သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အမျိုးသားပါတီတွင်း သဘောထားကွဲလွဲ 


သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ခေါင်းဆောင်များ။ မတ် ၆၊ ၂၀၁၆။(ဓါတ်ပုံ - Rakhine Daily News)
သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ခေါင်းဆောင်များ။ မတ် ၆၊ ၂၀၁၆။(ဓါတ်ပုံ - Rakhine Daily News)

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ခွင့် မရရင် အတိုက်အခံအဖြစ် ရပ်တည်မယ်ဆိုတာနဲ့ တိုင်းရင်းသားပါတီတွေ စုဖွဲ့ထားတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UNA နဲ့ မဟာမိတ်ဆက်ဆံရေးရပ်ဆိုင်းမယ်ဆိုတဲ့ ANP ရခိုင်အမျိုးသားပါတီရဲ့ ထုတ်ပြန်ချက်တွေကို သဘောမတူ လက်မခံကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ဘက်က ဒီကနေ့ ကန့်ကွက်ပြောဆိုလိုက်ပါတယ်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD နဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ RNDP တို့ ပူးပေါင်းထားတဲ့ ANP ရခိုင်အမျိုးသားပါတီရဲ့ ထုတ်ပြန်ချက်ကို ALD ဘက်က အခုလိုတုန့်ပြန်လိုက်တာပါ။ ဒီကနေ့ သတင်းစာရှင်းလင်းပွဲအပြီး ALD ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထားနဲ့ပတ်သက်လို့ ရခိုင်အမျိုးသားပါတီ ANP ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် လည်းဖြစ် ALD ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့အတွင်းရေးမှူး လည်းဖြစ်သူ ဦးမျိုးကျော်ကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလို ရှင်းပြပါတယ်။

ဦးမျိုးကျော်။ ။ အဓိက သဘောမတူတဲ့အချက်လို့ပြောမယ်ဆိုရင် ရခိုင်အမျိုးသားပါတီရဲ့ ထုတ်ပြန်ထားတဲ့ ၁/၂၀၁၆ မူလကတည်းကနေပြီးတော့ ဒီ CEC ရဲ့သဘောတူညီချက် မဟုတ်ပါဘူးခင်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ CEC မှာ ထုတ်ပြန်ချက်တခုခု ထုတ်ပြန်မယ်ဆိုရင် ကျနော်တို့ CEC ကနေပြီးတော့ ကျနော်တို့ပါတီဖွဲ့စည်းပုံအရပေါ့နော် တဝက်ကျော်တက်တဲ့ အစည်းအဝေးကမှသာ ။ အဲဒီ ၁/၂၀၁၆ ကျနေပြီးတော့ CEC ၇ ယောက်နဲ့ဘဲ ဆုံးဖြတ်ထားတာဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့က တရားမဝင်ပါဘူးဆိုတာလည်း ရှင်းပြချင်ပါတယ်။ အဲဒါကတချက် ။ နောက်တချက်ကလည်း ဘာလည်းဆိုတော့ အဲဒီမှာနေပြီးတောင်းဆိုထားတဲ့ဟာပေါ့ဗျာ တောင်းဆိုထားတဲ့ဟာကနေပြီးတော့ ပြည်နယ်မှာ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနေရာကို ကျနော်တို့ ANP ကနေယူမယ်။ ဒါက ကျနော်တို့လက်ခံပါတယ် ကျနော်တို့ အများစု နိုင်တာပါ။

နောက်တချက်ကလည်း လွှတ်တော် ပြည်နယ်မှာ ဝန်ကြီးချုပ်ယူမယ်၊ ဝန်ကြီးချုပ်မရရင် ကျနော်တို့က အတိုက်အခံ နဲ့ နေသွားမယ် မည်သည့် အစိုးရအဖွဲ့မှာလည်း ပူးပေါင်းပါဝင်မှုမရှိဘူးဆိုတာ ဒီကိစ္စက အရမ်းအရေးကြီးပါတယ်။ အဲဒီဟာက ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ နိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်အရပေါ့နော် ၂၀၁၀ ကနေပြီးတော့ ကျနော်တို့ နိုင်ငံဟာ ဒီမိုကရက်တစ်အုပ်စု၊ ဒီမိုကရေစီ နိုင်ငံ အဖြစ်ကို ပြောင်းလဲလာတယ် ဆိုပေမယ့် နိုင်ငံရေးအဝန်းအဝိုင်းမှာပေါ့ဗျာ ၂၀၁၀ ကနေ ၂၀၁၅ အထိကတော့ စစ်အစိုးရ အသွင်ပြောင်းတာပဲ ဖြစ်ပါတယ်။ ဒီကနေ့အချိန်မှာကနေပြီးတော့ ဒီမိုကရက်တစ်အုပ်စု ကနေပြီးတော့ တောင်ပြိုကမ်းပြို နိုင်ပြီးတော့ အစိုးရဖွဲ့ရမယ့် အနေအထားပါ။ သို့သော်လည်း အခုအချိန်အထိကတော့ လွှတ်တော်တော့ ပေါ်နေပါပြီ။ သို့သော် အစိုးရအဖွဲ့ အကျပ်အတည်းဖြစ်အောင်နေပြီးတော့ ဒီ statement ထုတ်လာတာဟာ ကျနော်တို့အနေနဲ့ စိုးရိမ်ပါတယ်။ အထိခိုက်မခံနိုင်ပါဘူး။ ထိခိုက်ပွတ်တိုက်မှုတွေ ကျနော်တို့ဖြစ်မှာကို စိုးရိမ်ပါတယ်။ ဒီအတွက်လည်း ကျနော်တို့အနေနဲ့ ဒီ statement ကို ပြန်ပြီးတော့ တုန့်ပြန်ရခြင်းဖြစ်ပါတယ်။

