သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပညာရေးဥပဒေ ပြင်ဆင်ချက် မူကြမ်း အမျိုးသား လွှတ်တော် အတည်ပြု


အမျိုးသားလွှတ်တော်
အမျိုးသားလွှတ်တော်

အမျိုးသားပညာရေး ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်က အတည်ပြုပေးလိုက်ပါတယ်။ ဒါပေမဲ့ လက်ခံအတည်ပြုတဲ့အထဲမှာ ပညာရေးအသုံးစားရိတ် ၂၀% အထိ တိုးမြှင့်ပေးဖို့ တောင်းဆိုချက်နဲ့ အချက်အလက်တချို့ကို လက်မခံပဲ အတည်ပြုပေးလိုက်တာဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကျောင်းသားတွေ ပါဝင်ရေးဆွဲထားတဲ့ အမျိုးသားပညာရေးဥပဒေမူကြမ်းပါ အချက်အလက်တွေထဲက တဝက်လောက်ကို လက်ခံခဲ့ပြီး အရေးကြီးတဲ့ အချက်ဖြစ်တဲ့ ပညာရေး အသုံးစားရိတ်ကို ၂၀ရာခိုင်နှူံးထိ သုံးစွဲဖို့ ကိစ္စနဲ့ ပတ်သက်လို့ မူကြမ်းမှာ ပါဝင်ခြင်းမရှိတော့ပဲ အမျိုးသားလွှတ်တော်မှာ အတည်ပြုခဲ့တယ်လို့ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ဆိုပါတယ်။

“ပညာရေး အသုံးစားရိတ်ကို ငါးနှစ်အတွင်းမှာ ၂၀% အထိ တိုးမြှင့်ဖို့ဆိုတဲ့ကိစ္စ အဲ့တာလေးကတော့ မအောင်မြင်ဘူးဖြစ်သွားတာပေါ့နော်။ ၂၀% အထိဆိုတာကို သူတို့ လက်မခံတာပေါ့။ ကျနော်အပါအဝင် အခြားပုဂ္ဂိုလ်တော်တော်များများကတော့ ၂၀% အထိကို သဘောတူကြ သော်လည်းပဲ အများက သဘောမတူဘူးဖြစ်သွားတာပေါ့။ အများစုပေါ့နော်။ တပ်မတော်ဘက်က ဗိုလ်မှူးတစ်ယောက် တင်တဲ့ဥစ္စာက အောင်မြင်သွားတာပေါ့။ သူတို့က နှစ်အလိုက် ကို ငါးနှစ်အတွင်းမှာ ရာနှုံးတိုးမြှင့်ဖို့လောက်ပဲ သူတို့က တင်တယ်။ ဒါပေမဲ့ ၂၀% အထိဆိုတာကို ဖြတ်တာပေါ့။ ကျနော်တို့က ၂၀% အထိဆိုတာက အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီက သဘောတူပြီးပြီ။”

ဒီမူကြမ်းကို အမျိုးသားလွှတ်တော်မှာ အတည်ပြုခဲ့ပေမဲ့ ပြည်သ့ူလွှတ်တော်မှာ လက်မခံရင်လည်း ပြင်ဆင်ဖြည့်စွက်မှာတွေ ရှိလာနိုင်ပါတယ်လို့ ရန်ကုန်တိုင်းက လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာညိုညိုသင်းကလည်း ဆိုပါတယ်။

“အမျိုးသားလွှတ်တော်မှာတော့ ပြီးသွားတာပေါ့နော်။ ပြီးရင် ပြည်သူ့လွှတ်တော်ကို ပို့မှာလေ။ ပြည်သူ့လွှတ်တော်က အမျိုးသားလွှတ်တော်ပြောတဲ့အတိုင်း အတည်ပြုလိုက်ရင် ပြည်ထောင်စုလွှတ်တော်မှာ ငြင်းစရာ မလိုတော့ဘူး။ တကယ်လို့ အမျိုးသားလွှတ်တော်မှာ အတည်ပြုလိုက်တဲ့ဟာကို ပြည်သူ့ လွှတ်တော်မှာ တချို့အချက်တွေ ထပ်ပြင်တယ်။ သဘောထားကွဲလွဲတာတွေ ထွက်လာတယ် ဆိုရင် ပြည်ထောင်စု လွှတ်တော်မှာ နောက်ဆုံး ဆုံးဖြတ်ရမှာပေါ့နော်။ အဲ့တာကြောင့်မို့လို့ အဆင့်တွေကတော့ ကျန်ပါသေးတယ်။”

