သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံအရေး ပြည်သူ့ဆန္ဒနားထောင်ဖို့ ဆုံးဖြတ်


ဖွဲ့စည်းပုံအခြေခံဥပဒေပြင်မလား၊အသစ်ဆွဲမလား ဆိုင်ရာအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲအတွင်းမှ ဒေါ်အောင်ဆန်းစုကြည်။ (စက်တင်ဘာ ၂၈၊ ၂၀၁၃)
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်မလား၊အသစ်ဆွဲမလား ဆိုင်ရာအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲအတွင်းမှ ဒေါ်အောင်ဆန်းစုကြည်။ (စက်တင်ဘာ ၂၈၊ ၂၀၁၃)
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံကို ပြင်ဆင်မလား၊ အသစ်ပြန်လည်ရေးဆွဲမလားဆိုတာနဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့ ဆန္ဒသဘောထားကိုရယူဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေက ဒီနေ့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ တိုင်းရင်းသားပါတီတွေကတော့ ပြင်ဆင်ဖို့ခက်ခဲလှတဲ့ ဖွဲ့စည်းပုံကို အသစ်ပြန်လည်ရေးဆွဲဖို့ အားသန်နေကြပါတယ်။၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်မလား၊ အသစ်ရေးဆွဲမလားဆိုတာနဲ့ပတ်သက်ပြီး NLD ရုံးမှာ ပြုလုပ်တဲ့ အစည်းအဝေး ကို ကိုယ်တိုင် သွားရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ ထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီအဖွဲ့အစည်းတွေ ပူးပေါင်းပြီး၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဒီကနေ့ ပြုလုပ်တဲ့ အစည်းအဝေးအတွင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ဦးစားပေးမလား၊ အသစ် ပြန်လည်ရေးဆွဲမလား ဆိုတာနဲ့ ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ရယူဖို့ သင့်မယ်ဆိုပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အကြံပေးတာကို အများသဘောတူ အတည်ပြုခဲ့ကြပါတယ်။

အသစ်ရေးဆွဲမလား ပြင်ဆင်မလား ဆိုတာကို ပြည်သူတွေကြားက အသံတွေ ကို နားထောင်ပြီးမှ ပြုလုပ်တာဟာ သင့်တော်တယ်ဆိုပြီး ဒီကနေ့ အစည်းအဝေးပွဲ မှာ ဆုံး ဖြတ်ခဲ့တဲ့ အကြောင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကော်မတီက တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ဗွီအိုအေကို ပြောပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ရေးမလား၊ ပြင်မလားဆိုတာကို ကျနော်တို့ဆွေးနွေးတယ်။ ပြီးခဲ့တဲ့ ၂၁ ရက်နေ့ကတည်းက ဆွေးနွေးတယ်။ တော်တော်များများကတော့ အသစ်ရေးဖို့ကိုပြောတယ်။ သို့သော်လည်း တချို့ကလည်း အသစ်ရေးရင် အဆင်ပြေပါ့မလား၊ ပြင်တာကများ နည်းနည်း အဆင်ပြေပြေဖြစ်နိုင်မလား၊ လွယ်ကူနိုင်မလားပေါ့လေ၊ နောက်တစ်ခါ ဒီမှာလည်း အခြေအနေကလည်း သိပ်ပြီးတော့ စိတ်တိုင်းကျ အခြေအနေမျိုး မဟုတ်သေးဘူးပေါ့လေ။ ဒီမိုကရေစီ တကယ့်ကိုပွင့်လန်းနေတဲ့ အနေအထားမျိုးမဟုတ်တော့ နည်းနည်းလေး ချင့်ချိန်တဲ့ဘက်ကလည်း ရှိတယ်ပေါ့ဗျာ။ အသစ်ရေးချင်တဲ့သူကလည်း ရှိတယ်။ ဒီနေ့အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က ပထမဦးဆုံးစပြီး သဘာပတိအဖွင့်မိန့်ခွန်းမှာ ပြောတယ်ပေါ့လေ။ မဖြစ်မနေ ပြင်ကိုပြင်ရမယ့်နေရာမှာ ပြင်စရာတွေကလည်း အရမ်းများနေတဲ့အခါကျတော့ တချို့က အသစ်ရေးမလား၊ ပြင်မလားဆိုတာကို ပြည်သူ့သဘောဆန္ဒကို ရယူပြီးတော့မှ ဆုံးဖြတ်တာကောင်းမယ်လို့ သူက အဲဒီလို လမ်းညွှန်တယ်။ လမ်းညွှန်ပြီး ဆွေးနွေးတဲ့အခါမှာလည်းပဲ ဒီနေ့ တိုင်းရင်းသားတွေ ဆယ်ပါတီလောက်တက်တယ်။ တက်တဲ့ပါတီတွေကလည်းပဲ ဒီအချက်ကို သဘောတူကြတယ်။”

ဖွဲ့စည်းပုံကို အသစ်ပြန်လည် ရေးဆွဲမလား၊ ပြင်ဆင်မလားဆိုတဲ့ကိစ္စဟာ အင်မတန်သိမ်မွေ့တဲ့ ကိစ္စဖြစ်တာကြောင့် ပြည်သူတွေရဲ့ ဆုံး ဖြတ်ချက်ကို ရယူဖို့ ဆုံး ဖြတ်ခဲ့တာ ဖြစ်တယ်လို့ ရခိုင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောပါတယ်။