မဆုမွန်။ ။ ဟုတ်ကဲ့ပါ ဆရာ။ ဒီ ANP ပါတီ ရခိုင်အမျိုးသားပါတီက ပါတီနှစ်ပါတီပူးပေါင်းထားတဲ့ ပါတီဖြစ်လေတော့ အခုဆုံးဖြတ်ချက်ကို သဘောမတူဘူးဆိုတာက ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဘက်က သဘောမတူတာပါလား။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဘက်က သဘောမတူတာပါလား။

ဦးမျိုးကျော်။ ။ကျနော်တို့အခု ထုတ်ပြန်လိုက်တဲ့ဟာက ရခိုင်အမျိုးသားပါတီ ANPဘက်အနေနဲ့ ရခိုင်အမျိုးသားပါတီရဲ့ ထုတ်ပြန်ချက်ဖြစ်တဲ့ ၁/၂၀၁၆ နဲ့ ၂/၂၀၁၆ ကို သဘောမတူတဲ့ဟာကို ထုတ်ပြန်ရခြင်းဖြစ်ပါတယ်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဘက်က သဘောမတူတာပါ။

မဆုမွန်။ ။ ဟုတ်ကဲ့ပါ ဆရာ။ ဟုတ်ကဲ့။ အဲ့တော့ ဒီလိုရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဘက်က သဘောမတူဘူးဆိုတဲ့အချက်တွေကို ဆရာတို့ နှစ်ပါတီ ပူးပေါင်းထားတဲ့ ပါတီတွင်းမှာ အကြေအလည်ဆွေးနွေးခဲ့ပြီးပါပြီလား။ ပါတီဥက္ကဋ္ဌနဲ့ အတွင်းရေးမှူး ပေါ့နော်။ အခုထုတ်ပြန်တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဘက်က ဘယ်လောက်အထိများ ဆရာတို့ကို ကျေကျေလည်လည်ပေါ့နော် ပြန်လည်ဆွေးနွေးတဲ့ ရှင်းလင်းချက်တွေ ဘယ်လောက်အထိများ ရခဲ့ပါသလဲ။

ဦးမျိုးကျော်။ ။ ကျနော်တို့အနေနဲ့ တဖွဲ့တည်းသွားလို့ အားမဖြစ်ဘူးဗျာ။ နှစ်ဖွဲ့ပေါင်းလိုက်ရင်တော့ ကျနော်တို့ဟာ ၁ ကနေ ၂၊၃ ၊၄ ထိ ကျနော်တို့ အဲဒီလို အင်အားဖြစ်လာနိုင်တယ်ဆိုတာလည်း ကျနော်တို့ ယုံကြည်ပါတယ်။ အဖက်ဖက်မှာလည်း ကျနော်တို့နေပြီးတော့ ALD အနေနဲ့လည်း ကျနော်တို့မှာလည်း အားနည်းချက်ရှိတယ်။ဟိုဘက် RNDP အနေနဲ့ မှာလည်း အားနည်းချက်ရှိတယ်။ သို့သော် ၂ ဖွဲ့ပေါင်းလိုက်ရင် ကျနော်တို့ အားတရပ်ဖြစ်လာမယ်။ ရခိုင်ပြည်သူတွေလည်း လိုလားတယ်။ ရဟန်းသံဃာ တွေလည်းလိုလားတယ်။ ဒါကြောင့်ကျနော်တို့ ပေါင်းစည်းခြင်းဖြစ်တယ်။ အဲလိုပေါင်းစည်းတဲ့အခါမှာ တကယ်လို့ ကျနော်တို့ကနေပြီး ရှေ့ဆက်သွားတဲ့အချိန်မှာ ညီညီညွှတ်ညွှတ်နဲ့ ကျနော်တို့ ပေါင်းစည်းသွားမယ်ဆိုရင် ကျနော်တို့ရဲ့အနာဂတ် ကောင်းလာနိုင်တယ်ပေါ့ဗျာ။ အဲဒီအတွက်လည်း ကျနော်တို့က လိုလိုလားလားနဲ့ ပေါင်းစည်းတာပေါ့ဗျာ။