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်၂ရပ်လုံးက အတည်ပြုခဲ့ရင်တော့ ပြည်ထောင်စုလွှတ်တော်မှာ အငြင်းပွားဖွယ် မရှိပေမဲ့ ပြည့်သူလွှတ်တော်မှာလည်း ဒီဥပဒေနဲ့ ပတ်သက်လို့ အငြင်းပွားဖွယ်အခြေအနေ ရှိနိုင်တယ်လို့ ဒေါက်တာအေးမောင်က သုံးသပ်ပါတယ်။

“ပြည်သူ့လွှတ်တော်ဘက်မှာ ကျနော်တို့ ဘယ်လိုဖြစ်လာမလဲဆိုတာတော့ ကျနော်တို့ စောင့်ကြည့်ရမှာပေါ့။ ဒါပေမဲ့ ကျနော်သုံးသပ်တာက သဘောမတူဘူး တချို့ ပြည်သူ့လွှတ်တော်ဘက်မှာ ပေါ်လာနိုင်တယ်။ အဲ့လိုပေါ်လာပြီးမှ ပြည်သူ့လွှတ်တော် ဘက်က အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်ကို တခေါက်ပြန်ပို့မှာပေါ့။ ပြည်သူ့လွှတ်တော် ဘက်က ပြင်ဆင်လိုက်တာကို ဒီဘက်က သဘောမတူဘူးဆိုရင် အဲ့သဘောမတူတဲ့အချက်ကို ပြည်ထောင်စုလွှတ်တော်မှာ ထပ်ငြင်းကြ ခုန်ကြ ဖြည့်ကြ ဖြတ်ကြဦးမှာပေါ့။”

အတည်ပြုပြီးသားဖြစ်တဲ့ အမျိုးသား ပညာရေးဥပဒေနဲ့ ပတ်သက်လို့ ကျောင်းသားတွေ က ပြီးခဲ့တ ဲ့နိုဝင်ဘာလက စတင် သပိတ်မှောက်ခဲ့ပြီးနောက် အစိုးရဘက်က ၂လအတွင်း ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ ပါတယ်။ ဒီ၂လတာအတွင်းမှာ ကျောင်းသားတွေ တောင်းဆိုချက်တွေကို လျစ်လျုရူတဲ့ အတွက်ကြောင့် ဆိုကာ ခရီးရှည်ချီတက် သပိတ်မှောက်မယ်လို့ ကြေညာ လိုက်ပါတယ်။

ခရီးရှည် မချီတက်ခင်မှာပဲ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော် နယကကို သဝဏ်လွှာပ့ိုရမှာ အတည်ပြုပြီးသား အမျိုးသားပညာရေး ဥပဒေကို ပြည်ထောင်စု လွှတ်တော်ကနေ ပြန်လည် သုံးသပ်ပေးဖို့ ရေးသား ထားပါတယ်။ ဒီလိုနဲ့အပြန်အလှန် သဝဏ်လွှာတွေပေးပို့နေချိန်မှာပဲ အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ရေးတောင်းဆိုတဲ့ ကျောင်းသားသပိတ် စစ်ကြောင်းတွေ အရှိန်မြင့်လာခဲ့ပြီး ကျောင်းသားတွေ တောင်းဆိုတဲ့ ၄ပွင့်ဆိုင်ဆွေးနွေးပွဲတွေ လုပ်ပေးခဲ့ရပါတယ်။ ဒီဆွေးနွေးပွဲကနေ ပြင်ဆင်ရေးဆွဲထားတဲ့ မူကြမ်းကို ပညာရေးဝန်ကြီးဌာနကနေ တင်ပြခဲ့ပြီးနောက် အမျိုသားလွှတ်တော်ကနေ အခုလိုမျိုးပြင်ဆင်ပြီး အတည်ပြုခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG