သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်နဲ့ဆက်ဆံရေးအနေအထား ကန်ဝန်ကြီးရှင်းပြ


ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski (ယာ) နဲ့ ပစိဖိတ်ရေးရာ အမေရိကန် ဒုတိယတပ်မှူးကြီး Crutchfield (ဝဲ)
ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski (ယာ) နဲ့ ပစိဖိတ်ရေးရာ အမေရိကန် ဒုတိယတပ်မှူးကြီး Crutchfield (ဝဲ)

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာစစ်တပ်နဲ့ ထိတွေ့ဆက်ဆံဖို့ အချိန်ကျရောက်နေပါပြီလို့ အမေရိကန်လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး က ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနဲ့ ပြည်သူတွေ အားကိုးရမယ့် တပ်မတော်ဖြစ်အောင် အားပေးတဲ့ အနေနဲ့ သတိနဲ့ ဆက်ဆံသွားမှာဖြစ်တယ်လို့ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski က ဒီနေ့ပြောဆိုလိုက်တာပါ။ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနဲ့ အတူ လိုက်ပါလာတဲ့ ပစိဖိတ်ဒေသ ဆိုင်ရာ အမေရိကန် ဒုတိယတပ်မှူးကြီး Lt. General Anthony Crutchfield ကတော့ မြန်မာစစ်တပ်နဲ့ စစ်ရေးအရ ဆက်ဆံတာမဟုတ်ဘဲ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးစတဲ့ လူမှုရေးလုပ်ငန်းတွေအတွက် အာရုံစိုက်သွားမယ်လို့ ပြောပါတယ်။ ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကို (၈) ရက်ကြာခရီးရောက်ရှိနေတဲ့ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski က သူ့ရဲ့ဒီခရီးစဉ်အတွင်း အမေရိကန်စစ်ဘက်ဆိုင်ရာ အရာရှိကြီးတစ်ဦး လိုက်ပါလာတာနဲ့ပတ်သက်ပြီး ဝေဖန်သံတွေ ထွက်ပေါ်လာတဲ့အပေါ် အခုလို ရှင်းလင်းပြောဆိုပါတယ်။

“သတိနဲ့ ဆက်ဆံရမယ့်အချိန်ကျရောက်နေပါပြီ။ တကယ်တော့ HRW ကကျနော့်ရဲ့ မိတ်ဆွေဟောင်းတွေက ကျနော်တို့ ၂ ယောက် ဒီကို မလာခင်ကတည်းကပဲ ဒီခရီးစဉ်ကိုထောက်ခံကြပါတယ်။ ဒီခရီးစဉ်ရဲ့ရည်ရွယ်ချက်က မြန်မာစစ်တပ်ကို လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေး၊ အရပ်သားအစိုးရထိန်းချုပ်မှု စတာတွေနဲ့ ပတ်သက်ပြီး သဘောပေါက်အောင်ပြောဆိုကြဖို့ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ဆွေးနွေးမှုတွေ အားလုံးဟာ ဒီကိစ္စတွေကိုပဲ အဓိကအာရုံစိုက်ခဲ့တာဖြစ်ပါတယ်။ အနာဂတ်မှာ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ဖို့ အလားအလာတွေ ရှိပါတယ်။ မြန်မာစစ်တပ်အနေနဲ့ လူ့အခွင့်အရေးလေးစားလိုက်နာရေး၊ တရားဥပဒေစိုးမိုးရေး၊ အရပ်သားအစိုးရထိန်းချုပ်မှုစတာတွေကို ရှေ့ရှုလာဖို့တော့လိုပါတယ်။”