မဆုမွန်။ ။ ဆရာ အဲ့ဒီ့တော့ အခုနက မေးတဲ့မေးခွန်းပါပဲဆရာ။ ပါတီထဲမှာ သဘောမတူဘူးဆိုတဲ့ အချက်တွေကို ပြန်ပြီးတော့များ ကျေကျေလည်လည်ဖြစ်အောင် ဖြေရှင်းပေးခဲ့တာ ရှိပါလဲ။ ဆရာတို့ရော ဆွေးနွေးခဲ့ဖူးပါသလား။

ဦးမျိုးကျော်။ ။အမှန်ကတော့ ကျနော်တို့ ဒီကနေ့ပြန်ပြီးတော့ အဲဒီ ၁/၂၀၁၆ နဲ့ ၂/၂၀၁၆ အပေါ်မှာ ကျနော်တို့ သဘောမတူဘူး။ ဘယ်လိုလုပ်ရင်ဖြစ်မယ် ဆိုတာမျိုးတွေ ကျနော်တို့ follow up အနေနဲ့တော့ ထုတ်ပြီးတော့ သွားမယ့်အစီအစဉ်လေးတွေ ရှိပါတယ် ခင်ဗျာ။

မဆုမွန်။ ။ ဟုတ်ကဲ့ပါရှင်။ ဆရာတို့ဘက်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲလည်း လုပ်ခဲ့ပါတယ်။ တကယ်လို့ များ ရခိုင်အမျိုးသားပါတီ ANP အနေနဲ့ ဒီရပ်တည်ချက်အတိုင်း ဆက်လက်ဖော်ဆောင်သွားမယ်ဆိုရင် ဆရာတို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ဘက်က ရှေ့ဆက်နိုင်ငံရေး လုပ်ငန်းစဉ်တွေကို ဘယ်လိုဆောင်ရွက်သွားဖို့ရှိပါသလဲရှင်။

ဦးမျိုးကျော်။ ။ ဟုတ်ပါတယ်။ ကျနော်တို့ကတော့ အထူးသဖြင့် ပေါ့နော် ရခိုင်ပြည်သူတွေအတွက် အကျိုးဖြစ်နိုင်မယ့်ဟာမျိုးပေါ့ဗျာ။ ဒီကနေ့ ကျနော်တို့ statement တွေထုတ်ခဲ့တဲ့ဟာက ရခိုင်ပြည်သူတွေရဲ့ အကျိုးနဲ့မညီဘူး၊ ဆန့်ကျင်နေတယ်လို့ယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်ပြည်သူတွေက မဲပေးထားတဲ့ ကိုယ်စားလှယ်တွေ မည်သည့်အစိုးရအဖွဲ့ထဲမှာ မပါရ ဆိုတာ ကန့်သတ်ချက်အပေါ်၊ အဲဒီအထဲမှာ ကျနော်တို့ ရှေ့ဆက်ပြီး ဘယ်လိုသွားရမလဲဆိုတဲ့ဟာမျိုးတွေ ကျနော်တို့ ပြည်သူတွေကိုလည်း ချပြမယ်။ မီဒီယာကတဆင့်ပေါ့လေ။ ဒါပွင့်လင်းမြင်သာစွာနဲ့ ကျနော်တို့ရှေ့ဆက်ပြီးတော့ ကျနော်တို့ လုပ်ဆောင်မယ့်ဟာတွေလည်း ဆွေးနွေးဆုံးဖြတ်သွားတယ်။

မဆုမွန်။ ။ ဆရာ ကျေးဇူးတင်ပါတယ်။

ဦးမျိုးကျော်။ ။ကောင်းပါပြီ လိုအပ်ရင်လည်းမေးပါနော်။

ရခိုင်အမျိုးသားပါတီ ANP ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် လည်းဖြစ် ALD ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အတွင်းရေးမှူး လည်းဖြစ်သူ ဦးမျိုးကျော်ကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်ကဆက်သွယ်မေးမြန်းခဲ့တာပါ။

XS
SM
MD
LG