သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်အရာရှိတွေနဲ့ ဆက်ဆံရေးစဖို့ အမေရိကန်ပြင်ဆင်


အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားရဲ့ မဟာဗျူဟာမြောက် ဆက်သွယ်ရေးနဲ့ မိန့်ခွန်းရေးသားခြင်းဆိုင်ရာ ဒုတိယ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် Ben Rhodes
အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားရဲ့ မဟာဗျူဟာမြောက် ဆက်သွယ်ရေးနဲ့ မိန့်ခွန်းရေးသားခြင်းဆိုင်ရာ ဒုတိယ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် Ben Rhodes
မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရေးမှာ အသိအမှတ်ပြုတာနဲ့ အရေးယူလုပ်ဆောင်တဲ့ နည်းလမ်းနှစ်သွယ်ကို ဆက် အသုံးပြုနေပြီး စစ်ဘက်နဲ့ ကနဦး ထိတွေ့ ဆက်ဆံမှုတွေလုပ်ဖို့ ပြင်ဆင်နေပြီလို့ အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားရဲ့ မဟာဗျူဟာမြောက် ဆက်သွယ်ရေးနဲ့ မိန့်ခွန်းရေးသားခြင်းဆိုင်ရာ ဒုတိယ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်က ပြောလိုက်ပါ တယ်။

အပြောင်းအလဲတွေ ရှေ့ဆက်ဖော်ဆောင်သွားမှသာ မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး ဒီ့ထက်ပိုပြီး နက်ရှိုင်းလာ မှာဖြစ်သလို အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးကိစ္စ အရေးကြီးတယ်ဆိုတာကိုလည်း ထောက်ပြပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒဟာ တချို့ဝေဖန်နေကြသလို ချီးမြှောက်တာချည်း သက်သက်မဟုတ်ဘဲ နည်း ဗျူဟာပိုင်း အထောက်အပံ့ပြုတာမျိုး ပိုဖြစ်ပြီး ကိစ္စရပ်တွေကို ရှေ့ဆက်ဆောင်ရွက်ဖို့ နည်းလမ်းကို ခွဲခြမ်းစိတ်ဖြာတဲ့နေရာမှာ ကူညီတာဖြစ်ပါတယ်လို့ သမ္မတအိုဘားမားရဲ့ မဟာဗျူဟာမြောက် ဆက်သွယ်ရေးနဲ့ မိန့်ခွန်းရေးသားခြင်းဆိုင်ရာ ဒုတိယ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဘန်န် ရုဒ်စ် (Ben Rhodes) က ပြောပါတယ်။

"ဇာတ်လမ်းက ဒီမှာပြီးသွားပြီလို့ ကျနော်တို့ ထင်နေတာမဟုတ်ပါဘူး။ ဇာတ်လမ်းက အခုမှစတယ်လို့ ကျနော်တို့ မြင်တာပါ။ လုပ်ဆောင်ရမယ့် အဆင့်တွေ အများကြီးကျန်ပါသေးတယ်။ ကျနော်တို့ရဲ့ ထိတွေ့ဆက်ဆံရေးကို တိုင်းတာသတ်မှတ် သွားမှာပါ။ ဥပမာအားဖြင့်ဆိုရင် စစ်ဘက်အရာရှိတွေနဲ့ တကယ့် ကနဦးအဆင့် ထိတွေ့ဆက်ဆံဖို့ ကျနော်တို့လုပ်နေပါတယ်။ ဒါပေမဲ့လည်း ပြုပြင်ပြောင်းလဲရေးမှာ တိုးတက်မှုတွေ ဆက်ရလာတာကို မတွေ့ရဘူး၊ အားလုံးပါဝင်တဲ့ ဒီမိုကရေစီလူ့အဖွဲ့အစည်း ကို တည်ဆောက်ဖို့၊ ဥပဒေပြုရေးဆိုင်ရာနဲ့ အခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေကို လုပ်ဖို့ ဆက်ပြီး အားထုတ်တာမျိုး ကျနော်တို့ မတွေ့ရဘူးဆိုရင်တော့ အဲဒီလိုဆက်ဆံရေးမှာ ပိုပြီး နက်ရှိုင်းတာမျိုးကို ကျနော်တို့ တွေ့ရမှာမဟုတ်ပါဘူး။" လို့ မစ္စတာ ဘန်န် ရုဒ်စ်က ပြောပါတယ်။
စစ်ဘက်အရာရှိတွေနဲ့ ဆက်ဆံရေးပိုင်းကို ကနဦးအဆင့် စပြီး တည်ဆောက်သွားဖို့ဆိုတာမှာ တကယ့် စစ်ရေးဆိုင်ရာ၊ စစ်လက်နက်ပစ္စည်းပိုင်းဆိုင်ရာ လေ့ကျင့်သင်တန်းပေးတာမျိုးတွေ လုံးဝမဟုတ်သေးပါဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်က် မစ်ချဲလ် (Derek Mitchell) က အခိုင်အမာပြောပါတယ်။

"လူလူချင်း အကူအညီပေးရေး ဆိုင်ရာကိစ္စရပ်တွေနဲ့ ဥပဒေတွေပိုင်း၊ အရပ်ဘက်က စစ်ဘက်ကို ထိန်းချုပ်တဲ့အပိုင်း၊ လူ့အခွင့်အရေးပိုင်း၊ ဒီမိုကရေစီနည်းကျ လူ့အဖွဲ့အစည်းတစ်ခုမှာ စစ်ဘက်ရဲ့ သင့်တင့်လျောက်ပတ်တဲ့ အခန်းကဏ္ဍ စတာတွေနဲ့ပတ်သက်ပြီး ထိတွေ့ဆက်ဆံသွားဖို့ လုပ်ငန်းစဉ်တစ်ရပ်ကို ကျနော်တို့ စတင်နေပါတယ်။" လို့ သံအမတ်ကြီး ဒဲရက်က် မစ်ချဲလ်က ပြောပါတယ်။