ဒီခရီးစဉ်အတွင်း မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့စဉ်မှာ မြန်မာစစ်တပ်က သိမ်းဆည်းထားတဲ့လယ်ယာမြေတွေကို ပိုင်ရှင်တွေထံ ပြန်လည်ပေးအပ်ရေးအပါအဝင် လူ့အခွင့်အရေး ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။ တပ်မတော်သားပီပီ နိုင်ငံကာကွယ်ရေးစွမ်းရည်၊ ကျင့်ဝတ်သိက္ခာကို တိကျလေးနက်စွာလိုက်နာရေး၊ လူ့အခွင့်အရေး လေးစားလိုက်နာမှု၊ မတူကွဲပြားမှုကို လက်ခံခြင်း၊ အရပ်သားထိန်းချုပ်မှုကို ထောက်ခံခြင်း စတဲ့ အမေရိကန်စစ်တပ်ရဲ့ ခံယူချက်တွေကိုလည်း ရှင်းလင်းပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski နဲ့အတူ လိုက်ပါလာတဲ့ ပစိဖတ်ဒေသဆိုင်ရာ အမေရိကန် ဒုတိယတပ်မှူးကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး Anthony Crutchfield မြန်မာနိုင်ငံ အမျိုးသား ကာကွယ်ရေး တက္ကသိုလ်မှာ ဂျွန်လ ၂၅ ရက်နေ့မှာ မိန့်ခွန်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအခမ်းအနားကို မြန်မာစစ်ဘက်ဆိုင်ရာ အရာရှိကြီးတွေ စိတ်ဝင်တစား တက်ရောက်တာ တွေ့ရလို့ အားရတဲ့အကြောင်း ပြောရင်း မြန်မာစစ်တပ်နဲ့ လတ်တလောဆက်ဆံရေးအပေါ်မှာ အခုလို ရှင်းလင်း ပြောဆိုပါတယ်။

“မြန်မာစစ်တပ်က အမေရိကန်စစ်တပ်နဲ့ တိုက်ခိုက်ရေးနဲ့ ပတ်သက်တဲ့ သင်တန်းတွေ လုပ်ဖို့မရှိပါဘူး။ စစ်လက်နက်တွေနဲ့ ပတ်သက်လို့လည်း ထိတွေ့ဆက်ဆံတာတွေမရှိပါဘူး။ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးပြောသလိုပါပဲ။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်ထွန်းမှုတွေပေါ်မူတည်ပြီး လောလောဆယ် အဖြစ်နိုင်ဆုံး ဆက်ဆံရေးကတော့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ သင်တန်းတွေ ပေးဖို့ပဲ ဖြစ်ပါတယ်။ လူထုခံစားနေရတဲ့ ဒုက္ခတွေလျော့ပါးအောင်ဘယ်လိုကူညီကြမလဲ။ တရားဥပဒေစိုးမိုးရေး၊ ကျင့်ဝတ်၊ လူ့ဂုဏ်သိက္ခာစတာတွေကို စာနာကြရေးစတာတွေကို ပဏမအနေနဲ့ ပညာပေးတဲ့ သင်တန်းတွေပေးဖို့ရှိပါတယ်။”

လူတိုင်းခံစားနိုင်တဲ့ အခြေခံအကျဆုံး လူ့အခွင့်အရေးတွေကို စစ်တပ်က လေးစားလိုက်နာခြင်း မရှိဘူးဆိုရင် အဲဒီလူ့အဖွဲ့အစည်းဟာ ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာမရှိဘူးဆိုတာကိုလည်း ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။ စစ်တပ်ဟာ လူ့အခွင့်အရေးကို မလေးစားရင် ပြည်သူလူထုကလည်း စစ်တပ်ကို လေးစားချစ်ခင်လိုစိတ် ရှိမှာမဟုတ်ဘူးလို့လည်း ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski နဲ့ အဖွဲ့ဟာ အမေရိကန်က စီးပွားရေးအရ ဒဏ်ခတ်ထားတဲ့ ဦးတေဇအပါအဝင် ပုဂ္ဂိုလ်တချို့နဲ့လည်း တွေ့ဆုံခဲ့ပြီး ပိတ်ဆို့မှု ဖြေလျော့ပေးဖို့အတွက် အဲဒီပုဂ္ဂိုလ်တွေရဲ့ ခြေလှမ်းတွေ၊ လုပ်ဆောင်ချက်တွေအပေါ်မှာပဲ မူတည်တဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တွမ် မာလန်နော့စကီးနဲ့အဖွဲ့ဟာ နေပြည်တော်ကိုသွားရောက်ခဲ့ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ တခြား တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ဘက်ကို သွားရောက်ခဲ့ပြီးတော့ နိုင်ငံရေးပါတီက အဖွဲ့အစည်းတွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်ရှင်။

XS
SM
MD
LG