သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Air Bagan လေယာဉ် မတော်တဆဖြစ်မှု လူနှစ်ဦးထက်မနည်းသေဆုံး


Air Bagan လေကြောင်းလိုင်းမှ ပျက်စီးသွားသော လေယာဉ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ။ ဟဲဟိုးမြို့၊ ရှမ်းပြည်နယ်၊ ဒီဇင်ဘာ ၂၅၊ ၂၀၁၂။
Air Bagan လေကြောင်းလိုင်းမှ ပျက်စီးသွားသော လေယာဉ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ။ ဟဲဟိုးမြို့၊ ရှမ်းပြည်နယ်၊ ဒီဇင်ဘာ ၂၅၊ ၂၀၁၂။
Air Bagan လေကြောင်းလိုင်းက လေယာဉ်တစင်းဟာ ဟဲဟိုးလေယာဉ်ကွင်းနား ကားလမ်းပေါ်မှာ ဆင်းသက်ရပြီးတော့ မီးလောင် ပျက်စီးခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ လူနှစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရတဲ့ ခရီးသည်တွေထဲ မှာ နိုင်ငံခြားသားခရီးသည်တွေလည်း ပါဝင်ပါတယ်။ ဒီလေယာဉ်မတော်တဆဖြစ်မှုနဲ့ပတ်သက်ပြီး အခုချိန်ထိ ရထားသမျှ သတင်းတွေကို စုစည်းပြီး ဗွီအိုအေရဲ့ ရန်ကုန်သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြထားပါတယ်။
Air Bagan လေကြောင်းလိုင်းမှ ဆိုးဆိုးရွားရွား ပျက်စီးသွားသော လေယာဉ်။ ဟဲဟိုးမြို့၊ ရှမ်းပြည်နယ်၊ ဒီဇင်ဘာ ၂၅၊ ၂၀၁၂။
Air Bagan လေကြောင်းလိုင်းမှ ဆိုးဆိုးရွားရွား ပျက်စီးသွားသော လေယာဉ်။ ဟဲဟိုးမြို့၊ ရှမ်းပြည်နယ်၊ ဒီဇင်ဘာ ၂၅၊ ၂၀၁၂။

ရန်ကုန်-မန္တလေး-ဟဲဟိုး ခရီးစဉ်ပျံသန်းသွားတဲ့ Air Bagan လေယာဉ်အမှတ် (W-9011) ဟာ ဒီဇင်ဘာလ ၂၅ ရက်၊ ခရစ္စမတ်စ်နေ့ မနက် ၈ နာရီ ၅၅ မိနစ်က ဟဲဟိုးလေယာဉ်ကွင်းနဲ့ ၂-မိုင်နီးပါးအကွာမှာ မတော်တဆမှု ဖြစ်ပွားခဲ့တာပါ။ ဖြစ်ရပ်အတွင်း လူနှစ်ဦးသေဆုံးခဲ့ရပြီး အဲဒီထဲမှာတဦးက လေယာဉ်ပေါ်မှာပါလာတဲ့ ဧည့်လမ်းညွှန် အမျိုးသမီးတဦးဖြစ်ပြီး နောက်တဦးကတော့ လေယာဉ်ဆင်းတဲ့အချိန် လမ်းပေါ်မှာ မော်တော်ဆိုင်ကယ်စီးပြီး သွားနေသူ အမျိုးသားတဦးတို့ ဖြစ်တယ် လို့ Air Bagan ရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး လေယာဉ်ဟာ မထိန်းနိုင်ဘဲ ပျက်ကျသွားတာလား၊ လေထဲမှာ ရှိနေတဲ့အချိန် အင်ဂျင်စက်တွေ ထိခိုက် ချို့ယွင်းတဲ့အတွက် လေယာဉ်မှူးက အရေးပေါ် ဆင်းလိုက်ရတာလား၊ ရာသီဥတု ဆိုးတဲ့အတွက် ပြေးလမ်းမှားဆင်း မိသွားတာလား စသည်အားဖြင့် အသေးစိတ်အချက်အလက် အတိအကျကိုတော့ မသိရသေးပါဘူး။
ဟဲဟိုးလေဆိပ်မှာ ဆင်းဖို့လုပ်တဲ့အချိန် မြူနှင်းတွေ ဖုံးလွှမ်းနေတာကြောင့် လေယာဉ်ပြေးလမ်းဘေး လယ်ကွင်းထဲ မှားဆင်းမိ တဲ့အတွက် လေယာဉ်အမြီးပိုင်းကျိုးပြီး မီးလောင်ခဲ့တာဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အင်တာနက် စာမျက်နှာမှာ တော့ ဖော်ပြထားပါတယ်။
Air Bagan လေယာဉ် မတော်တဆဖြစ့်ရပ်အတွင်း ဒဏ်ရာ ရရှိခဲ့သူ ခရီးသည်တဦး။ ဟဲဟိုး၊ ရှမ်းပြည်နယ်။ ဒီဇင်ဘာ ၂၅၊ ၂၀၁၂
Air Bagan လေယာဉ် မတော်တဆဖြစ့်ရပ်အတွင်း ဒဏ်ရာ ရရှိခဲ့သူ ခရီးသည်တဦး။ ဟဲဟိုး၊ ရှမ်းပြည်နယ်။ ဒီဇင်ဘာ ၂၅၊ ၂၀၁၂