မြန်မာစစ်ဘက်အရာရှိကြီးတွေဟာ အခုအခါမှာ စစ်ဘက်ဝန်ထမ်းအလုပ်ကို တကယ့် ကျွမ်းကျင်တဲ့ အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခုအဖြစ်၊ စစ်တပ်ကို ကျွမ်းကျင် အသက်မွေးဝမ်းကြောင်း အဖွဲ့အစည်းတစ်ခုအဖြစ် ပြောင်းလဲဖို့ စိတ်အားထက်သန်နေ ကြပြီဆိုတာ ပြောထားဖူးတယ်လို့လည်း သံအမတ်ကြီးကပြောပါတယ်။

မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရေးမှာ ဒဏ်ခတ် ပိတ်ဆို့ အရေးယူခဲ့တာတွေကို လျှော့ပေါ့ရုပ်သိမ်းပေးတာလို အသိအမှတ်ပြုတာ တွေ လုပ်ခဲ့တာနဲ့အမျှ ဆက်ဆံရေးကို အမြဲ တိုင်းတာ သုံးသပ်ပြီး အရေးယူ လုပ်ဆောင်သင့်တာကို လုပ်သွားဖို့လည်း ပြင်ဆင် ထားပါတယ်လို့ မစ္စတာရို့ဒ်စ်က ပြောပါတယ်။

"အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး၊ ၂၀၁၅ ခုနှစ်မှာ လွတ်လပ် မျှတ တဲ့ရွေးကောက်ပွဲ၊ လူတိုင်းရဲ့အသံကို ကြားနိုင်မယ့် အားလုံးပါဝင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ် ဖော်ဆောင်တာတွေကို ကျနော်တို့ မတွေ့ရဘူးဆိုရင်တော့ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရေးအတွက် အမေရိကန်ပြည်ထောင်စုက လုပ်နိုင်တာ သိပ်နည်းသွားပါလိမ့် မယ်။ ကျနော်တို့ရဲ့ ထိတွေ့ဆက်ဆံရေးဟာ အဖွင့်ကနဦးပိုင်းမှာပဲ ရှိနေပါသေးတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ၊ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေ၊ စစ်ဘက်အချင်းချင်းနဲ့ နိုင်ငံရေးပိုင်းတွေအတွက် ကျနော်တို့ ဘယ်လောက်ထိ အထောက်အပံ့ပြုသွားမလည်း ဆိုတာကို နောက်လာမယ့်နှစ်နှစ်နဲ့ ဟိုဘက်ကာလတွေမှာ လုပ်ဆောင်မယ့် အဆင့်တွေအပေါ် အခြေခံပြီးတော့ ကျနော်တို့ တိုင်းတာသတ်မှတ်နိုင်ပါတယ်။" လို့ မစ္စတာရို့ဒ်စ်က ပြောပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအကြောင်းပြောရင် ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်ရေးကိစ္စက မပါမဖြစ်ပါ။ တရားမျှတတဲ့ ရွေးကောက်ပွဲတွေဖြစ်ဖို့ အခြေခံဥပဒေ ပြင်ဆင်ရေးဟာ အရေးကြီးတယ်လို့ အမေရိကန်ပြည်ထောင်စုက မြင်ပါတယ်။

"အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးကနေ မြန်မာလူထုအနေနဲ့ သူတို့ကြိုက်တဲ့လူကို သမ္မတအဖြစ် တင်နိုင်တယ်ဆိုတဲ့ ယုံကြည်မှု မျိုးရဖို့ သေချာစေရေးဟာ အရေးကြီးတယ်လို့ ကျနော်တို့ထင်ပါတယ်။ အဲဒါဟာ အားလုံးပါဝင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ် ဖြစ်ပေါ် ရေးကိုရော လူ့အခွင့်အရေးကို ထာဝရ အကာအကွယ်ပေးရေးကိုပါ အာမခံချက်ပေးပါတယ်။" လို့ မစ္စတာရို့ဒ်စ်က ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အခုရထားပြီးသား တိုးတက်မှုတွေကို ချက်ခြင်းလက်ငင်းမှာ ခြိမ်းခြောက်နေတာတွေနဲ့ ရေရှည်မှာ ခြိမ်းခြောက်နေ တာတွေရှိနေပြီး အခုချက်ခြင်း အလေးအနက်ထားပြီး ကိုင်တွယ်ရမှာကတော့ လူမှုအဖွဲ့အစည်းတွေအကြား အကြမ်းဖက် အခြေအနေတွေဖြစ်တယ်လို့ သူက ပြောပါတယ်။

ရေရှည်မှာရင်ဆိုင်ရမယ့် ခြိမ်းခြောက်မှုကတော့ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဆီ ဦးတည်တဲ့ ဥပဒေပြုရေးပိုင်း လုပ်ဆောင် ရမယ့်ကိစ္စပဲဖြစ်ပါတယ်လို့ သမ္မတ အိုဘားမားရဲ့ မဟာဗျူဟာမြောက် ဆက်သွယ်ရေးနဲ့ မိန့်ခွန်းရေးသားခြင်းဆိုင်ရာ ဒုတိယ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဘန်န် ရို့ဒ်စ်က ပြောသွားပါတယ်။
XS
SM
MD
LG