သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Air Bagan လေကြောင်း ခရီးစဉ်တွေ ရုတ်တရက်ရပ်


မြန်မာနိုင်ငံတွင်း မြို့တော်တော်များများကို လေယာဉ်ခရီးစဉ်တွေ ပျံသန်းနေတဲ့ Air Bagan လေကြောင်းလိုင်းက တနင်္ဂနွေနေ့က ပျံသန်းမှု ခရီးစဉ်တွေကို ရုတ်တရက် ဖျက်ခဲ့တာကြောင့် ခရီးသည်တချို့ ဒုက္ခရောက်ခဲ့ကြပါတယ်။

Air Bagan လေယာဉ်တွေ မပျံသန်းတော့ပေမဲ့ သူနဲ့ ချိတ်ဆက်ထားတဲ့ Asia Wings လေကြောင်းလိုင်းအပြင် တခြားလေကြောင်းလိုင်း လေယာဉ်တွေနဲ့ လက်မှတ်ဝယ်ထားပြီးသား ခရီးသည်တွေကို တင်ပေးနေပါတယ်။ ဘာကြောင့် Air Bagan လေယာဉ်ခရီးစဉ်တွေ ဖျက်ခဲ့သလဲဆိုတာကို ဆက်သွယ်စုံစမ်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

တနင်္ဂနွေနေ့ မနက်ပိုင်းကစလို့ Air Bagan လေကြောင်းလိုင်းက ပြေးဆွဲနေတဲ့ လေယာဉ်ခရီးစဉ်တွေကို ရုတ်တရက် ရပ်လိုက်တယ်လို့ ခရီးသည်တွေနဲ့ ခရီးသွားလုပ်ငန်း လုပ်သူတွေက ပြောပါတယ်။ ရန်ကုန်ကနေ မန္တလေးကို သွားမယ့် ခရီးသည်တယောက်က ရန်ကုန် မင်္ဂလာဒုံ လေဆိပ်ရောက်မှ Air Bagan လေယာဉ်ခရီးစဉ်တွေကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်တယ်ဆိုတာကို သိရတယ်လို့ ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“မနက်က သူတို့ check-in လုပ်တော့လေ airline မန်နေဂျာက သူတို့ ဒီနေ့ခရီးစဉ် ဖျက်လိုက်ပြီပေါ့နော်။ ဆိုတော့ တခြား airline ကိုသွားပါ ဆိုပြီးတော့မှ Air Bagan နဲ့ Asia Wings နဲ့ပေါ့ အဲ့လိုပြောတော့ ဟိုဘက် airline တွေကို သွားတော့လည်း ဟိုဘက် airline က ဟာတွေကလည်း တခုမှ မရှိဘူးဖြစ်နေတယ်။ Booking က အကုန်ပြည့်နေတယ်။ ၃ ရက်စလုံး အကုန်ပြည့်နေတယ်။ ပြည့်နေတော့ နေ့လည်ရောက်တော့ sale agent တွေကိုမေးတော့ Air Bagan က တနှစ်လောက် နားမယ်လို့ ပြောတယ်လို့ ပြောနေတယ်ပေါ့နော်။ Air Bagan ရုံးကတော့ Confirm တော့ မပေးသေးဘူး။ ဒါပေမဲ့ Agent တွေကတော့ လောလောဆယ်မှာ သူတို့ဆီမှာ Booking ပြင်လို့မရတဲ့ အခြေအနေမှာ ဒီကနေ့ ရှိနေတယ်။”

ဒီကနေ့ တနင်္လာနေ့မှာလည်း ရန်ကုန်-ညောင်ဦး အသွားအပြန် Air Bagan ရဲ့ ခရီးစဉ်တွေအတွက် Air Mandalay လေကြောင်းလိုင်းနဲ့ ပြောင်းပြီး စီစဉ်ပေးထားတယ်လို့ မင်္ဂလာဒုံလေဆိပ်မှာရှိတဲ့ Air Bagan ဝန်ထမ်းတဦးက ဗွီအိုအေကို ပြောပါတယ်။

Air Bagan လေယာဉ်တွေအနေနဲ့ လွန်ခဲ့တဲ့နှစ်အတွင်း မတော်တဆ ဖြစ်ရပ်တွေရှိခဲ့ပြီး ပြီးခဲ့တဲ့ ဇူလိုင်လကလည်း ရန်ကုန်-မင်္ဂလာဒုံလေဆိပ်မှာ လေယာဉ်ဘီးချော်တဲ့ ပြဿနာဖြစ်ခဲ့တာပါ။ Air Bagan လေကြောင်းလိုင်းက လေယာဉ်ပျံတချို့ ပုံမှန် ကြံ့ခိုင် ဘေးကင်းမှု စစ်ဆေးတာတွေ လုပ်နေရတာရှိသလို ကျန်တဲ့လေယာဉ်တွေကလည်း ပျံသန်းလို့ မရတဲ့ အခြေအနေ ဖြစ်နေတာကြောင့် အခုလို လေယာဉ်ခရီးစဉ်တွေကို ယာယီရပ်ထားတာ ဖြစ်တယ်လို့ လေကြောင်းလိုင်းနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

Air Bagan ရဲ့ လေယာဉ်တွေ မပျံတော့ပေမဲ့ သူနဲ့ ခရီးစဉ်မျှဝေ Codeshare လုပ်ထားတဲ့ Asia Wings လေကြောင်းလိုင်းရဲ့ လေယာဉ်တွေနဲ့ ခရီးသည်တွေကို ပို့ဆောင်ပေးသွားမယ်လို့လဲ သိရပါတယ်။ အခုလို ခရီးစဉ်တွေ ယာယီရပ်ထားတာကို Air Bagan လေကြောင်းလိုင်းက တစုံတရာ ပြောခြင်း မရှိသေးပါဘူး။

Air Bagan လေကြောင်းလိုင်းကို လွန်ခဲ့တဲ့ ၈ နှစ်က အရင်စစ်အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အမေရိကန်အစိုးရရဲ့ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ခံထားရဆဲလည်း ဖြစ်ပါတယ်။ Air Bagan လေကြောင်းလိုင်းဟာ မြန်မာနိုင်ငံတဝှမ်း ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ပေါင်း ၂၀ နီးပါး ပျံသန်းပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတခု ဖြစ်ပါတယ်။

XS
SM
MD
LG