လေယာဉ်ဟာ ဖော်ကာ F - 100 အမျိုးအစားဖြစ်ပြီး လေယာဉ်ပေါ်မှာ နိုင်ငံခြားသားတွေအပါအဝင် ခရီးသည် စုစုပေါင်း ၆၅ ဦး နဲ့ လေယာဉ်အမှူထမ်း ၆ ဦး လိုက်ပါသွားပါတယ်။
ခရီးသည်ကိုးဦးနဲ့ လေယာဉ်မှူးနှစ်ဦးအပါအဝင် စုစုပေါင်း လူ ၁၁ ဦးကို တောင်ကြီးမြို့က စဝ်စံထွန်းဆေးရုံမှာ တင်ထားပြီး တော့ ဒဏ်ရာရသူတွေထဲမှာ အမေရိကန်နိုင်ငံသား အမျိုးသားတဦး၊ အမျိုးသမီးတဦး၊ ဗြိတိန်နိုင်ငံသူတဦးနဲ့ ကိုရီးယားနိုင်ငံ သားတဦးတို့ ပါဝင်တယ်လို့လည်း Air Bagan ရဲ့ သတင်းထုတ်ပြန်ချက်ကဆိုပါတယ်။
လေယာဉ် မတော်တဆဖြစ်ရပ်နဲ့ပတ်သက်လို့ စုံစမ်း စစ်ဆေးသွားမှာဖြစ်ပြီးတော့ အခုလေယာဉ်ပေါ်ပါတဲ့ ခရီးသည်တွေထဲက ရန်ကုန်ပြန်ချက်တဲ့သူတွေ ပြန်နိုင်အောင် ထူးကုမ္ပဏီက စီစဉ်ပေးနေတယ်လို့ ဟဲဟိုးမှာရောက်နေတဲ့ ထူးကုမ္ပဏီရဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးသီဟက ဗွီအိုအေကိုပြောပါတယ်။
“နိုင်ငံခြားသားတွေကို ဒီမှာရှိတဲ့ ဟော်တယ်တွေကို ပို့ထားပါတယ်။ ရန်ကုန်ပြန်ချင်တဲ့ လူတွေ အားလုံးကိုလည်း ကျနော်တို့ ပြန်ပို့ဖို့လုပ်နေပါတယ်။ ပြီးတော့ နေချင်တဲ့လူတွေပေါ့နော်၊ အဲဒီ လူတွေအတွက်လည်း လိုက်လုပ်ပေးနေပါတယ်။”
ထူးကုမ္ပဏီဟာ Air Bagan လေကြောင်းလိုင်းရဲ့ မိခင်ကုမ္ပဏီဖြစ်ပါတယ်။
အခင်းဖြစ်ဖြစ်ချင်းဆိုသလိုပဲ Air Bagan ရဲ့ အရေးပေါ်အကူအညီပေးရေးအဖွဲ့က အခင်းဖြစ်တဲ့နေရာကို သွားရောက်ပြီး လိုအပ်တဲ့အကူအညီတွေ ဆောင်ရွက်ပေးနေတယ်လို့ ဦးသီဟက ပြောပါတယ်။
“မန္တလေးကနေ တက်လာပြီး ဟဲဟိုး အဆင်းမှာပါ၊ ပြေးလမ်းထိပ်နားမှာ accident ဖြစ်သွား တာပါ၊ အကြောင်းရင်းလည်း ကျနော်တို့ မသိသေးပါဘူးခင်ဗျ။”
အခုဖြစ်ရပ်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောဆိုမယ်လို့လည်း ဦးသီဟက ပြောပါတယ်။
Air Bagan လေကြောင်းလိုင်းဟာ မြန်မာနိုင်ငံမှာ ပြည်တွင်းလေကြောင်းခရီးစဉ်တွေ ပြေးဆွဲနေတဲ့ ပုဂ္ဂလိကလေကြောင်းလိုင်း ငါးခုထဲက တခုဖြစ်ပါတယ်။ လေကြောင်းလိုင်းရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ ထူးကုမ္ပဏီကိုပိုင်ဆိုင်သူကတော့ အရင် မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေနဲ့ နီးစပ်တယ်လို့ နာမည်ကြီးတဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးတေဇဖြစ်ပါတယ်။
XS
SM
MD
LG