သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AIDS တိုက်ဖျက်ရေး မျှော်လင့်ချက်နဲ့အတူ အကဲစမ်းမှုတွေရှိ


AIDS ညီလာခံက slide show ပြကွက်တခု။ (ဂျူလိုင်လ ၂၅ ရက်၊ ၂၀၁၂။)
AIDS ညီလာခံက slide show ပြကွက်တခု။ (ဂျူလိုင်လ ၂၅ ရက်၊ ၂၀၁၂။)
ဝါရှင်တန်ဒီစီမှာ ကျင်းပနေတဲ့ ၂၀၁၂ နိုင်ငံတကာ အေ့စ်ညီလာခံအတွင်း ဆွေးနွေးချက်တွေ မှာ အေစ့်တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ မျှော်လင့်ချက်သစ်တွေ တွေ့ရသလို တချိန်တည်းမှာ စိုးရိမ်မှုသစ်တွေလည်း ပေါ်ထွက်ခဲ့ပါတယ်။ အေ့စ်ညီလာခံမှာ သတင်းယူနေကြတဲ့ ဗွီအိုအေ သတင်းထောက်တွေရဲ့ သတင်းရေးသားချက်တွေကို ကိုသားညွန့်ဦးက စုစည်းပြီး တင်ဆက်ပေးထားပါတယ်။

HIV/ AIDS တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ အခက်အခဲတွေ ကြုံနေရပေမယ့် ပြီးခဲ့တဲ့ ဆယ်စုနှစ် အတွင်းမှာ အံမခန်းလောက်စရာ တိုးတက်မှုတွေလည်း ရခဲ့တယ်လို့ မနေ့က ညီလာခံ ဆွေးနွေးပွဲ တခုမှာ တက်ရောက်မိန့်ခွန်းပြောတဲ့ သမ္မတဟောင်း ကတော် လော်ရာဘွတ်ရ်ှက ပြောသွားပါတယ်။

“သန်းနဲ့ချီတဲ့ HIV ရောဂါပိုးခံစားနေကြသူတွေဟာ သေမယ့်ရက်ကို ငြိမ်ငြိမ်လေး စောင့်ဆိုင်းနေတာ ထက် သူတို့ရဲ့ လူ့အဖွဲ့အစည်း လူ့အသိုင်းအဝိုင်းထဲ ပါဝင် ဆောင်ရွက်နေကြပါတယ်။”

အခုလို အေစ့်ရောဂါ တိုက်ဖျက်ရေးမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာလည်း အရေးပါနေတယ် လို့ မစ္စက်၊ လော်ရာဘွတ်ရ်ှက ပြောသွားခဲ့ပါတယ်။

“ကမ္ဘာ့နေရာအန့ှံကို ကြည့်လိုက်မယ်ဆိုရင် လူမှုဘဝတွေကို ပြောင်းလဲတိုးတက်စေတဲ့ လှုပ်ရှားမှုတွေ မှာ အမျိုးသမီးတွေဟာ ရှေ့တန်းကကို ရှိနေတာပါ။ တာလီဘန်လက်အောက် အာဖဂနစ္စတန်နိုင်ငံမှာ အမျိုးသမီးတွေဟာ လျှို့လျှို့ဝှက်ဝှက် မြေအောက်လှုပ်ရှားမှုပုံစံနဲ့ အသက်အန္တရာယ်တွေကြားကနေ အမျိုးသမီးငယ်တွေကို စာပေ သင်ကြားပေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာဆိုလည်း နှစ်ပေါင်းများစွာ ဖိနှိပ်မှုကြားကနေ အမျိုးသမီးတွေဟာ ရက်စက် ကြမ်းကြုတ်မှုတွေကို အန်တုခဲ့တာကြောင့် သူတို့ရဲ့ ရဲစွမ်းသတ္တိတွေဟာ ကမ္ဘာမှာ အားကျစရာဖြစ်ခဲ့ပါတယ်။ အေစ့်ရောဂါ တိုက်ဖျက်ရေးမှာလည်း အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ အရေးပါခဲ့ပါတယ်။”

အမေရိကန် ပြည်ထောင်စုအနေနဲ့ကတော့ ၂၀၀၃ ခုနှစ်ကတည်းကဆိုရင် HIV ရောဂါပိုး ပျံ့နှံ့မှု ကာကွယ်ရေးအတွက် ဒေါ်လာ ဘီလီယံချီပြီး ကူညီ ထောက်ပံ့ခဲ့ပါတယ်။ ဒီလို ကူညီထောက်ပံ့ မှုတွေ၊ ဆေးဘက်ဆိုင်ရာ တိုးတက်မှုတွေ ရှိနေပေမယ့်လည်း HIV ရောဂါပိုးကူးစက်ခံရမှု အများဆုံးဖြစ်နိုင်ခြေ၊ လူမှုအဝန်းအဝိုင်းအချို့ ဖယ်ကျဉ်ခံရမယ့် အနေအထား စိုးရိမ်မှုတွေကလည်း ရှိနေတာပါ။

HIV ရောဂါပိုး ကူးစက်မှုကို ကာကွယ်တားဆီးဖို့ အဓိကအချက်ကတော့ ကမ္ဘာအနှံ့က လိင် လုပ်သားတွေ ပြည့်တန်ဆာတွေအကြား ရောဂါ ကာကွယ်ရေး အတွက် ထိုက်သင့်သလို ဆောင်ရွက် သွားနိုင်ဖို့ ဖြစ်တယ်လို့ အေ့စ်တိုက်ဖျက်ရေး မူဝါဒရေးဆွဲသူအချို့က ဆွေးနွေးကြပါတယ်။ သြစတြေးလျနိုင်ငံ Monash တက္ကသိုလ်က သုတေသီ Cheryl Overs ကတော့ ပြည့်တန်ဆာ လုပ်ငန်းတွေအကြား ဖြစ်နေတဲ့ အခြေအနေကို အတော်လေး စိုးရိမ်စရာဖြစ်တယ်လို့ ပြောပါတယ်။

“မလိုချင်ဘဲ ကိုယ်ဝန်ဆောင်မှုဖြစ်နိုင်တာ၊ လိင်ကဆင့် ရောဂါကူးစက်မှုတွေကို အကာအကွယ် မပေးနိုင်တဲ့ HIV နဲ့ပတ်သက်လို့ တစိတ်တပိုင်းပဲ အကာအကွယ်ပြုနိုင်တဲ့ နည်းတွေကို ကွန်ဒို (လိင်စွတ်တံ) အစားထိုး အသုံးပြုလာတာတွေဟာ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ လိင် လုပ်သားတွေ အတွက် အတော်ကို အန္တရာယ်ကြီးတဲ့ကိစ္စပါ။”

ပြည့်တန်ဆာတွေနဲ့ လိင်ဆက်ဆံလိုသူတွေဟာ ကွန်ဒို အသုံးပြုမှု မလိုလားကြတာကြောင့် ဒါဟာ လိင်လုပ်သားတွေအတွက် ဖိအားတရပ်ဖြစ်နေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။
နောက် ပြဿနာတရပ်ကတော့ ရောဂါကုသရေးအတွက် ARV ဆေးဝါးကို ထုတ်လုပ်သူတွေက မူပိုင်ခွင့် ပြုလုပ်ထားကြတဲ့ ပြဿနာပါ။ ဒီလို မူပိုင်ခွင့် ပြုလုပ်တာကြောင့် ဈေးသက်သက်သာသာနဲ့ ထုတ်လုပ်နိုင်မယ့် ကုမ္ပဏီတွေ ARV ဆေးထုတ်မရတာကြောင့် ဆေးကို ဈေးချဖို့ ကြိုးပမ်းကြရာမှာ ကြုံရတဲ့ အခက်အခဲတခုဖြစ်တယ်လို့ အေ့စ်တိုက်ဖျက်ရေးလုပ်ဆောင်နေသူတွေက ဒီ ညီလာခံအတွင်း ဆွေးနွေးခဲ့ကြပါတယ်။

မနေ့က အမျိုးသမီးနဲ့ အေ့စ်တိုက်ဖျက်ရေး ဆွေးနွေးပွဲမှာ သမ္မတဟောင်းဘွတ်ရ်ှ ကတော် လော်ရာ ဘွတ်ရ်ှ မိန့်ခွန်းပြော သလိုပဲ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုတင် သွင်းယူထားတဲ့ ဗီဒီယိုမိန့်ခွန်းကိုလည်း အဲဒီမှာ ပြသပါတယ်။ အေစ့်ရောဂါတိုက်ဖျက်ရေးမှာ မေတ္တာ၊ ဂရုဏာကိုအခြေခံတဲ့ လူ့အသိုင်းအဝိုင်းရဲ့ တုံ့ပြန်မှုဖြစ်ဖို့ လိုအပ်တဲ့ အကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောသွားပါတယ်။

“အေ့စ်ရောဂါအကြောင်း တကယ်ပဲ သိနားလည်လာမယ်ဆိုရင်တော့ လူသားတွေမှာရှိတဲ့ ဂရုဏာ တရားကို အခြေခံပြီးလုပ်ဆောင်သွားကြနိုင်မှာပါ။ မြန်မာ နိုင်ငံဟာ မေတ္တာ၊ ဂရုဏာတရားကို အခြေခံတဲ့ ဗုဒ္ဓဘာသာဝင် အများစုရှိတဲ့ နိုင်ငံပါ။ ဒါတွေပေါ် အခြေခံမယ်၊ ပြီးတော့ လူမှုအသိုင်းအဝိုင်း ပညာပေးမှု လုပ်မယ်ဆိုရင်တော့ ပြဿနာတရပ်ကို ဆန်းသစ်တဲ့အမြင်တဲ့ ချဉ်းကပ်နိုင်တဲ့ လူ့အဖွဲ့ အစည်းတရပ်ဖြစ်လာမယ်လို့ ကျမတော့ မျှော်လင့်ပါတယ်။ ဒါဆိုရင် အေ့စ်ရောဂါ လိုမျိုး ပြဿနာ တင်မဟုတ်ဘဲ အခြား ခွဲခြားဆက်ဆံခံရမှုသူတွေ၊ နစ်နာဒုက္ခရောက်ကြသူတွေ ကိစ္စကိုလည်း ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။”

အေစ့်ရောဂါတိုက်ဖျက်ရေးအတွက် WHO ကမ္ဘာကျန်းမာရေးအဖွဲ့ကြီးကတော့ လာမယ့် ၂၀၁၅ ခုနှစ်မှာ လူပေါင်း ၁၅ သန်းအတွက် အေ့စ်ရောဂါနဲ့ အသက်ကာကွယ်ဆေးရဖို့ ရည်မှန်းထားပါတယ်။ လက်ရှိအားဖြင့်တော့ ကမ္ဘာမှာ HIV ရောဂါပိုး ကူးစက်ခံနေရသူ ၃၄ သန်းရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်အတွင်းမှာတော့ အေစ့်ရောဂါကြောင့် လူပေါင်း ၁.၇ သန်း သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
XS
SM
MD
LG