အခုလို ၂၀၀၈ ဖွဲ့စည်းပုံ ပြင်မလား အသစ်ပြန်ရေးဆွဲမလား ဆိုတာကို ပြည်သူတွေဆီက အသံတွေရနိုင်အောင် အောက်တိုဘာလနဲ့ နိုဝင်ဘာလတွေ အတွင်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ တိုင်းနဲ့ပြည်နယ်တွေကို ကွင်းဆင်းပြီး ပြည်သူအသံတွေရယူဖို့ ပြင်ဆင်ထားတယ်လို့ ဦးကိုနီက ပြောပါတယ်။

“အခု အောက်တိုဘာနဲ့နိုဝင်ဘာ ၂ လအတွင်းမှာ ပြည်သူတွေကြားထဲကို ကွင်းဆင်းပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုကော်မတီ ၇ ယောက်က တစ်ယောက်ကို ပြည်နယ်၊ တိုင်း ၂ ခုပေါ့ဗျာ။ ပြည်နယ်တစ်ခု၊ တိုင်းတစ်ခု၊ သို့မဟုတ်လည်း ပြည်နယ်၂ ခုပေါ့။ အဲသလို တာဝန်ယူပြီးတော့ ဆင်းမယ်။ ဆင်းပြီးတော့မှ ခရိုင်မြို့နယ် ပုဂ္ဂိုလ်တွေနဲ့တွေ့ပြီး သူတို့ကနေတဆင့် သဘောထားနားထောင်ကြည့်မယ်ပေါ့ဗျာ။”

ပြည်သူတွေဆီက ရရှိထားတဲ့အသံတွေကို ၂၀၀၈ ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး အတွက် လွှတ်တော်က ဖွဲ့စည်းထားတဲ့ ၁၀၉ ဦးကော်မတီ ရဲ့ ၂၀၁၃ ဒီဇင်ဘာလ တင်ပြမဲ့ အစီရင်ခံစာ မတိုင်ခင် ပြီးစီးအောင် စာရင်းကောက်ယူပြီး ဖွဲ့စည်းပုံကို ပြင်သင့်လား၊ အသစ် ပြန်ရေးသင့်လားဆိုတာကို တင်ပြနိုင်အောင် ကြိုးစားသွားမှာ ဖြစ်တယ်လို့ ဦးကိုနီက ပြောပါတယ်။

ဖွဲ့စည်းပုံအသစ် ပြန်လည်ရေးဆွဲရေး ကြိုးစားနေတဲ့ တိုင်းရင်းသားတွေကတော့ ပြင်ဖို့ ခက်တဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်တာထက် အသစ် ပြန်ရေးတာကပိုပြီး လွယ်ကူနိုင်တာကြောင့် အသစ်ရေးဆွဲတဲ့ လုပ်ငန်စဉ်တွေကိုလည်း ဆက်လက်လုပ်ဆောင်မှာ ဖြစ်ပြီး ၂၀၁၄ ခုနှစ် အတွင်းမှာ ကျင်းပမဲ့ အားလုံးပါဝင်တဲ့ ညီလာခံ ကြီးအတွင်းမှာ ချပြသွားမယ်လို့ ဦးအေးသာအောင်က ပြောပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ အုပ်ချုပ်ရေး ပိုင်းအစိုးရရဲ့ ပါဝင်ဆောင်ရွက်မှုလည်း အရေးကြီးတယ်လို့ သြဂုတ်လ ၁၆ ရက်နေ့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက မီဒီယာနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ဘဲ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်မှာမဟုတ်ဘူး ဆိုပြီးတော့ စက်တင်ဘာ ၂၇ နဲ့ စက်တင်ဘာ ၂၈ ရက်နေ့တွေမှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံချိန်တွေမှာ ပြောပါတယ်။

စက်တင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်တဲ့ အစည်းအဝေးကို ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ ကမန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကယန်းအမျိုးသားပါတီ၊ ချင်းတိုးတက်ရေး ပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊တအာင်း(ပလောင်)အမျိုးသားပါတီ၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပအိုးဝ်အမျိုးသားအဖွဲ့ချုပ်၊ မွန်ဒီမို ကရေစီ ပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဝ အမျိုးသားစည်းလုံးညီညွတ်ရေးပါတီနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ခေါင်းဆောင်ပိုင်းတွေ တက်ရောက်ခဲ့တာပါ။

လက်ရှိပြဌာန်းထားတဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို အရင်စစ်အစိုးရ လက်ထက်မှာ ရေးဆွဲပြီး ပြည်သူတွေ နာဂစ်မုန်တိုင်းဒဏ် အကြီးအကျယ် ခံထားရချိန်မှာ ဆန္ဒခံယူပွဲလုပ်ခဲ့တာမို့ အကြီးအကျယ် နိုင်ငံတကာကပဲ ပြစ်တင်ဝေဖန်နေတာ ဖြစ်ပါတယ်ခင်ဗျား။
XS
SM
MD
LG