သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာသီဥတုဆိုးလို့ AirAsia လေယာဉ်ပျက်ကျ ရှာဖွေမှုနှောင့်နှေး


အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပင်လယ်ပြင်အတွင်း ပျက်ကျသွားခဲ့တဲ့ AirAsia လေယာဉ်ရဲ့ အဓိက ကိုယ်ထည်ရှိနေတဲ့ နေရာကို တွေ့ရှိထားပြီလို့ ယုံကြည်ရကြောင်း အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။

ရာသီဥတုဆိုးရွားတဲ့အတွက် လေယာဉ်ပေါ်ပါသွားတဲ့ ခရီးသည်တွေရဲ့ အလောင်းတွေကို ရှာဖွေဖို့ကတော့ အခက်အခဲတွေ ရှိနေဆဲ ဖြစ်ပါတယ်။ ပင်လယ်ပြင်အောက် ပေ ၁၀၀ ကနေ ၁၆၀ လောက်နက်တဲ့ ကြမ်းပြင်မှာ ပက်လက်လှန်ပြီး လဲကျနေတဲ့ လေယာဉ်ပုံစံကို ဆိုနာကတဆင့် ရယူထားတဲ့ပုံတွေမှာ တွေ့ရတယ်လို့ အရာရှိတွေက ပြောပါတယ်။

ဒါပေမဲ့ AirAsia အကြီးအကဲ Tony Fernandes ကတော့ ပင်လယ်ရေမျက်ပြင်အောက်မှာ လေယာဉ်နဲ့တူတဲ့ ရုပ်ပုံတချို့တွေ့ရပေမဲ့ အတည်ပြုလို့ မရသေးဘူးလို့ နောက်ပိုင်းမှာ လျော့ပေါ့ ပြောဆိုခဲ့ပါတယ်။

ရေသိပ်မနက်လှတဲ့ နေရာကနေ နောက်ထပ် အလောင်း ၄ လောင်းကို အာဏာပိုင်တွေက ဒီကနေ့ ထပ်မံ ရှာဖွေ တွေ့ရှိခဲ့တဲ့အတွက် စုစုပေါင်း ရှာဖွေတွေ့ရှိတဲ့အလောင်း ၇ လောင်း ရှိသွားပြီ ဖြစ်ပါတယ်။ တွေ့ရှိသူတချို့မှာ အဝတ်အစား အပြည့်ပါရှိသူရှိသလို တချို့လည်း မပါသလောက်ပဲလို့ ဆိုပါတယ်။

အမျိုးသမီးတဦးနဲ့ ဆယ်ကျော်သက်အရွယ် အမျိုးသားတဦးတို့ရဲ့ အလောင်းတွေကိုတော့ လေယာဉ် စတင် ပျံသန်းခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံ Surabaya မြို့ကို ပို့လိုက်ပြီလို့ ရဲအရာရှိ Bambang Hermanu က ပြောပါတယ်။ လေယာဉ်ပေါ်ပါသွားတဲ့ ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်း ၁၆၂ ယောက်ထဲက အသက်ရှင်ကျန်ရစ်သူ တယောက်မှ မတွေ့သေးပါဘူး။

လေယာဉ်ပျက်ကျသွားတယ်လို့ ယူဆရတဲ့ Borneo ကျွန်းအနီးမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတွေ တိုက်ခိုက်နေတဲ့အပြင် ရေလှိုင်းတွေကလည်း ၃ မီတာလောက်အထိ မြင့်နေတဲ့အတွက် လေကြောင်းကနေ အပြည့်အ၀ ရှာဖွေရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ အခက်အခဲတွေ ရှိနေကြောင်း ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအရာရှိတွေက ဒီကနေ့ ပြောပါတယ်။

XS
SM
MD
LG