အထိ အရေးကြီးလည်းဗျ။
မဖြိုး။ ။ အရေးကြီးတာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီ ဖဲကြိုးနီ ဆိုတဲ့ သင်္ကေတကိုက ဒီ HIV/AIDS ကို ကျမတို့ Response ပေးနေတဲ့ သင်္ကေတ တခုကိုး။ ဆိုတော့ ကျမတို့ ဒီဆု ရခြင်းသည် ကျမတို့ရဲ့ လုပ်ငန်းကိုင်ငန်းတွေသည် ရာနှုန်းပြည့် အရည်အချင်းပြည့်ဝစွာနဲ့ လုပ်နေနိုင်တယ်ဆိုတာကို တံဆိပ်ကပ်လိုက်တာပဲ။
သားညွန့်ဦး။ ။ အခု လုပ်နေတဲ့ အလုပ်တွေမှာ Challenge ပေါ့နော် မြန်မာနိုင်ငံလို အနေအထားမှာ ဘယ်လို စိန်ခေါ်ချက်တွေ ရှိနေသေးတယ်လို့ ယူဆပါသလဲ။
မဖြိုး။ ။ သိပ်ခက်ခဲ ဆိုးရွားတဲ့ အခက်အခဲတော့ မတွေ့ရပါဘူး။ သို့ပေမယ့်လည်း ကိုယ်လုပ်နေတဲ့ အလုပ်ပေါ်မှာ ဘယ်လို ပြောမလဲ ကျီးလန့်စာစား လုပ်ခဲ့ရတဲ့ အပိုင်း ကာလလေးတွေ ရှိခဲ့ဖူးတယ်။ အဲဒါကတော့ အရင်အစိုးရ လက်ထက်ကပါ။ ဒီနောက် အစိုးရ လက်ထက်မှာတော့ သမ္မတ ဦးသိန်းစိန် တက်လာပြီး နောက်ပိုင်းမှာတော့ ဒီ အောက်ခြေက အသံတွေကို နားထောင်မယ်ပေါ့နော်။ နောက် အခု Face Two ပေါ့။ သူ့ရဲ့ ပြောင်းလဲမှု အရမ်းကောင်းပါတယ်။ ဒါပေမယ့် ကျမ ဖြစ်စေချင်တာက အောက်ခြေအဆင့် ကျမတို့နဲ့ ထိတွေ့ ဆက်ဆံနေရတဲ့ အာဏာပိုင် အဆင့်ပေါ့။ နောက်ပြီးတော့ ဒီဘက် Public Health ဘက်ကရောပေါ့ ဒီထက်ပိုပြီး ပူးပေါင်း ပါဝင်လာရင် ပိုကောင်းမယ်လို့ ကျမထင်မိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီ MSN ပေါ့နော် စောစောက ပြောတဲ့ လိင်တူဆက်ဆံ လိင်တူချစ်သူတွေပေါ့။ ကျမတို့ရဲ့ Target Population တွေပေါ့။ အဲဒီအထဲ လုပ်ရတာ သူတို့က Discrimination ကို သူတို့က သူများ ဒီ HIV ပိုးရှိသူတွေထက် ပိုပြီး ခံစားရတယ်။ Discrimination Social Traumatizing လို့ ခေါ်တဲ့ ခွဲခြားဆက်ဆံမှုတွေကို။ အဲတော့ မြန်မာ့ အသိုင်းအဝိုင်းမှာ တော့ အဲလိုကြီးတော့ ထင်ထင်ရှားရှားကြီးတော့ သတ်ပစ်လိုက်တာတို့ ဖြတ်ပစ်လိုက် တာတို့ အဲဒါမျိုးတော့ မတွေ့ရပေမယ်လို့ သူက သိုသိုသိပ်သိပ်နဲ့တော့ အရမ်းကို ခွဲခြားခံရတဲ့ အနေအထားမျိုးတွေ ရှိတယ်။ စောစောက အကို့မေးခွန်း ပြန်ကောက်ရ မယ် ဆိုလို့ရှိရင် အခက်အခဲအနေနဲ့ကို ဒီ ပြည်သူလူထုကို ကျမတို့က Awareness ပေးရဦးမယ်။ လူတိုင်းသည် တန်းတူ တန်ဖိုးရှိတယ်။ တန်းတူ အခွင့်အရေးရှိတယ် ဆိုတာတွေကို ကျမတို့က ပြည်သူလူထုကို ပိုပြီးတော့တော့ Educate လုပ်ဖို့လိုတယ်။
အခု ၂၀၁၂ ဖဲကြိုနီဆုတွေကို တော့ the Help Myanmar အပါအဝင် နိုင်ငံတကာက အဖွဲ့ပေါင်း ၁၀ ဖွဲ့ရရှိခဲ့ပါတယ်။ ဒီဆုကို UNAIDS ကုလသမဂ္ဂ အေစ့်တိုက်ဖျက်ရေး အေဂျင်စီက အခြားအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ရွေးခြယ် ချီးမြှင့်သွားတာဖြစ်ပါတယ်။
XS
SM
MD
LG